ခေတ္တရာခရီးတစ်ခေါက်

1239

ပြည်မြို့ကို ရောက်ခဲ့ဖူးသည်။ ကြာတော့ ကြာခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ကျော်က ရွှေစက်တော်ဘုရားဖူးသွားခဲ့ပြီး အပြန်တွင် ရောက်ခဲ့ခြင်းဖြစ်၏။ အဲဒီတုန်းက ရွှေစက်တော်ဘုရားဖူးအဖြစ် မိသားစုလိုက် သွားခဲ့သည်။

မင်းဘူး ရွှေစက်တော်တွင် အထက်စက်တော်ရာ၊ အောက်စက်တော်ရာများ ဖူးမျှော်ပြီး ချောင်းအတွင်း ရေချိုးခဲ့သေး၏။ အဲဒီတုန်းက မင်းဘူးနှင့် မကွေးကူးရန် တံတားမရှိသေးသဖြင့် ရွှေစက်တော်ဘုရားဖူးအပြီးတွင် မကွေးသို့ စက်လှေဖြင့် ကူးခဲ့ရ၏။

ရွှေစက်တော်ဘုရားဖူးခရီးစဉ်နှင့်အတူ မကွေးမြသလွန်၊ ကျောင်းတော်ရာ၊ နဂါး ပွက်တောင်၊ ပြည်ရွှေဆံတော်၊ ရွှေမျက်မှန် ဘုရားများပါ ဖူးမျှော်ခဲ့ရသည်။

အဲဒီအချိန်တုန်းက ပြည်မြို့ကိုရောက်ဖူးခဲ့သော်လည်း ဘုရားဝင်ဖူးရုံသက်သက်မို့ ရောက်တယ်ဆိုရုံပဲ ရောက်ခဲ့ဖူးသည်။ ပြည်မြို့ကို ကျွန်တော် စိတ်ဝင်စား၏။ ပြည်နဝဒေး၊ ပြည်လှဖေ၊ ယဉ်ဝေလွင်(ပြည်)၊ ခေတ္တရာတမာချို စသည့် အနုပညာရှင်များ မွေးဖွားရာ၊ အောင်မြင်ရာ အောင်မြေတစ်ခုလည်း ဖြစ်နေသည်။

လွန်ခဲ့သည့် အနှစ်သုံးဆယ်ခန့်က ပြည်မြို့နှင့်ပတ်သက်သော ဟာသရုပ်ရှင်ကားတစ်ကားကြည့်ဖူးသည်။ သရုပ်ဆောင် ဒါရိုက်တာ တိုးညွန့် ပါဝင်ရိုက်ကူးသော ခေတ္တရာခရီးသည် ဇာတ်ကား ဖြစ်၏။

တိုးညွန့်ဆိုသဖြင့် တိုးညွန့်နှင့်ပတ်သက်သည်များကို သတိရမိသည်။ တိုးညွန့် က သမန်းကျားအဖွဲ့မှ ဖြစ်၏။ သမန်းကျား ရုပ်ရှင်ကားတွင် ကိုမြင့်၊ ဝင်းလှိုင်၊ စိုင်းဝဏ္ဏ၊ တိုးညွန့်တို့ ပါဝင်သရုပ်ဆောင်ခဲ့ကြသည်။ အဲဒီသမန်းကျားဇာတ်ကားက တော်တော်လေး အောင်မြင်ခဲ့ကြ၏။ ရုပ်ရှင်ကားနှင့်အတူ သရုပ်ဆောင်များပါအောင်မြင်လာခဲ့ကြသည်။

တိုးညွန့်က အရပ်ပုသည်။ နောက်ပိုင်းတွင် ဟာသရုပ်ရှင်ကားပေါင်းများစွာ သရုပ်ဆောင်ခြင်း၊ ကိုယ်တိုင်ရိုက်ကူးခြင်း လုပ်လာခဲ့သည်။

တိုးညွန့်ပါဝင်သရုပ်ဆောင်သော ဦးရှံစား၊ ဦးဒိန်းဒေါင်၊ သမိန်ပေါသွပ်၊ အာဖျံကွီး ဇာတ်ကားများဖြင့် အထူးအောင်မြင်လာ၏။ အဲဒီအခါ သူကိုယ်တိုင် သရုပ်ဆောင် ဒါရိုက်တာလုပ်ပြီး ခေတ္တရာခရီးသည် ဇာတ်ကားကို ရိုက်သည်။

ခေတ္တရာခရီးသည် ဇာတ်ကားသည် လူတစ်စု ခေတ္တရာ ခေါ် ပြည်မြို့သို့ ကားတစ်စီးဖြင့် ခရီးသွားသောဇာတ်လမ်းဖြစ်သည်။ တစ်လမ်းလုံး ကားပျက်သဖြင့် လူများနှင့် ကား နပန်းသတ်ရင်း ချွေးတစ်လုံးလုံး ဖြစ်ပုံကို ဟာသနှောပြီး ရိုက်ကူးထားသော ဇာတ်ကား ဖြစ်သည်။

