ချင်းတောင်ပေါ်သို့ ၁၀ ဘီးနှင့် ၁၂ ဘီးကားကြီးများအား စတင်သွားလာခွင့်ပြု

111

 

ကလေး၊ နိုဝင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှ ချင်းပြည်နယ် တီးတိန်-ရိဒ်နယ်စပ်အပါအဝင် ကလေး-ဖလမ်း၊ ဟားခါး စသော မြို့များသို့ ၁၀ ဘီးနှင့် ၁၂ ဘီးကားကြီးများကို ယခုနိုဝင်ဘာလဆန်းပိုင်းမှစ၍ စတင်သွားလာခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကလေးမြို့အခြေစိုက် ကုန်စည်ပို့ဆောင်ရေးဂိတ်များထံမှ သိရသည်။

“ချင်းတောင်ပေါ်မှာက မိုးတွင်းဆို တောင်ပြိုတာတွေနဲ့ အန္တရာယ်တအားများတဲ့အတွက် ၁၀ ဘီးကား၊ ၁၂ ဘီးကားတွေကို ပိတ်ထားလေ့ရှိတယ်၊ ပွင့်လင်းရာသီပဲ သွားလာခွင့်ပေးတယ်ပေါ့၊ အခုတော့ ပွင့်လင်းရာသီအပိုင် းစရောက်ပြီဆိုတော့ စသွားလို့ရပါပြီ”ဟု ကလေးမြို့အခြေစိုက် ပန်းချယ်ရီ ကုန်စည်ပို့ဆောင်ရေးဂိတ် ဖွင့်လှစ်ထားသူ ကိုအောင်ကျော်စိုးက ပြောကြားသည်။

ကလေးမြို့မှ ချင်းတောင်ပေါ်ရှိ မြို့များသို့ ကုန်စည်ပို့ဆောင်ရေးအတွက် ကုန်သွယ်မှုပြုရာတွင် မိုးတွင်းကာလ၌ ခြောက်ဘီးနှင့်အောက် ကုန်တင်ယာဉ်များ၊ မော်တော်ယာဉ်များသာ သွားလာခွင့်ပေးခဲ့ပြီး ယခု နိုဝင်ဘာလဆန်းပိုင်းမှသာ ၁၀ ဘီးနှင့်အထက် ကုန်တင်ယာဉ်များအားလုံး ပြန်လည်သွားလာခွင့်ရရှိကြောင်း၊ ယခုအခါ ၁၀ ဘီးနှင့်အထက် ကုန်တင်ယာဉ်များ ပြန်လည်သွားလာခွင့်ပေးသော်လည်း အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်မှုပြုသည့် ရိဒ်နယ်စပ်မှာ Covid-19 ကပ်ရောဂါကြောင့် ပိတ်ထားဆဲဖြစ်သောကြောင့် ကုန်စည်ရရှိမှုမှာလည်း အလွန်နည်းပါးကြောင်း ကလေး-ရိဒ်ပြေးဆွဲနေသော ကုန်စည်ပို့ဆောင်ရေးဂိတ်များထံမှ သိရသည်။

“၁၂ ဘီးကားကြီးတွေ သွားလာခွင့်ပေးလည်း ကုန်စည်မရှိတော့ လုပ်ကိုင်ရတာ အဆင်မပြေဘူးပေါ့၊ အဓိက အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်ဘက်က ဝယ်လိုအားကို အားထားရတာကိုး၊ အခုကျတော့ နယ်စပ်ကုန်သွယ်ရေးဂိတ်က ပိတ်ထားတော့ ချင်းတောင်ပေါ်က မြို့တွေက မှာယူတဲ့ လူသုံးကုန် စားသောက်ကုန်လောက်ပဲ ပို့ကြရလို့ တစ်ရက်မှ ကားတစ်စီးလောက်ပဲ ထွက်ရတယ်” ဟု ကလေး-ချင်းတောင် ၁၂ ဘီးကားမောင်းနေသူ ဦးအာကာက ဆိုသည်။

ယခုအခါ ချင်းတောင်ပေါ်သို့ ၁၀ ဘီးနှင့် ၁၂ ဘီးကားများ စတင်သွားလာခွင့်ရရှိပြီဖြစ်သော်လည်း မံဆောင်းတံတားတွင် ကုန်တန်ချိန် ၁၆ တန်သာ ခွင့်ပြုထားသဖြင့် ကုန်ပစ္စည်းများ တစ်ဆင့်ကဲ့၍ သွားလာရသောကြောင့် ကုန်စည်တန်ဆာခများမှာလည်း ယခုနိုဝင်ဘာလအတွင်း ကျဆင်းနိုင်ဦးမည်မဟုတ်ကြောင်း ဒေသခံကုန်သည်များက ပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ-Kalay Volunteer

LEAVE A REPLY

Please enter your comment!
Please enter your name here