ခေတ်အဆက်ဆက် M3 မိုဒယ်တွေထဲမှာ စွမ်းအားအပြည့်ဝဆုံး 2018 BMW M3 CS

690

နာမည်ကျော် ဂျာမန်ကားကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ BMW ဟာ M3 ရဲ့ နောက်ဆုံးပေါ်မျိုးဆက်မိုဒယ်ကို ၂ဝ၁၄ ခုနှစ်က ထုတ်လုပ်ခဲ့ပါတယ်။ ၂ဝ၁၇ ခုနှစ်မှာတော့ BMW ရဲ့ စွမ်းဆောင်ရည်မြင့်လုပ်ငန်းခွဲ BMW M GmbH ကနေ ခေတ်အဆက်ဆက် ထုတ်လုပ်ခဲ့သမျှ M3 မိုဒယ်တွေထဲမှာ စွမ်းအားအပြည့်ဝဆုံး ထုတ်လုပ်မှုကားမိုဒယ်လို့လည်းဆိုရမယ့် BMW M3 CS ဆီဒန်ကားသစ်ကို ထုတ်လုပ်ဖန်တီးခဲ့ပါတယ်။

၂ဝ၁၇ ခုနှစ်ရဲ့ LA ကားပြပွဲမှာ တရားဝင်ပွဲထုတ်ပြသခဲ့တဲ့ အဲဒီ M3 CS မိုဒယ်သစ်ဟာ နာမည်ကျော် M3 မိုဒယ်ကနေ ဆင့်ကဲတိုးတက်လာတာဖြစ်ပြီး အောင်မြင်ကျော်ကြားတဲ့ ထုံးတမ်းအစဉ်အလာတွေကိုလည်း ဆက်လက်ထိန်းသိမ်းထားတဲ့ စွမ်းဆောင်ရည်မြင့် ဆီဒန်ကားတစ်စီးဖြစ်ပါတယ်။ 2018 BMW M3 CS ကို စုစုပေါင်းကားအစီးရေ ၁,၂ဝဝ ပဲ ထုတ်လုပ်ရောင်းချသွားမှာပါ။

စက်စွမ်းရည်

M3 CS ကားသစ်မှာ ပုံမှန် M3 ဆီဒန်ကားလို 3.0 Litre Twin-Turbo ဆလင်ဒါခြောက်လုံးထိုးအင်ဂျင်ကိုပဲ တပ်ဆင်ထားပေမဲ့ မြင်းကောင်ရေ ၄၅၃ ကောင်အားအထိ ထုတ်လုပ်ပေးနိုင်တာကြောင့် M3 ထက် မြင်းကောင်ရေ ၂၈ ကောင်အား ပိုများပါတယ်။ ပိုများပြားတဲ့ စွမ်းအင်နဲ့ ပေါ့ပါးကြံ့ခိုင်တဲ့ ကိုယ်ထည်အစိတ်အပိုင်းတွေဟာ M3 CS ကို စူပါပြိုင်ကားတစ်စီးရဲ့ လျင်မြန်ဖျတ်လတ်မှုအဆင့်မျိုးကို ရောက်ရှိစေပါတယ်။ အင်ဂျင်က ထုတ်လုပ်ပေးလိုက်တဲ့ စွမ်းအင်တွေကိုတော့ Dual Clutch Auto ဂီယာခုနစ်ချက်ကနေတစ်ဆင့် ကားဘီးတွေဆီ ပို့လွှတ် မောင်းနှင်စေမှာပါ။ ကားရဲ့ အမြင့်ဆုံးအမြန်နှုန်းက တစ်နာရီကို ၁၇၄ မိုင်နှုန်းအထိ တိုးတက်လာပြီး ၃ ဒသမ ၇ စက္ကန့်အတွင်းမှာ သုညမိုင် ကနေ တစ်နာရီ မိုင် ခြောက်ဆယ်နှုန်းရောက်အောင် အရှိန်မြှင့်တင်နိုင်တာကြောင့် M3  မိုဒယ်ထက် ပိုပြီးဖျတ်လတ်မြန်ဆန်ပါတယ်။ M4 CS ကားမိုဒယ်လိုပဲ Adaptive M Suspension ဆိုင်းထိန်းစနစ်ပါဝင်ပြီး Comfort ၊ Sport နဲ့ Sport + Mode တို့ကို ကားမောင်းသူရဲ့ ဆန္ဒအတိုင်း ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ ဒါ့ပြင် M3 CS ဆီဒန်ကားသစ်ဟာ အများသုံးလမ်းပေါ်မှာ နေ့စဉ်နေ့တိုင်းအသုံးပြုနိုင်တဲ့ ကားတစ်စီးဖြစ်သလို ကားပြိုင်ပွဲမှာလည်း မောင်းနှင်နိုင်လောက်တဲ့ စွမ်းဆောင်ရည်မျိုးကို ပိုင်ဆိုင်ထားပါတယ်။