ပြည်မြို့နှင့်ပတ်သက်လျှင် ဤမျှလောက်အထိ စိတ်ဝင်စားခဲ့ဖူး၏။ စိတ်ဝင်စားခဲ့ဖူးသော ပြည်မြို့ကို တစ်ခေါက်တစ်ခါ ထပ်မံရောက်ချင်သေး၏။ ပြည်မြို့သို့ ထပ်မံ သွားရောက်လိုသော ဆန္ဒများရှိနေခဲ့သည်။

ဆန္ဒကို အကောင်အထည်ဖော်ရန် အခြေအနေက ဖန်တီးလာခဲ့သည်။ ပြည်မြို့မှ မိတ်ဆွေများက အလုပ်ကိစ္စတွေ့ဆုံလိုသဖြင့် ဖိတ်သည်။ ကျွန်တော် တစ်ယောက်တည်းကို ဖိတ်ခြင်းမဟုတ်။ ဂျာ နယ်အလုပ်ကိစ္စဖြစ်သဖြင့် ချွန်ရှုပ်၊ ဒေါ်ယဉ်မေဦးတို့အပြင် မန္တလေးမှ ရဲမာန်သီဟတို့ကိုပါ ဖိတ်သည်။ အဲဒီတော့လည်း ကျွန်တော် ပြည်မြို့သို့ရောက်ရန် အကြောင်းဖန်လာခဲ့ပြန်ပါပြီတည်း။

ရဲမာန်က မန္တလေးက လာမည်။ ကျွန်တော်တို့က ရန်ကုန်မှ သွားမည်။ ပြည်တွင် ဆုံကြရန် အချိန်းအဆက် ပြုလုပ်ခဲ့သည်။

ထို့နောက် ကျွန်တော်၊ ချွန်ရှုပ်၊ ဒေါ်ယဉ်မေဦးတို့ အောင်မဂင်္လာအဝေးပြေးဝင်း သို့ ဆင်းခဲ့သည်။

”ဘယ်သွားမလဲ”

”မန္တလေးလား”

”မော်လမြိုင်လား”

”ပြင်ဦးလွင်လား”

”ပြည်လား”

”ပေါင်းတည်လား”

”နေပြည်တော်သွားမလား”

”ပျဉ်းမနားလား”

အဝေးပြေးဝင်း ဝင်လိုက်သည်နှင့် ပွဲစားများ အလုအယက်မေးကြသည်။

”ပြည်သွားမလို့”

”ရှိတယ်၊ ပြည်ကို ရှစ်နာရီထွက်မယ့်ကားရှိတယ်”

ချွန်ရှုပ်က ပြည်ကိုသွားမည့်အကြောင်း ပြောရုံရှိသေးသည်။ ပွဲစားတစ်ယောက်က ချွန်ရှုပ်လက်ထဲမှ ခရီးသွားအိတ်ကို လုယူ ကူညီသယ်ပေးပြီး ပြည်ထွက်မည့်ကားဂိတ်ရှိရာသို့ ဦးဆောင်ခေါ်သွား၏။

ကျွန်တော်တို့သုံးယောက် ပွဲစားခေါ်ရာနောက်သို့ ထက်ကြပ်မကွာလိုက်ပါသွားခဲ့သည်။ ပွဲစားက ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွား၏။ ကျွန်တော်တို့က သုတ်သုတ်ပျာပျာလိုက်ရ၏။ မလိုက်၍လည်းမဖြစ်တော့။ ချွန်ရှုပ် ခရီးသွားလက်ဆွဲအိတ်က ပွဲစားလက်ထဲ ပါသွားနေခဲ့ပြီ။

ရန်ကုန်-ပြည် ပြေးဆွဲနေသော သံလွင်ကားဂိတ် ရောက်သွား၏။ ကားဂိတ်ဘေးတွင် အဝေးပြေးကားတစ်စီး ရပ်ထားသည်။ ကားက အကောင်းကြီးမဟုတ်။ သာမန်အဆင့်မျှသာ ရှိသည်။

”ပြည်ကိုသွားမှာ၊ အခု ရှစ်နာရီထွက်မယ်”

ကားဘေးတွင် ခုံပုလေးနှင့် ထိုင်နေသော လူငယ်တစ်ယောက်က ကျွန်တော်တို့ကိုလှမ်းခေါ်သည်။

ရှစ်နာရီထွက်မည်ဆိုသဖြင့် လက်တွင်ပတ်ထားသော နာရီကို ကြည့်မိ၏။ ရှစ်နာရီထိုးရန် ၁ဝ မိနစ် လိုနေသေးသည်။

