ခရီးသည်ရပ်နားဘူတာငယ်၉ရုံ ဆောက်လုပ်ရန် မြန်မာ့မီးရထားမှ သိမ်းဆည်းခဲ့သည့် လယ်ယာမြေပိုင်ရှင်များအတွက် လျော်ကြေးပေးနိုင်ရေးတောင်းဆို

563

မန္တလေး၊ မေ

၁၉၉၄ ခုနှစ် မှ ၁၉၉၆ ခုနှစ် ကာလအတွင်း ပခုက္ကူ-ဂန့်ဂေါ-ကလေး ရထားလမ်းဖောက်လုပ်ရာတွင် ခရီးသည်ရပ်နား ဘူတာငယ် ၉ ရုံ ဆောက်လုပ်ရန်အတွက် မြန်မာ့မီးရထားမှ သိမ်းဆည်းခဲ့သော လယ်ယာမြေများအတွက် လျော်ကြေးပေးရန် လယ်ယာမြေပိုင်ရှင်များကိုယ်စား အထက်ချင်းတွင်းဒေသ လူငယ်များကွန်ရက်က တောင်းဆိုလိုက်ကြောင်း သိရသည်။

”ရထားလမ်းဖောက်စဉ်က လျော်ကြေးပေးတာမျိုးတွေမရှိခဲ့ဘဲ တောင်သူတွေဆီက ဒီတိုင်းသိမ်းဆည်းသွားတယ်၊ အခုခေတ်မှာတပ် မတော်သိမ်းဆည်းမြေတွေတောင် ပြန်စွန့်လွှတ်တာ လျော်ကြေးပေးတာတွေရှိလာတဲ့အတွက် တောင်သူတွေကလည်း ကျွန်တော်တို့ ဆီ လာတင်ပြကြတာကြောင့် သူတို့ကိုယ်စား ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနကို တောင်းဆိုထားပါတယ်၊ပထမတစ်ကြိမ် တောင်းဆိုတော့ သေချာစိစစ်ပြီးရင် လျော်ကြေးပေးမယ်လို့ စာနဲ့အကြောင်းပြန်တယ်၊ဒါကြောင့် အခု ကလေးခရိုင်အတွင်းက သက်ဆိုင်ရာဌာနတွေကို အမြန်ဆုံး စီစစ်ပေးဖို့ ထပ်ပြီး တောင်းဆိုသွားမယ်”ဟု အထက်ချင်းတွင်းဒေသလူငယ်များကွန်ရက်မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ကိုကျော်သက်ဝင်း က ပြောသည်။

လွန်ခဲ့သော နှစ်၂ဝကျော်က ပခုက္ကူ-ဂန့်ဂေါ-ကလေး ရထားလမ်းဖောက်လုပ်ရာ၌ သာစည်ဘူတာ၊ ထိုမာဘူတာ၊ ထောက်ကြန့်ဘူတာ၊ နတ်ချောင်းဘူတာ၊ ဟဲလုပ်ဘူတာ၊ သံဖိုဘူတာ၊ စည်းဟောင်ဘူတာ၊ ဆည်တောဘူတာ၊ မှန်တောဘူတာ စသော ခရီးသည်ရပ်နားဘူတာရုံ ၉ ရုံအတွက် ဘူတာရပ်ဝန်းများတည်ဆောက်ရန် မြန်မာ့မီးရထားလုပ်ငန်းက သိမ်းယူခဲ့ကြောင်း၊ အဆိုပါ ဘူတာ ၉ ဘူတာအပြင် ရထားလမ်းပိုင်း၌ပါရှိသော လယ်ယာမြေများအတွက်ပါ ထိုအချိန်ကတည်းက နစ်နာကြေး၊ လျော်ကြေးငွေများ တစ်စုံတစ်ရာ ပေးချေခဲ့ခြင်းမရှိသောကြောင့် ယခုအခါ ထပ်မံတောင်းဆိုရန်စီစဉ်ရခြင်းဖြစ်ကြောင်း အထက်ချင်းတွင်းဒေသလူငယ်များကွန်ရက်မှ သိရသည်။

”ရထားလမ်းစဖောက်ကတည်းက အခုချိန်ထိနှစ် ၂ဝကျော်ပြီ လျော်ကြေးပေးတာမျိုးတစ်ခါမှ မရှိသေးဘူး၊ လျော်ကြေးရမယ့်ဟာ က တောင်သူ ၃၄ ဦးရဲ့ မြေဧက ပေါင်း ၄၇ .၉၄ ဧကရှိတယ်၊အဓိက က လက်ရှိမြေပေါက်စျေးအတိုင်း လျော်ကြေးမပေးရင်တောင် တန်ရာတန်ကြေးနဲ့အစိုးရက စီစဉ်ပေးဖို့လိုတယ်”ဟု အဆိုပါ ကွန်ရက်မှ ကိုကျော်သက်ဝင်းက ထပ်မံဆိုသည်။

လတ်တစ်လောတွင် ပခု က္ကူ-ဂန့်ဂေါ-ကလေးရထားလမ်း ဖောက်လုပ်ရာ၌ ပါဝင်သွားခဲ့သော လယ်ယာမြေများမှာ သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာနကအတည်ပြုထုတ်ပေးထားသည့် မြေပိုင်ဆိုင် မှုအထောက်အထားများ တင်ပြရန် လိုအပ်မည်ဖြစ်ပြီး မီးရထား၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် မြေပြင်ကွင်းဆင်းတိုင်းတာပြီးမှန်ကန်ပါက နီးစပ်ရာဘ@ာ ရေးနှစ်တွင် လျော်ကြေးပေးအပ်သွားမည်ဟု မြန်မာ့မီးရထားလုပ်ငန်းမှ အထက်ချင်းတွင်းဒေသလူငယ်များကွန်ရက်သို့ ပထမအကြိမ် တောင်းဆိုသည့် အကြောင်းပြန် စာတွင် ဖော်ပြထားသည်။

 

ကျော်ကျော်အောင်(ကလေးမြို့)

 

LEAVE A REPLY

Please enter your comment!
Please enter your name here