တည်ဆောက်ပုံ

တံခါးလေးပေါက် ဆီဒန်ကားမိုဒယ်သစ် M3 CS ဟာ BMW M4 CS မိုဒယ်နဲ့ ခပ်ဆင်ဆင်တူပြီး ကားနောက်တံခါးနဲ့ ရှည်သွယ်သွယ်ကားခေါင်မိုးတို့လို BMW 3 Series ရဲ့ ဒီဇိုင်းအပြင်အဆင်တွေကိုလည်း ဆက်ခံထိန်းသိမ်းထားပါတယ်။ အဲဒီ CS ကားမိုဒယ်နှစ်ခုစလုံးမှာ တွေ့ မြင်ရတဲ့ အသစ်မွမ်းမံမှုတွေဟာ BMW M4 GTS မိုဒယ်ကို အခြေခံထားတယ်လို့လည်း ဆိုနိုင်ပါတယ်။ ကားရှေ့မျက်နှာစာမှာ အင်ဂျင်နဲ့ ဘရိတ်စနစ်ကို ပိုပြီးအေးမြစေမယ့် အရွယ်အစားကြီးကြီး လေစုပ်ပေါက်တွေပါဝင်တဲ့ အသစ်မွမ်းမံထားတဲ့ အရှေ့ဘက်စွန်းဒီဇိုင်းနဲ့ မြေဝပ်အားကောင်းစေမယ့် ကာဗွန်ဖိုင်ဘာသား Front Splitter တို့က ကားရဲ့ရုပ်ထွက်ကိုတင် ခံ့ညားလှပစေတာမဟုတ်ဘဲ လေခွင်းအားကိုလည်း ပိုပြီး တိုးတက်ကောင်းမွန်စေပါတယ်။ ကားအရှေ့ဘက် အင်ဂျင်စက်ဖုံးကို ကာဗွန်ဖိုင်ဘာသားထောက်ကူထားတဲ့ ပလတ်စတစ်သားနဲ့ ဖန်တီးထားပြီး စက်ဖုံး အလယ်မှာ မို့မောက်မြင့်တက်နေတဲ့ ခပ်ခုံးခုံးဘုနဲ့ ထပ်တိုးလေစုပ်ပေါက်တွေ ပါဝင်ပါတယ်။ ကားရဲ့အသွင်ဟာ ပိုပြီးခံ့ညားလှပသလို သမားရိုးကျ M3  မိုဒယ်ထက်လည်း ၂၅ ရာခိုင်နှုန်းလောက် ပိုပေါ့ပါးပါတယ်။ ကားဘေးဘက်ဒီဇိုင်းဟာ M3 နဲ့ ပုံစံချင်းကွဲပြားပေမဲ့ M3 ရဲ့ Shadow Line Package နဲ့ခပ်ဆင်ဆင်တူပြီး ကားတံခါးပေါင်၊ ခပ်နိမ့်နိမ့်တပ်ဆင်ထားတဲ့ ကားဘေးဘက်မှန်အထိုင်ခွက်နဲ့ ကားတံခါးလက်ကိုင်တွေကို အနက်ရောင်ဖန်တီးထားပါတယ်။ ပြေပြစ်တဲ့ ကားဘီးခုံးတွေ အောက်မှာတော့ M4 DTM ပြိုင်ပွဲဝင်ကားကနေ ဒီဇိုင်းမှီငြမ်းရယူထားတဲ့Ten-Spoke ဒီဇိုင်း ကားအလွိုင်းဘီးတွေကို တပ်ဆင်ထားပြီး မီးခိုးရောင်ဆေးခြယ်ထားပါတယ်။ ကားအနောက်ဘက်မှာ Gurney Lid ခေါ် ကာဗွန်ဖိုင်ဘာသား လေပင့်အားထိန်းတောင်ပံက အထင်ရှားဆုံးနေရာယူထားပါတယ်။ အဲဒီအတောင်ပံဟာ M4 GTS မိုဒယ်တုန်းကလောက် အရွယ်အစားမကြီးပေမဲ့ ဆီဒန်ကားတစ်စီးနဲ့ ပိုလိုက်ဖက်ညီပြီး ပိုအဆင့်မြင့်ရုံတင်မက ပြိုင်ကားဆန်တဲ့ ရုပ်ထွက်ကိုပါ ရရှိစေပါတယ်။ ဒါ့ပြင် CS မိုဒယ်ရဲ့ OLED ကားနောက်မီး၊ Rear Diffuser ၊ ကာဗွန်ဖိုင်ဘာသားအရော(CFRP)နဲ့ ပြုလုပ်ထားတဲ့ Diffuser တို့ကိုလည်း ဝေမျှ သုံးစွဲထားပြီး အိပ်ဇောပိုက်လေးခုကိုတော့ သံမဏိသားကောင်းကောင်းနဲ့ ဖန်တီးထားပါတယ်။ ကားကိုယ်ထည်မှာ ကာဗွန်ဖိုင်ဘာသားနဲ့ CFRP လို ပေါ့ပါးတဲ့ ကိုယ်ထည်အစိတ်အပိုင်းတွေကိုပဲ အသုံးပြုထားတာကြောင့် အလေးချိန်လျော့နည်းသလို ကားကိုလည်း စွမ်းအားပိုပြည့်ဝပြီး မြန်ဆန်ဖျတ်လတ်စေပါတယ်။