”တခြားကားမရှိဘူးလား”

ကားပုံစံကို သိပ်မကြိုက်သဖြင့် ချွန်ရှုပ်မေး၏။

”တခြားကားတွေက ဒီအချိန်မရှိဘူး၊ ၁ဝ နာရီနောက်ပိုင်းမှ ရှိမယ်၊ မနက် ရှစ်နာရီ သွားတာ ဒီကားပဲရှိတယ်၊ သွားမလား”

ပွဲစားကရှင်းပြ၏။ မတတ်နိုင်တော့ပြီ။ ကိုယ်ကလည်း စောစောသွားချင်နေတော့ ဒီကားနှင့် လိုက်ရန် ဆုံးဖြတ်လိုက်ရသည်။

”ပြည်ကို သုံးစောင်၊ တစ်ယောက် ငါးထောင်၊ တစ်သောင်းခွဲပေး၊ နာမည်ပြော …”

ပွဲစားက တစ်သောင်းခွဲတောင်း၏။ ဒေါ်ယဉ်မေဦးက ပိုက်ဆံတစ်သောင်းခွဲ ထုတ်ပေးလိုက်သည်။ လက်မှတ်ရောင်းသူ က နာမည်တစ်ခုကို မပီမသရေးပြီး လက်မှတ်ဖြတ်ပေး၏။

ထို့နောက် မနက် ရှစ်နာရီတိတိတွင် ကျွန်တော်တို့ ခေတ္တရာခရီးစဉ် စတင်ထွက်လာဖြစ်ခဲ့သည်။ လက်မှတ်ဝယ်စဉ်က ကားကို တံခါးအလုံပိတ်ထားသဖြင့် အဲကွန်းရှိမည်ဟု ထင်မိခဲ့သည်။ ကားတွင် အဲကွန်း မရှိမှန်း ကားပေါ်ရောက်မှသိရတော့၏။ ခရီးစဉ် စသည်နှင့် မှန်တံခါးဖွင့်၍ စီးရသည်။

ဆိုဖာခုံအချို့ကလည်း ပေါက်ပြဲနေ၏။ နောက်ကိုလည်း လှန်၍မရ။ ခုံတန်းတွေ စိပ်သဖြင့် ခြေထောက်ချရုံလောက်သာ နေရာကျယ်သည်။ တော်တော်ကသိကအောက် နိုင်လှ၏။

”ကားစီးရတာ အဆင်မပြေဘူးကွာ၊ နေပူရတဲ့အထဲ ကားမှာ အဲကွန်းမပါဘူး၊ ခုံတွေကလည်း အပေါက်အပြဲတွေနဲ့၊ ကျဉ်းလည်းကျဉ်းတယ်၊ ခြေထောက်အတင်၊ အချလုပ်လို့တောင်မရဘူး”

”ဟုတ်တယ်နော်၊ ခုံတွေက အနောက်လှန်လို့လည်း မရဘူး၊ ခရီးဝေးသွားရတာ ဒီတစ်ခါ ကားစီးရတာ မတန်ဆုံးဘဲ”

ဒေါ်ယဉ်မေဦးနှင့် ချွန်ရှုပ် ညည်းတွားသံများထွက်ပေါ်လာသည်။ ကျွန်တော် ဘာမှဝင်မပြောမိ။ ရဲမာန်သီဟဆီ ဖုန်းဆက်ကြည့်တော့ သူ မန္တလေးက ထွက်လာပြီဖြစ်ကြောင်း၊ ပြည်ကို အချိန်မီရောက်မည်ဖြစ်ကြောင်း အကြောင်းပြန်၏။

အဝေးပြေးဂိတ်မှ ကားစထွက်တော့ ကားပေါ်တွင် ခရီးသည်သိပ်မရှိ။ ရှေ့လေး ငါးတန်းလောက်ပဲရှိသည်။ ထောက်ကြန့်ရောက်တော့ ခရီးသည်တော်တော်များများ တက်လာ၏။ ထိုင်ခုံများ ပြည့်သွားရုံမက ပလတ်စတစ်ခုံလေးများပင် ကြားထိုးရသည်။

မှော်ဘီ၊ မြောင်းတကာ၊ တိုက်ကြီး၊ ဥက္ကံ၊ သုံးဆယ်၊ သာယာဝတီ၊ လက်ပံတန်း တစ်လမ်းလုံး ခရီးသည်အတင်/အချ လုပ်နေရသဖြင့် ခရီးမတွင်ကျယ်ခဲ့၊ အချိန်ကြန့်ကြာခဲ့သည်။

အေးမြသာယာ အရောက်တွင် ခရီးတစ်ထောက်နား၏။ နာရီဝက်ခန့် နားပြီး ခရီးဆက်ထွက်သည်။ စစ်ကွင်း၊ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ်တလင်း၊ ပေါင်းတည်။

