ချင်းပြည်နယ်တွင် ယခုအစိုးရလက်ထက် ​လေးနှစ်တာအတွင်း လမ်းတံတားကဏ္ဍ၌ ကျပ်သန်း ၄၇၀,၀၀၀ ​ကျော် သုံးစွဲခဲ့ဟုဆို

133

ချင်းပြည်နယ် တီးတိန်နှင့် ရိဒ်လမ်းပိုင်း တစ်နေရာအား တွေ့ရစဉ်။

က​လေး၊ ​အောက်တိုဘာ ၁၉

ယခင်က မြန်မာနိုင်ငံ၏ အဆင်းရဲဆုံးပြည်နယ်ဟု သတ်မှတ်ခံထားရသော ချင်းပြည်နယ်တွင် လက်ရှိအစိုးရလက်ထက် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ​လေးနှစ်တာကာလအတွင်း လမ်းတံတားကဏ္ဍ၌ ကျပ် ၄၇၁,၁၀၄ ဒသမ ၇ သန်း​ကျော် သုံးစွဲခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုသုတေသနလုပ်ငန်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခင်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း လမ်းတံတားကဏ္ဍအတွက် ကျပ် ၁၇၁,၁၂၈ ဒသမ ၃ သန်း သာ သုံးစွဲခဲ့သော်လည်း ယခုအစိုးရလက်ထက်တွင် ကျပ် ၄၇၁,၁၀၄ ဒသမ ၇ သန်း သုံးစွဲနိုင်ခဲ့ကာ ၂၀၁၆ ခုနှစ်မတိုင်မီအထိ ကတ္တရာကွန်ကရစ်လမ်း ခင်းကျင်းမှု လုံး၀မရှိခဲ့သည့် ချင်းပြည်နယ်တွင် ယခုအခါ AC ကတ္တရာ ၁၉ ဒသမ ၄ မိုင် ခင်းကျင်းနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မတိုင်မီအထိ ၀ ဒသမ ၆ မိုင်သာ ရှိခဲ့သော ကွန်ကရစ်လမ်း သီးသန့်ခင်းကျင်းမှုမှာလည်း ယခုအစိုးရလက်ထက်အတွင်း ၅၃.၂ မိုင် ခင်းကျင်းနိုင်ခဲ့ကြောင်း၊ ထို့ပြင် ကတ္တရာလမ်း သီးသန့်ခင်းကျင်းရာတွင်လည်း ၂၀၁၆ ခုနှစ်မတိုင်မီက ၃၈၅ ဒသမ ၄ မိုင် ခင်းကျင်းနိုင်ခဲ့ပြီး ယခု အစိုးရလက်ထက်တွင် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ​လေးနှစ်တာအတွင်း ၆၀၈ ဒသမ ၁ မိုင် ခင်းကျင်းနိုင်ခဲ့ကာ ကျောက်လမ်းသီးသန့်ခင်းကျင်းရာတွင် ၂၀၁၆ ခုနှစ်မတိုင်မီက ၁၈၇ ဒသမ ၃ မိုင် ခင်းကျင်းနိုင်ခဲ့ရာမှ ယခုအစိုးရလက်ထက်တွင် ၂၇၉ ဒသမ ၆ မိုင် ခင်းကျင်းနိုင်ခဲ့ကြောင်း လက်ရှိအာဏာရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ ဗဟိုသုတေသနလုပ်ငန်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖလမ်းမြို့မြင်ကွင်းတစ်​နေရာ။

ချင်းပြည်နယ်အတွင်း အမာခံလမ်း ခင်းကျင်းရာတွင် ၂၀၁၆ ခုနှစ်မတိုင်မီက ၁၇၉ ဒသမ ၀ မိုင် ခင်းကျင်းနိုင်ခဲ့သော်လည်း ယခုအစိုးရလက်ထက် ​လေးနှစ်တာအတွင်း ၃၂၆ ဒသမ ၇ မိုင် ခင်းကျင်းနိုင်ခဲ့သည့်အပြင် ကတ္တရာလမ်းချဲ့မှုများပါ မိုင်ပေါင်း သုံးရာကျော် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ထို့ပြင် ယခုအစိုးရလက်ထက် ​လေးနှစ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌လည်း ကတ္တရာကွန်ကရစ်လမ်း ၁ ဒသမ ၃ မိုင်၊ ကတ္တရာလမ်း ၂၆ ဒသမ ၀ မိုင်၊ ကျောက်လမ်း ၁၀၂ ဒသမ ၁ မိုင်၊ မြေလမ်း ၃၈၆ ဒသမ ၀ မိုင်၊ မြေလမ်းချဲ့ခြင်း ၆၀၂ ဒသမ ၀ မိုင် စသည်တို့ အဆင့်မြှင့်တင်ပေးနိုင်ခဲ့ကြောင်း အဆိုပါပါတီ ဗဟိုသုတေသနလုပ်ငန်းအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)
ဓါတ်ပုံ-ဖလမ်း(ပြန်/ဆက်)

LEAVE A REPLY

Please enter your comment!
Please enter your name here