အတွင်းခန်း

M3 CS ရဲ့ ကားအတွင်းခန်းကတော့ တံခါးနှစ်ပေါက် M4 CS ရဲ့ အတွင်းခန်းကို ဆီဒန်ကားတစ်စီးအသွင် ပြောင်းလဲထားတဲ့ပုံစံမျိုးလို့ ဆိုနိုင်ပါတယ်။ အတွင်းခန်းတစ်ခုလုံးနီးပါးဟာ အနက်ရောင်ဖြစ်ပြီး Merino Leather နဲ့ Alcantara တို့ကို အသုံးပြုထားပါတယ်။ ကား ဒက်ရှ်ဘုတ်အပေါ်ပိုင်းကို မီးခိုးရောင်ချုပ်ရိုးလိုင်းတွေနဲ့ အနက်ရောင် Leather အဖြစ် ဖန်တီးထားပြီး Center Stack ဝန်းကျင်ကိုတော့ Alcantara သားနဲ့ ဖန်တီးပြုလုပ်ထားပါတယ်။ ဒါ့ပြင် ကားဒက်ရှ်ဘုတ်မှာ CS စာတန်းကို မီးခိုးရောင်ခပ်ဖျော့ဖျော့လေးနဲ့ အဆင့်မြင့်မြင့်ရေးထိုးထားပါတယ်။ ကားထိုင်ခုံတစ်ခုတည်းကသာ အနက်ရောင်တစ်ပြင်လုံး မဟုတ်ဘဲ အလယ်မှာ မီးခိုးရောင်ခပ်ဖျော့ဖျော့ အသုံးပြုထားပါတယ်။ ကားအတွင်းမှာ အလေးချိန်ပေါ့ပါးတဲ့ M Sport ထိုင်ခုံတွေ အသုံးပြုထားတာကြောင့် ကိုယ်ထည်အလေးချိန် လျော့နည်းစေသလို ဇိမ်ကျသက်သာမှုကိုလည်း ရရှိစေပါတယ်။ အဲဒါကြောင့် ပြိုင်ကားဆန်ရုံတင်မက ဆီဒန်ကားတစ်စီးပီပီ ဇိမ်ကျသက်သာအောင် ဖန်တီးထားတဲ့ M3 CS ကို ကားပြိုင်ပွဲလမ်းတွေမှာ အရှိန်မြင့်မြင့် မောင်းနှင်မယ်ဆိုရင်တောင် လိုက်ပါစီးနင်းသူတွေကို ဇိမ်ကျသက်သာစေမှာပါ။

စျေးနှုန်း

လာမယ့် ၂ဝ၁၈ ခုနှစ်၊ မေလမှာ အော်ဒါစတင်လက်ခံမယ့် 2018 BMW M3 CS ဆီဒန်ကားသစ်အတွက် အခြေခံစျေးကို အမေရိကန် ဒေါ်လာ ၉၇,၄ဝဝ နဲ့အထက် သတ်မှတ်ထားပါတယ်။ BMW အနေနဲ့ ၂ဝ၁၈ မိုဒယ် M3 CS ကို စုစုပေါင်းကားအစီးရေ ၁,၂ဝဝ ပဲ ထုတ် လုပ်သွားမှာဖြစ်ပြီး အစီးရေ ၅၅ဝ ကို အမေရိကန်ပြည်ထောင်စု စျေးကွက်အတွက် ရည်ရွယ်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here