ခရီးသည်ယာဉ်အဖြစ် ခွင့်ပြုချက်မယူဘဲ ပြေးဆွဲနေသည့် YBS ယာဉ်များကို မတ် ၃၁ ရက်မှစပြီး CNG ရောင်းချပေးတော့မည်မဟုတ်

861

ရန်ကုန်၊ ဖေဖော်ဝါရီ
ခရီးသည်ယာဉ်အဖြစ် ခွင့်ပြုချက်မယူဘဲ YBS ယာဉ်လိုင်းများအတွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်များကိုလာမည့် မတ် ၃၁ ရက်မှစ၍ CNG ရောင်းချပေးတော့မည် မဟုတ်ကြောင်း YBS ကုမ္ပဏီပိုင်ရှင်များ နှင့် တာဝန်ရှိသူများ တွေ့ဆုံပွဲမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်များနှင့် အငှားယာဉ်များအတွက် နေ့စဉ် CNG ကုဗပေ ၂၂ သန်းသာ ရောင်းချပေးနိုင်မည်ဖြစ်ပြီး လက်ရှိတွင် CNG ကုဗပေ ၂ဝ ဒသမ ၅ သန်းအထိ ရောင်းချပေးနေရသည့်အတွက် CNG လိုအပ်ချက်များ ရှိလာနိုင်သောကြောင့် ခွင့်ပြုချက်မယူဘဲ ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်များကို မတ် ၃၁ ရက်မှစပြီး CNG ရောင်းချပေးတော့မည် မဟုတ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံနှင့် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူက အဆိုပါတွေ့ဆုံပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

”မထသစနစ်နဲ့ ယာဉ်လိုင်းတွေ ပြေးဆွဲနေတုန်းက CNG ကုဗပေ ၁၈ သန်း ရောင်းပေးခဲ့ရတယ်၊ အခု CNG ကုဗပေ ၂ဝ ဒသမ ၅ သန်း အထိ ရောင်းချပေးနေရတယ်၊ ဌာနက ရောင်းပေးနိုင်တာက ကုဗပေ ၂၂ သန်းပဲ ရောင်းပေးနိုင်တာဆိုတော့ မကြာခင် လိုအပ်ချက်တွေရှိလာမှာပါ၊ ဒါကြောင့် ခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲခွင့်လုပ်ငန်းလိုင်စင် လုပ်ထားတဲ့ ခရီးသည်တင်ယာဉ်တွေကိုပဲ CNG ရောင်းချပေးတော့မှာ ဖြစ်တယ်”ဟု ပြောကြားခဲ့ကြောင်း တွေ့ဆုံပွဲတက်ရောက်ခဲ့သည့် ယာဉ်လိုင်းပိုင်ရှင်များထံမှ သိရသည်။

YBS ယာဉ်လိုင်းများထဲတွင် ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်အစီး ငါးထောင်ကျော်ထဲတွင် ခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲခွင့်လုပ်ငန်းလိုင်စင်လုပ်ထားသည့် ယာဉ်အစီး ၂,၇ဝဝ ကျော်သာရှိကြောင်း သိရ သည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here