ခရီးသည်တင်သုံးဘီးဆိုင်ကယ်များ  မန္တလေးမြို့အတွင်း အဓိက လမ်းမကြီးများတွင်ပါ မောင်းနှင်ခွင့်ပေးစေလိုဟုဆို

800

မန္တလေး၊ မေ

ခရီးသည်တင်နှင့်ကုန်တင်သုံးဘီးဆိုင်ကယ်များကို မန္တလေးမြို့တော်အတွင်းရှိ ၇၈ လမ်း၊ ၇၃ လမ်း၊ ၂၆လမ်း၊သိပ္ပံလမ်း စသော အဓိက လမ်းမကြီးများ၌ မောင်းနှင်သွားလာခွင့်ပိတ်ပင်ထားရာ ရံဖန်ရံခါ ကားကြီးကွင်းများသို့ ခရီးသည် ပို့ဆောင်ရာတွင် ကြန့်ကြာမှုများ ရှိသဖြင့် လမ်းမကြီးများအားလုံး သွားလာခွင့်ပေးစေလိုကြောင်း ခရီးသည်တင်သုံးဘီးမောင်းသူများကဆိုကြသည်။

”ကျွန်တော်တို့ ခရီးသည်တင် သုံးဘီးလေးတွေကျတော့ Taxi ခ နှုန်းထားကို ကီလိုနဲ့တွက်ချက်ပြီးယူတာဖြစ်တဲ့အတွက် ရံဖန်ရံခါအဓိကလမ်းမကြီးတွေကိုကွင်းပြီးသွားနေရတာနဲ့ခရီးက သိပ်မတွင်ဘူး၊ ဥပမာ ကျွဲဆည်ကန်ကားကြီးကွင်းကိုသွားချင်ရင် ၇၈ လမ်းကနေသွားရင် တစ်ဖြောင့်တည်း မြန်မြန်ဆန်ဆန် သွားလို့ရတယ်၊ ဒါပေမယ့် ၇၈ လမ်းကရော၊ သိပ္ပံလမ်းကရော သုံးဘီးဆိုင်ကယ်မောင်းခွင့် ပိတ်ထားတော့ ဟိုလမ်းဝင် ဒီလမ်းပြန်ထွက်နဲ့ ရှောင်ကွင်းမောင်းနေရတော့ ခရီးကသိပ်မတွင်တဲ့အပြင် ကီလိုကပိုတက်ရော၊ ကီလိုတက်တော့ Taxi ခ မလိုအပ်ဘဲပုံမှန်ထက် ပိုကုန်ကျသွားလို့ခရီးသည်တွေအတွက် နစ်နာရပါတယ်၊ဒါကြောင့် ခရီးသည်တင်သုံးဘီးဆိုင်ကယ်တွေကို လမ်းအားလုံးမောင်းနှင်သွားလာခွင့်ပေးစေလိုပါတယ်”ဟု ခရီးသည်တင်သုံးဘီးဆိုင်ကယ်မောင်းနှင်သူများက ပြောကြားကြသည်။

လက်ရှိတွင် မီနီအိုးဝေသုံးဘီး ဝန်ဆောင်မှုနှင့်ပြင်ပသုံးဘီးဆိုင်ကယ် Taxi များမှာ ပထမဦးဆုံး တစ်ကီလိုမီတာကို ကျပ် ၁,ဝဝဝ ယူပြီး တစ်ကီလိုမီတာထပ်တိုး တိုင်း ၂၅ဝကျပ်တိုးမြှင့်ကောက်ခံလေ့ရှိကြောင်း၊ယခုအခါ အဓိက လမ်းမကြီးများတွင် သုံးဘီးဆိုင်ကယ် မဝင်ရ သတ်မှတ်ထားသဖြင့် သွားလိုသည့်ခရီးသို့ မြန်မြန်ဆန်ဆန်သွားလို့မရဘဲ စီးနင်းသူရော မောင်းနှင်သူပါ အခက်အခဲများစွာတွေ့ကြောင်း သုံးဘီးဆိုင်ကယ်မောင်းနှင်သူများက ထပ်မံပြောကြားသည်။

”ခရီးသည်တင်သုံးဘီးတွေမှာ အာမခံရော GPS ရောတပ်ဆင်ထားတဲ့အတွက် ခရီးသည်တွေအတွက် လုံခြုံမှုရှိစေတယ်၊ အခုလည်းစည်းကမ်းရှိရှိမောင်းနေကြတယ်၊ ဒါကို ခွင့်ပေးလိုက်မယ်ဆိုရင် ခရီးသည်တွေအတွက်လည်း Taxi ခပိုမကုန်တော့ဘူး၊ မြန်မြန်ဆန်ဆန်ခရီးတွင်မယ်”ဟု သုံးဘီး Taxi ပြေးဆွဲနေသူ မန္တလေးမြို့ခံတစ်ဦးကလည်းဆိုသည်။

မန္တလေးမြို့တော်အတွင်း သိပ္ပံလမ်း၊ ၇၈ လမ်း၊ ၇၃ လမ်း၊ ၂၆ လမ်း၊ ၈၄ လမ်းစသောအဓိကလမ်းမကြီးများတွင် သုံးဘီးဆိုင်ကယ်မဝင်ရဟု သတ်မှတ်ထားသည်။

”သုံးဘီးဆိုင်ကယ်က ဆိုင်ကယ်တို့ ကားတို့ထက်စာရင် အန္တရာယ်ပိုများတယ်၊ ဒါကြောင့်ယခင်အစိုးရလက်ထက်ကတည်းက ယာဉ်အန္တရာယ်များလွန်းလို့ဆိုပြီး အဓိကလမ်းမကြီးတွေ သွားလာခွင့် ပိတ်ပင်ခဲ့တာ၊ အခုသုံးဘီးဆိုင်ကယ်ပြေးဆွဲနေသူတွေကတောင်းဆိုကြတော့ အစိုးရအဖွဲ့ကိုတင်ပြပေးသွားမယ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကော်မတီက ပြန်ခွင့်ပြုပေးရင်တော့ မောင်းနှင်ခွင့်ရမှာပေါ့” အဆိုပါကော်မတီမှယာဉ်ထိန်းရဲအရာရှိတစ်ဦးက ရှင်းလင်းပြောဆိုသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here