ခိုင်ကမ်း-ပိန်းပိလမ်း  ကောင်းမွန်သဖြင့်  ချင်းတောင်ခြေရှိ အပန်းဖြေစခန်းနှင့်  ခိုင်ကမ်းမြို့သစ်သို့   ခရီးသွားဝင်ရောက်မှု  များပြားလာ

515

ကလေး၊ မေ

စစ်ကိုင်းတိုင်းဒေသကြီးအဆုံး၊ ချင်းပြည်နယ်အစ ခိုင်ကမ်းမြို့သစ်လမ်းအဝင်မှ ပိန်းပိရွာအကြား နှစ်မိုင်ကျော်လမ်းမှာ ယခုပွင့်လင်းရာသီ၌ လမ်းကောင်းမွန်လျက်ရှိသဖြင့် ချင်းတောင်ခြေရှိ အပန်းဖြေစခန်း နှင့် ခိုင်ကမ်းမြို့သစ်သို့ ခရီးသွားဝင်ရောက်မှု များပြားနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။                     ”ခိုင်ကမ်းက ဟိုးအရင်တုန်းက ကျေးရွာအဆင့်ပဲရှိတယ်၊ အခု အစိုးရသစ်တက်ပြီးနောက်ပိုင်းမှာ ခိုင်ကမ်းမြို့နယ်ခွဲအဆင့်အဖြစ် တိုးမြှင့့််လိုက်တယ်၊ ခိုင်ကမ်းက ချင်းတောင်ခြေမှာ ဖြစ်တာရော၊ တောရိပ်တောင်ရိပ် ကျန်သေးတဲ့အတွက်ကြောင့်ရော အခုလိုနွေရာသီမှာ အပန်းဖြေလို့ ကောင်းတယ်၊ အစည်ဆုံးကတော့ ကျောက်တစ်လုံး အပန်းဖြေစခန်းပေါ့၊ အဲဒီအပန်းဖြေစခန်း ကို ကလေးမြို့ခံတွေ၊ ချင်းတိုင်းရင်းသားတွေနဲ့ အပူရှောင်ချင်တဲ့သူတွေ အပန်းဖြေလာကြတာများတယ်၊ အခုနွေရာသီကတော့ အစည်ဆုံးပဲ” ဟု ခိုင်ကမ်းမြို့သစ်တွင်နေထိုင်သူ ဦးသန်းနိုင်က ပြောသည်။

ချင်းပြည်နယ်အစ ခိုင်ကမ်းမြို့သစ်အဝင်လမ်းမှ ကျောက်တစ်လုံးအပန်းဖြေစခန်းအထိ တစ်မိုင်ခွဲနှင့် ခိုင်ကမ်း-ပိန်းပိရွာလမ်း သုံးမိုင်ခန့်မှာ မိုးတွင်းကာလတွင် လမ်းဆိုးရွားမှုကြောင့် ကားတစ်စီးသာ သွားလာနိုင်သော်လည်း ယခုပွင့်လင်းရာသီ၌ နေရာအများစုမှာ ကားနှစ်စီး ရှောင်တိမ်း၍သွားလာနိုင်သည့်အပြင် လမ်းများကောင်းမွန်လာခြင်းကြောင့် ကျောက်တစ်လုံး အပန်းဖြေစခန်းနှင့် ခိုင်ကမ်းမြို့ သစ်သို့ အလည်အပတ်လာရောက်သူ များပြားလာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

”ခိုင်ကမ်းနဲ့ ပိန်းပိရွာမရောက်ခင်အထိ လမ်းက ဟိုးအရင်က ဆိုင်ကယ်ပဲ သွားလို့ရတယ်၊ ဒါတောင် လမ်းက အတော်လေးကြမ်းတယ်၊ နောက်ပိုင်းခရီးသွားလေးတွေ ဝင်အောင်၊ ဒေသခံတွေလည်းစျေးရောင်း/ ဝယ်ကောင်းအောင်ဆိုပြီး စက်ယန္တရားတွေငှားပြီး ကိုယ့်အားကိုယ်ကိုး လမ်းပြင်တာ၊ လမ်းချဲ့တာတွေလုပ်ခဲ့တယ်၊ အခု ပွင့်လင်းရာသီတော့ တချို့နေရာတွေ ကားနှစ်စီးရှောင်သာတယ်၊ တချို့နေရာတွေတော့ မရသေးဘူးပေါ့၊ ဒါပေမဲ့ အခုပွင့်လင်းရာသီက မိုးတွင်းထက်စာရင် လမ်းပန်းဆက်သွယ်ရေး အများကြီးအဆင်ပြေတယ်၊ ဒါကြောင့်လည်း ခရီးသွား အဝင်များတာ၊ ပြည်နယ်အစိုးရအနေ နဲ့ ရာသီမရွေးသွားလို့ရတဲ့လမ်းမျိုး အဆင့်မြှင့်တင်ပေးရင်တော့ ဒေသခံတွေအတွက် စီးပွားရေးအခွင့်အလမ်းတွေ တိုးတက်လာနိုင်တာပေါ့”ဟု ခိုင်ကမ်းမြို့သစ်တွင် နေထိုင်သူ ဒေသခံတစ်ဦးက ဆိုသည်။

ယခင်က တီးတိန်မြို့နယ် ခိုင်ကမ်းရွာအဖြစ် တည်ရှိခဲ့ရာမှ ယခု အစိုးရသစ် တက်လာပြီးနောက် ၂ဝ၁၆ ခုနှစ်ထဲတွင် ခိုင်ကမ်းမြို့ အဖြစ် အဆင့်တိုးမြှင့်သတ်မှတ်ခဲ့ပြီး ချင်းတောင်၏ အရိပ်အာဝါသခံစားနိုင်ရန်နှင့် ခရီးသွားဝင်ရောက်မှုများပြားစေရန် ဟိုတယ်ဇုန်တည်ဆောက်နိုင်ရေးကိုလည်း ပြည်နယ်အစိုးရ က စီစဉ်နေကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဆလိုင်း အိုက်ဇက်ခင်က ဆိုသည်။

ခိုင်ကမ်းမြို့သစ်တွင် လိမေ္မာ် သီး၊ ဆီးသီးခြံများလည်းရှိပြီး ခိုင်ကမ်း-ပိန်းပိလမ်းကောင်းမွန်မှုနှင့် အတူ အပူရှောင်လိုသူလည်း များပြားခြင်းကြောင့် လက်တလောတွင် ကျောက်တစ်လုံး အပန်းဖြေစခန်း နှင့် ခိုင်ကမ်းမြို့သစ်မှာ ခရီးသွားဝင်ရောက်မှုများပြား၍ စည်ကားလျက်ရှိကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

 

LEAVE A REPLY

Please enter your comment!
Please enter your name here