ချင်းတွင်းမြစ်ကြောင်း ပြေးဆွဲလျက်ရှိသော အမြန်ရေယာဉ်များ ပြန်လည်ပြေးဆွဲခွင့်ပြုရန် ဝန်ကြီးချုပ်ထံ တင်ပြထားဟုဆို

189

 

ကလေး၊ အောက်တိုဘာ ၂၆

ချင်းတွင်းမြစ်ကြောင်းအတွင်း ပြေးဆွဲလျက်ရှိသော ခရီးသည်တင်အမြန်ရေယာဉ်များ Covid-19 ကပ်ရောဂါကြောင့် ရပ်နားထားရသည်မှာ နှစ်လနီးပါးရှိနေပြီဖြစ်သည့်အတွက် ပြန်လည်ပြေးဆွဲခွင့်ပြုရန် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ထံ တင်ပြထားကြောင်း အမြန်ရေယာဉ်အသင်းများမှ စုံစမ်းသိရသည်။

“အောက်တိုဘာ ၂၂ ရက်ကပဲ အမြန်ရေယာဉ်အသင်းတွေ စုပေါင်းလက်မှတ်ထိုးပြီး တိုင်းဝန်ကြီးချုပ်ဆီ တင်ပြထားတယ်၊ ရေကြောင်းဦးစီးဌာနက တစ်ဆင့်ပေါ့၊ အခုချိန်ထိတော့ စာပြန်လာတာ မရှိသေးဘူး” ဟု ရွှေနဒီအမြန်ရေယာဉ်အသင်းမှ ဂိတ်တာဝန်ခံ ကိုမျိုးက ပြောကြားသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ အခြေပြု၍ အထက်ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်သို့ ပြေးဆွဲနေသော ခရီးသည်တင်ရေယာဉ် ၁၁ သင်းရှိကာ အဆိုပါအသင်းများရှိ ရေယာဉ်များအားလုံး ပြေးဆွဲမှုရပ်နားထားရသည်မှာ နှစ်လနီးပါးရှိနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် ရေယာဉ်များကို မှီခို၍ အသက်မွေးဝမ်းကျောင်းပြုနေသော ရေယာဉ်လုပ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များအား အလုပ်အကိုင်အခွင့်အလမ်း ပြန်လည်ရရှိစေရန် အမြန်ရေယာဉ်များကို ပြန်လည်ပြေးဆွဲခွင့်ပေးစေလိုကြောင်း အဆိုပါရေယာဉ်အသင်းပိုင်ရှင်များက တညီတညွတ်တည်း ပြောကြားသည်။

“ပြန်လည်ပြေးဆွဲခွင့်ပေးဖို့တောင်းဆိုတာကလည်း အခုဟာ စားဝတ်နေရေးအခက်အခဲဖြစ်လာတဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းလေးရအောင်ဆိုပြီး တောင်းဆိုတာပါ၊ တကယ်လို့ ပြေးဆွဲခွင့်ရမယ်ဆိုရင်လည်း ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်တွေ လိုက်နာပြီး ပြေးဆွဲသွားမှာ” ဟု မုံရွာ-ခန္တီးပြေးဆွဲနေသော အမြန်ရေယာဉ်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ပြန်လည်ပြေးဆွဲခွင့်ပေးပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ရေယာဉ်ကို အစုန်/အဆန် ခရီးစဉ်တစ်ကြောင်း ခုတ်မောင်းပြီးတိုင်း ပိုးသတ်ဆေးဖျန်းခြင်း၊ ရေယာဉ်ပေါ်နှင့် ဂိတ်များတွင် ကျန်းမာရေးအသိပေး ပိုစတာများ ကပ်ထားခြင်း၊ ခရီးသည်များအတွက် ရေယာဉ်ပေါ်တွင် လက်သန့်ဆေးဘူးများနှင့် Mask များ ထားရှိခြင်း၊ အသင်းတိုင်းရှိ ဂိတ်တိုင်းတွင် အပူချိန်တိုင်းစက်များထားရှိ၍ လိုက်ပါစီးနင်းမည့် ခရီးသည်များအား အပူချိန်တိုင်းတာခြင်း၊ Social Distancing အရ သတ်မှတ်ခွင့်ပြုဦးရေ၏ တစ်ဝက်သာ တင်ဆောင်ခြင်းတို့ကို လမ်းညွှန်ချက်များအတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမြန်ရေယာဉ်အသင်းများ၏ တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တင်ပြသည့်စာတွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရီးသည်တင် ယာဉ်လိုင်းများနှင့် ချင်းတွင်းမြစ်ကြောင်းသွား ရေယာဉ်များအားလုံးကို ယခု Covid-19 ဒုတိယလှှိုင်းကာလ၌ စက်တင်ဘာ ၁၇ ရက်မှစ၍ ယာယီရပ်နားခိုင်းခဲ့ပြီး ကုန်စည်စီးဆင်းမှုအတွက် ကုန်တင်ကားများနှင့် ကုန်စည်ရေယာဉ်များသာ ပုံမှန်ပြေးဆွဲခွင့်ပြုခဲ့ကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ကလေး၀မြို့အနီးရှိ ချင်းတွင်းမြစ်ကြောင်း တစ်နေရာအား တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here