ရန်ကုန်၊ သြဂုတ်
ယာဉ်မောင်းများကို လခစားအဖြစ်မှ ရပ်နားလိုက်သည့်အတွက် လျော်ကြေးငွေပေးရန် ခုံသမာဓိရုံးက သတ်မှတ်လိုက်သည့် လျော်ကြေးငွေသည် Omni Focus ကုမ္ပဏီ၏ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီမှုစာချုပ်ထက် ထက်ဝက်ကျော် ကွာခြားနေသည့်အတွက် ခုံသမာဓိရုံးသို့ ပြန်လည် တင်ပြထားကြောင်း သိရသည်။
Omni Focus ကုမ္ပဏီနှင့် ယာဉ်မောင်းများ၏ သဘောတူညီမှု စာချုပ်တွင် အလုပ်မှထုတ်ပယ်သည့်အခါ အခြေခံလစာ တစ်သိန်းခွဲကို နစ်နာကြေးရရှိမည်ဟု လက်မှတ်ရေးထိုး သဘောတူထားပြီး ဖြစ်ရာ ယခုခုံသမာဓိရုံးက အခြေခံလစာအပါအဝင် အချိန်ပိုကြေးများပါ စုပေါင်း၍ လျော်ကြေးငွေ သုံးသိန်းသတ်မှတ်လိုက်သည့်အတွက် နစ်နာကြေးပေးချေရန် ထက်ဝက် ကျော်ကွာခြားနေခြင်း ဖြစ်သည်။ ထို့ကြောင့် ခုံသမာဓိရုံးသို့ ပြန်လည်တင်ပြထားပြီး ရလဒ်အပေါ် မူတည်၍ လျော်ကြေးပေးချေခြင်း၊ သို့မဟုတ် စာချွန်လွာတက်ရန် စီစဉ်မည်ဖြစ်ကြောင်း Omni Focus ကုမ္ပဏီမှ သိရသည်။
“ခုံသမာဓိရုံးက ဆုံးဖြတ်ချက်က နားလည်မှု နည်းနည်းလွဲနေတယ် ထင်တယ်၊ နို့တစ်ကြေး၊ နစ်နာကြေးနဲ့ ပတ်သက်ပြီး လျော်ကြေးပေးရမယ်ဆိုရင် အခြေခံလစာ တစ်သိန်းခွဲနဲ့ တွက်ချက်ပေးမယ်ဆိုတာ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက သဘောတူလက်မှတ် ထိုးထားတာပါ၊ အဲ့ဒါကို အငြင်းပွားပြီး ခုလိုဖြစ်တာပါ၊ အဲ့ဒီအတွက် စာပြန်တင်ထားပါတယ်၊ အဲ့ဒီ ရလဒ်အပေါ် မူတည်ပြီး ဆုံးဖြတ်ပါမယ်၊ ကနဦးတိုင်တာ ယာဉ်မောင်း ၁၂ဝ ကျော်တယ်၊ အဲဒီအထဲမှာ ခြောက်ဆယ်ကျော်က သူတို့မှားယွင်းပြီး တိုင်တာပါဆိုပြီး ပြောလို့ရသင့်တာတွေ ပေးပြီးပါပြီ၊ အခု ကျန်တဲ့ ၆၄ ယောက်ထဲမှာလည်း ငါးယောက်က မှားယွင်းတိုင်တာပါဆိုပြီး ပြောတယ်၊ လွန်ခဲ့တဲ့ ၂ နှစ်က အခြေခံ လစာတစ်သိန်းခွဲနဲ့ သတ်မှတ်ပြီး လျော်ကြေး နို့တစ်ကြေး ပေးမယ်ဆိုတာ လက်မှတ်ထိုးထားပြီးသားပါ၊ အဲ့ဒီထဲကအတိုင်း သတ်မှတ်ပြီး ပေးရမယ်ဆိုရင်ပေးဖို့က အဆင်သင့် ရှိပြီးသားပါ”ဟု Omni Focus မန်နေဂျင်းဒါရိုက်တာ ကိုထွန်းတောက်ဝင်းက ပြောသည်။
ကြည်ပြာ