ပေါင်းတည်ကျော်ကျော်လေးတွင် ကားရပ်သွား၏။ ခရီးသည်အတင်/အချ ပြုလုပ်ခြင်းမဟုတ်၊ ကားပျက်၍လည်းမဟုတ်။

”အားလုံး နောက်ကားပြောင်းစီးပေးပါ”

စပယ်ယာက ကားပေါ်ရှိ ခရီးသည်အားလုံးကို နောက်ကား ပြောင်းစီးခိုင်း၏။

”ဒီကားက ဆက်မသွားဘူးလား၊ ဘာဖြစ်လို့လဲ”

”သွားစရာရှိနေလို့ နောက်ကား ပြောင်းစီးပေးကြပါ”

စပယ်ယာက အကြောင်းပြချက်မပေး။ နောက်ကားသာ အတင်းပြောင်းစီးခိုင်းနေသည်။ ကားနောက်တွင် ပြည်၊ အောင်လံ သွားမည့် ကားတစ်စီးဝင်ရပ်၏။ ကျွန်တော်တို့အားလုံးသည် ကားပေါ်သို့ ပြောင်းတက်ခဲ့ရသည်။

”ကားက ဘယ်လိုလဲ၊ ခရီးစဉ် အစအဆုံးလည်း မမောင်းဘူး၊ ရပ်ချင်သလိုရပ်၊ ပြောင်းချင်သလိုပြောင်း”

အကြောင်းမဲ့ ကားပြောင်းစီးရ၍ မကျေနပ်မိ။ မကျေနပ်ပေမဲ့ မတတ်နိုင်တော့။ ပြောင်းဆိုသဖြင့် ပြောင်းပြီးခဲ့ချေပြီ။ ပြောင်းစီးလိုက်သည်။ ကားက ပထမကားထက်စာလျှင် စီးရသည်မှာ သက်သောင့် သက်သာရှိ၏။

ကားမှာ အဲကွန်းပါသည်။ ထိုင်ခုံများကောင်းသည်။ ခုံတန်းလျားကျယ်သည်။ ပြီးတော့ သီချင်း အေးအေးငြိမ့်ငြိမ့်လေး တီဗီမှာ ဖွင့်ထားသေးသည်။ ဒီကားပေါ် ရောက်မှပဲ အဝေးပြေးကားအရသာကို ပြန်လည်ပိုင်ဆိုင်ခွင့်ရခဲ့၏။

အင်းမ၊ ရွှေတောင်တို့ကို ကျော်လွန် ပြီး ပြည်သို့ရောက်လာသည်။ ရန်ကုန်- ပြည်ခရီးကို ကားဖြင့် ခြောက်နာရီကြာ မောင်းရသည်ဟု ကြားဖူး၏။ ယခု ခြောက်နာရီမက ခုနစ်နာရီပင် ကျော်သွားသည်။ နာရီက ညနေ သုံးနာရီခွဲနေပြီတည်း။

ကားက အောင်လံကား ဖြစ်သဖြင့် အောင်လံကို ဆက်သွားရမည်။ ဒီတော့ ခရီးသည်များကို ကားဝင်းအပြင်ဘက်တွင် ရပ်ပေးခဲ့၏။ လာကြိုမည့်သူများက ကားဝင်းအတွင်းမှ လာကြိုမည်။ မန္တလေးမှလာသည့် ရဲမာန်သီဟကလည်း ကားဝင်းအတွင်း ဆုံဖို့ ချိန်းထားသည်။

ယခု ကျွန်တော်တို့က ကားဝင်းအပြင်ဘက်ရောက်နေ၏။ လာကြိုသည့်သူများ ကို ဖုန်းခေါ်သော်လည်း ဖုန်းကခေါ်၍မရ။

ဖုန်းခေါ်တိုင်း လူကြီးမင်းနှင့်တိုးနေသည်။

ခေတ္တရာပြည်မြို့ကို ထဲထဲဝင်ဝင် ရောက်ဖူးသည်မဟုတ်။ ယခုမှ ခေတ္တရာ မြေပေါ် ခြေစုံချဖူးသည်။

ဖုန်းခေါ်မရသဖြင့် လာကြိုသူများနှင့် လွဲသွားမှဖြင့် …။

ဖုန်းထပ်ခေါ်ကြည့်မိသည်။

လူကြီးမင်းက ကန့်လန့်ခံနေသေး၏။ ကျွန်တော်တို့အားလုံး နေပူပူမှာ နဖူးချွေးစို့စ ပြုလာသည်။

နောက်တစ်ပတ်ဆက်ရန်

ချစ်နွေမိုး

LEAVE A REPLY

Please enter your comment!
Please enter your name here