ခေါင်းပိုင်းနဲ့ကိုယ်ပိုင်းခွဲခြားထားတဲ့ SIR VIVAL

911

အမေရိကန်ပြည်ထောင်စုမှာ မော်တော်ကားတွေ စတင်ပေါ်ပေါက်လာချိန်ကနေ ၁၉၅၈ ခုနှစ်အထိ မတော်တဆမှုတွေကြောင့် ပျမ်းမျှလူတစ်သန်းနီးပါး သေဆုံးခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက မော်တော်ကားတွေကို လမ်းပေါ်မောင်းဖို့အတွက်ပဲရည်ရွယ်ခဲ့ပြီး လုံခြုံရေးဆိုင်ရာ အစီအမံတွေမရှိသလို ယာဉ်သက်တမ်းကုန်ဆုံးသွားရင် စွန့်ပစ်ဖို့အစီအစဉ်လည်း မရှိသေးပါဘူး။ ကားတိုက်မှုတွေကြောင့် လူ့အသက်များစွာဆုံးရှုံးနေမှုကို တော်လှန်ပြောင်းလဲပစ်ဖို့ မက်ဆာချူးဆက်ပြည်နယ်၊ Worcester မြို့သား Walter C.Jerome က Sir Vival လို့ အမည်ပေးထားတဲ့ကား ကို စတင်တီထွင်ခဲ့ပါတယ်။ Northeastern တက္ကသိုလ်က အင်ဂျင်နီယာဘာသာရပ်နဲ့ ဘွဲ့ရထားတဲ့ Walter C.Jerome ဟာ 1948 Hudson ကားတစ်စီးကိုအခြေခံပြီး Sir Vival ကို တည်ဆောက်ဖန်တီးခဲ့ပေမဲ့ မူလကားပုံစံနဲ့ လုံးဝနီးပါးကွဲပြားစေတဲ့ တီထွင်ဆန်းသစ်မှုအများအပြားပါဝင်နေပါတယ်။ Sir Vival ရဲ့ အထူးခြားဆုံးအချက်က တစ်ဆက်တည်းမဟုတ်ဘဲ ခရီးသည်နဲ့ မောင်းသူတို့ရှိတဲ့ အဓိကကားကိုယ်ထည်ကို အင်ဂျင်၊ ရှေ့ဘီးတို့ရှိတဲ့ ခေါင်းပိုင်းနဲ့ ခွဲခြားထားတာ ဖြစ်ပါတယ်။ မျက်နှာချင်းဆိုင်ကားတိုက်မှုဖြစ်ရင် အင်ဂျင်ရှိတဲ့ ခေါင်းပိုင်းက ဖိအားဒဏ်သက်ရောက်မှုကို နောက်ပိုင်းဆီမရောက်အောင် လမ်းလွှဲပေးဖို့ စိတ်ကူးနဲ့ Sir Vival ကို နှစ်ပိုင်းခွဲ တည်ဆောက်ခဲ့တာပါ။ ခေါင်းပိုင်းနဲ့ ကိုယ်ပိုင်းကို Articulated Universal Joint နဲ့ ဆက်သွယ်ထားပါတယ်။

Sir Vival မှာ လက်ရှိကားလုံခြုံရေးနည်းပညာတွေဖြစ်တဲ့ ထိုင်ခုံခါးပတ်(Seat Belt)၊ ခရီးသည်ထိုင်တဲ့အပိုင်းကို ကာကွယ်ပေးမယ့် သံမဏိ Roll Cage ၊ Slide Doors ၊ Side Lights တို့ကို အစောဆုံး အသုံးပြုခဲ့တာပါ။ ရှေ့ဘမ်ပါက လေဖြည့်ထားတဲ့ရော်ဘာနဲ့ ပြုလုပ်ထားလို့ ထိခိုက်မှုအားကို စုပ်ယူပေးသွားမှာ ဖြစ်ပါတယ်။ ကားမောင်းသူထိုင်ခုံကို ခရီးသည်ထိုင်ခုံထက် သုံးပေ ပိုမြင့်ထားတာကြောင့် မျှော်စင်လိုမျိုး ဖြစ်နေပြီး မြင်ကွင်းပိုကောင်းစေပါတယ်။ မောင်းသူရှေ့က လေကာမှန်ကို ဆလင်ဒါပုံတပ်ထားတာကြောင့် ကားရဲ့ ၃၆ဝ ဒီဂရီနီးပါး ကြည့်ရှုနိုင်မှာပါ။ အချိုးအကွေ့တွေမှာ မြင်ကွင်းပိုကောင်းဖို့ ရှေ့မီးလုံးနှစ်လုံးအပြင် မောင်းသူရှေ့ဘက်မှာ မီးလုံးကြီးတစ်လုံး ထပ်တပ်ထားပါသေးတယ်။ ဒီဇိုင်းပုံစံရေးဆွဲတာကနေ အပြီးသတ်တည်ဆောက်ဖို့အထိ အချိန် ၁ဝ နှစ်ကြာတဲ့ Sir Vival  ကို မိတ်ဆက်ပြသတဲ့အခါ ချီးကျူးမှုတွေအများအပြားရခဲ့တာကြောင့် Walter C.Jerome  က တစ်နှစ်ကို အစီးရေ ၁ဝ စီးကနေ ၁၂ စီးအထိ ထုတ်လုပ်ရောင်းချဖို့ ကြံရွယ်ခဲ့ပါတယ်။ ဒါပေမဲ့ ပုံမှန်အမေရိကန်ကားတစ်စီးကို အမေရိကန်ဒေါ်လာ သုံးထောင်အောက်ပဲ ပေးရချိန်မှာ Sir Vival စျေးနှုန်းက အမေရိကန်ဒေါ်လာ တစ်သောင်း ဖြစ်နေလို့ ဝယ်သူတစ်ဦးမှ မရှိခဲ့ပါဘူး။ နောက်ထပ်ထုတ်လုပ်ဖို့ ငွေကြေးထောက်ပံ့မှု မရတာကြောင့်လည်း Sir Vival ကို တစ်စီးသာထုတ်လုပ်ပြီး ထပ်မံတည်ဆောက်နိုင်ခြင်း မရှိခဲ့ပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here