ချင်းတောင်ပေါ်သို့ ခရီးသည်တင်ကားများနှင့်အပြိုင် ကုန်စည်လု၍ တင်ဆောင်နေရသောကြောင့် ကုန်စည်တန်ဆာခများ ဈေးကောင်းမရဟုဆို

77

 

ကလေး၊ နိုဝင်ဘာ ၁၂

ကလေးမြို့မှ ချင်းတောင်ပေါ်ရှိ တီးတိန်၊ ဖလမ်း၊ ဟားခါး၊ တွန်းဇံ၊ ရိဒ် စသည့် ချင်းပြည်နယ်မြောက်ပိုင်းရှိမြို့များသို့ ကုန်စည်ပို့ဆောင်ရာတွင် ယခုအခါ ခရီးသည်တင်ကားများကပါ ကုန်စည်သီးသန့်ဖြင့် ပြေးဆွဲနေသဖြင့် ၁၀ ဘီး၊ ၁၂ ဘီး စသည့် ကုန်တင်ကားကြီးများမှာ ကုန်စည်တန်ဆာခများ ဈေးကောင်းမရတော့ကြောင်း ကလေးမြို့အခြေစိုက် ကုန်စည်ပို့ဆောင်ရေးဂိတ်များထံမှ စုံစမ်းသိရှိရသည်။

“ချင်းတောင်ပေါ်တက်တဲ့ ခရီးသည်တင်ကားတွေကလည်း ဒီကာလမှာ ခရီးသည်မရှိတော့ လုပ်ငန်းလေး ပုံမှန်လည်ပတ်နိုင်အောင်ဆိုပြီး ကုန်ပစ္စည်းသီးသန့်နဲ့ သွားလာကြတယ်ပေါ့၊ အဲဒီအချိန်မှာ ကုန်တင်ကားတွေမှာ ကုန်စည်ရတာ နည်းသွားတယ်၊ သူတို့တွေနဲ့ လုတင်ရသလိုဖြစ်သွားတာပေါ့၊ အဲဒီမှာ တန်ဆာခက မှန်းသလောက်မရတော့ဘူး၊ ဈေးကောင်းမရတော့ဘူးပေါ့” ဟု ကလေး-ရိဒ် ပြေးဆွဲနေသော ပန်းချယ်ရီ ကုန်စည်ပို့ဆောင်ရေးဂိတ်ပိုင်ရှင် ကိုအောင်ကျော်စိုးက ပြောကြားသည်။

ချင်းပြည်နယ်မြောက်ပိုင်းတွင် Covid-19 ပိုးတွေ့လူနာ နည်းပါးသော်လည်း ယခုကာလသည် Covid-19 ပိုးကူးစက်ခံရမည်စိုးရိမ်ကြသဖြင့် ခရီးသွားလာသူ မရှိသလောက်နည်းပါးလျက်ရှိကြောင်း၊ ထို့ကြောင့် ခရီးသည်တင်ကားများမှာ ကုန်သည်များနှင့်ချိတ်ဆက်၍ ကုန်ပစ္စည်းသီးသန့်တင်ဆောင်ကာ ချင်းပြည်နယ်မြောက်ပိုင်းရှိ မြို့များသို့ နေ့စဉ်နှင့်အမျှ ပို့ဆောင်ပေးနေသောကြောင့် ၁၀ ဘီး၊ ၁၂ ဘီးကားကြီးများဖြင့် ပြေးဆွဲလျက်ရှိသော ကုန်စည်ပို့ဆောင်ရေးဂိတ်များမှာ ကုန်တန်ဆာခများကို ကုန်သည်များနှင့် ညှိနှိုင်း၍ အဆင်ပြေသလို တင်ဆောင်ပြေးဆွဲနေရကြောင်း ချင်းတောင်တက်ကုန်ကားများထံမှ စုံစမ်းသိရသည်။

“ဒီကာလက အပြန်အလှန်နားလည်ပေးရမယ့်ကာလ ဖြစ်နေတာကိုး၊ ခရီးသည်တင်ကားတွေ အဲဒီလိုကုန်ပစ္စည်းတွေနဲ့ပြေးနေလို့လည်း အပြစ်သွားတင်လို့ မရဘူးလေ၊ သူတို့လည်း လုံးဝရပ်နားထားရရင် စားဝတ်နေရေးအခက်တွေ့နိုင်တော့ နားလည်ပေးရတာပေါ့၊ သူတို့လည်း ကုန်ပစ္စည်းတွေနဲ့သာ ပြေးနေတာ တကယ်တမ်းတော့ အမြတ်မကျန်ဘူး၊ စားဖို့သောက်ဖို့နဲ့ လုပ်ငန်းလေး အဆက်မပြတ်လည်ပတ်နိုင်ရုံ ပြေးနေကြရတာပေါ့၊ ကျွန်တော်တို့ ကုန်ကားတွေဘက်မှာတော့ အရင်လို တန်ဆာခကို ဘယ်လောက်ဈေးနဲ့ဖြတ်မယ်ဆိုပြီး တစ်သမတ်တည်း ပြောလို့မရတော့ဘူး၊ ကုန်သည်တွေနဲ့ ကားသမားတွေနဲ့ အဆင်ပြေသလို ညှိနှိုင်းပြီးမှ သွားလာနေရတယ်” ဟု ကလေး-ရိဒ် သွားလာနေသူ ကုန်ကားဒရိုင်ဘာ ကိုနဂါးက ဆိုသည်။

ကလေး-ရိဒ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွင်မူ နိုဝင်ဘာ ၁၂ ရက်၌ ကွမ်းသီးတစ်ပိဿာ ၆၅ ကျပ်ဝန်းကျင် တန်ဆာခ ဈေးပေါက်သော်လည်း အခြားစားသောက်ကုန်နှင့် လူသုံးကုန်များမှာ ကုန်သည်များနှင့် အဆင်ပြေသလို ညှိနှိုင်း၍ ပို့ဆောင်ပေးနေရကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူများက တညီတညွတ်တည်းပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)
အိန္ဒိယ-မြန်မာနယ်စပ် ရိဒ်ခေါ်ဒါရ်မြို့တွင် ကုန်ပစ္စည်းများ တင်ဆောင်နေသော ဂျစ်ကားအချို့ကို Covid-19 မဖြစ်ပွားမီကာလက တွေ့ရစဉ်။

LEAVE A REPLY

Please enter your comment!
Please enter your name here