ချင်းတောင်တက်မည့် ကား၊ ဆိုင်ကယ်များအား ခိုင်ကမ်းစစ်ဆေးရေးဂိတ်တွင် အရှိန်အဟုန်မြင့် တိုးမြှင့်ကြပ်မတ်

98

 

ခိုင်ကမ်း၊ နိုဝင်ဘာ ၂၀

ချင်းပြည်နယ်အတွင်း Covid-19 ပိုးတွေ့လူနာ များပြားလာသည့်အတွက် ချင်းတောင်တက်မည့်ကား၊ ဆိုင်ကယ်များကို ခိုင်ကမ်းစစ်ဆေးရေးဂိတ်တွင် နိုဝင်ဘာ ၁၈ ရက်မှစ၍ စစ်ဆေးမှုများအား အရှိန်အဟုန်မြင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ခိုင်ကမ်းမြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ထိုသို့ အရှိန်အဟုန်မြင့် တိုးမြှင့်ကြပ်မတ်ရာတွင် နယ်မြေခံရဲ၊ ကျန်းမာရေးဌာန၊ မီးသတ်တပ်ဖွဲ့ စသည့် ဌာနများသာမက နယ်မြေခံတပ်ရင်းမှ တပ်မတော်ကပါ ကူညီဆောင်ရွက်ပေးနေပြီး ကျန်းမာရေးစစ်ဆေးခြင်း၊ လူဝင်လူထွက် စစ်ဆေးခြင်းနှင့် ခရီးသွားမှတ်တမ်းကောက်ယူခြင်း စသည်တို့ကို လုပ်ဆောင်နေကြောင်း၊ ခိုင်ကမ်းမြို့မှတစ်ဆင့် အိမ်စီးကား၊ ဆိုင်ကယ်၊ ခြေလျင်ဖြင့် ချင်းပြည်နယ်သို့ သွားရောက်မည့်သူများအနေဖြင့် ကျန်းမာရေးဦးစီးဌာန ထောက်ခံချက်နှင့် ကျေးရွာ၊ သို့မဟုတ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်ပါရှိရမည်ဖြစ်ပြီး ဟားခါး၊ ဖလမ်း၊ ထန်တလန်မြို့များသို့ သွားရောက်မည့် ခြောက်ဘီးနှင့်အထက် ကုန်တင်ယာဉ်များမှာလည်း ကျန်းမာရေးဦးစီးဌာန ထောက်ခံချက်နှင့် ကျေးရွာ၊ သို့မဟုတ် အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်ဖြစ်ကာ တီးတိန်၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်မြို့များသို့ သွားရောက်မည့် ခြောက်ဘီးနှင့်အထက် ကုန်တင်ယာဉ်များအနေဖြင့် Covid-19 ပိုးရှိမရှိ Test Kit နှင့်စစ်ဆေးပြီး Negative ဖြစ်ကြောင်း ၇၂ နာရီအတွင်း စစ်ဆေးထားသည့် ထောက်ခံချက်ပါရှိမှသာ ခိုင်ကမ်းမြို့သို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း အဆိုပါကော်မတီမှ ထပ်မံသိရသည်။

လတ်တလောတွင် ကလေးမြို့မှ ရိဒ်နယ်စပ်သို့ သွားရောက်မည့် ကုန်စည်ပို့ဆောင်ရေးကားများကိုမူ ကလေးမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးကော်မတီက ထုတ်ပေးသော လျှောက်လွှာစာရွက်ပါရှိမှသာ ချင်းပြည်နယ်အဝင် စစ်ဆေးရေးဂိတ်တွင် Covid-19 ပိုးရှိမရှိ Test Kit ဖြင့် စစ်ဆေးပေးလျက်ရှိသည်။

ယခင်ရက်များက ခိုင်ကမ်းစစ်ဆေးရေးဂိတ်တွင် Test Kit ဖြင့် စစ်ဆေးရာမှ ယာဉ်မောင်းအချို့ Covid-19 ပိုးတွေ့ရှိမှု ငါးကြိမ်ခန့် ဖြစ်ပွားခဲ့သည့်အပြင် လေသာတောင်၊ ထေးဇန်ကျေးရွာ၊ အာလွယ်ကျေးရွာများသို့ လူအစုလိုက် အပျော်ခရီးသွားခြင်းများအား တားဆီးနိုင်ရန် ယင်းသို့ အရှိန်အဟုန်မြင့် တိုးမြှင့်ဆောင်ရွက်ရခြင်းလည်းဖြစ်ကြောင်း ခိုင်ကမ်းမြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ထုတ်ပြန်သည်။

ကျော်ကျော်အောင်(ကလေးမြို့)

ဓာတ်ပုံ – ခိုင်ကမ်းမြို့ ပြန်/ဆက်။

LEAVE A REPLY

Please enter your comment!
Please enter your name here