ခရီးသည်တင်ယာဉ်အများစုအ​နေဖြင့် ကုန်စည်သယ်ယူပို့ဆောင်ရေးကို ဦးစားပေး လုပ်ဆောင်လာသည့်အတွက် အ​ဝေး​ပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ ထိခိုက်မူ ရှိနေဟုဆို

161

 

ရန်ကုန်၊ စက်တင်ဘာ ၁၃

Covid 19 ကူးစက်မှု ပြန်လည်မြင့်မားလာချိန်တွင် ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန် တိုင်းနှင့်ပြည်နယ် အသီးသီးက ခရီးသွားများ ကန့်သတ်လိုက်သည့်အတွက် ခရီးသည်တင်ယာဉ်အများစုအ​နေဖြင့် ကုန်စည်သယ်ယူပို့ဆောင်ရေးကို ဦးစားပေး လုပ်ဆောင်လာကြ​ရာ အ​ဝေး​ပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများအ​ပေါ် ထိခိုက်မှုများရှိနေပြီး သက်ဆိုင်ရာဌာနများမှ စိစစ်ပေးရန် လိုအပ်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ သိရသည်။

လတ်တလော ဖြစ်ပွားနေ​သော Covid-19 ရောဂါ ကူးစက်မှု မြင့်မားနေသည့်အခြေအနေကို ထိန်းချုပ်မှုတစ်ရပ်ပြုလုပ်နိုင်ရန်တိုင်းနှင့် ပြည်နယ် အသီးသီးက ခရီးသွားများ ဝင်ထွက်သွားလာနေသည်ကို ကန့်သတ်ချက်များ ပြုလုပ်လာကြသည့်အတွက် ခရီးသည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ရပ်နားခဲ့ရ​ရာ ခရီးသည်တင်ယာဉ်အများစုသည် ကုန်စည်များသီးသန့် သယ်ယူပို့ဆောင်ရေး ပြုလုပ်လာကြ​သော​ကြောင့် အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ၌ ထိခိုက်နစ်နာမှုများ ရှိ​နေ​ကြောင်း၊ ယခုကဲ့သို့ စည်းကမ်းချက်များနှင့်မညီသည့် ကုန်စည်လုပ်ငန်းများ ခွဲဝေ သယ်ယူပို့ဆောင်မှုများ ပြုလုပ်နေမည်ဆိုပါက ကုန်စည်စီးဆင်းမှုလုပ်ငန်းများအ​နေဖြင့်လည်း ရေရှည်ရပ်တည်ရန် အခက်အခဲများဖြစ်ပေါ်နိုင်​သော​ကြောင့် အမြန်ဆုံးစိစစ်ပေးရန် လိုအပ်နေပြီ ဖြစ်ကြောင်း သိရသည်။

” အခု ခရီးသည်တင်ယာဉ်တွေက ကုန်စည်တွေ တင်လာကြတယ်၊ သူတို့က ခရီးသည်နဲ့ ခရီးသည်မှာပါတဲ့ ခရီးဆောင်အိတ်တို့၊ လက်ဆောင်ပစ္စည်းတို့ ဒါလောက်ပဲတင်ခွင့်ရတာ၊ အခုက ကြက်သွန်တို့၊ အာလူး ဆန်တို့လို ကုန်စည်သီးသန့်တွေ တင်လာကြတယ်၊ ဒီကာလတွေမှာ ကုန်စည် သယ်ဆောင်ရေးလုပ်ငန်း အဆင်မပြေဖြစ်နေတဲ့ကြားက တိုင်းနဲ့ ပြည်နယ် ၁၄ ခုစလုံးမှာ ဒါမျိုးတွေဖြစ်လာပြီး ကုန်စည်လုပ်ငန်းကို ခွဲဝေယူကြမယ်ဆိုရင် ကုန်စည်စီးဆင်းမှုလုပ်ငန်း ပျက်စီးသွားလိမ့်မယ်၊ ပြည်သူ့အစိုးရဖြစ်တဲ့အတွက် မျှမျှတတပဲ ဖြစ်သင့်တယ်၊ အခွင့်ထူးခံဆိုတာတွေ မရှိသင့်ဘူး၊ အဲဒါတွေကို စိစစ်ပေးစေချင်ပါတယ်၊ ဒီလိုရောဂါတွေ ပြင်းထန်နေတဲ့ အချိန်မှာလည်း အစိုးရဆီက တောင်းဆိုတာမျိုး မလုပ်ချင်ပါဘူး၊ ဒါပေမဲ့ ကုန်စည်စီးဆင်းတဲ့လုပ်ငန်း ရေရှည်ရပ်တည်နိုင်ဖို့အတွက် ကိုယ့်လုပ်ငန်းရဲ့ ချမှတ်ထားတဲ့ စည်းကမ်းအပေါ်လိုက်နာဖို့ ကြပ်မတ်ပေးစေချင်ပါတယ် ” ဟု မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးကြင်သိန်းက ပြောသည်။

အဝေးပြေး သယ်ယူပို့ဆောင်ရေး ကုန်စည်လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ချမှတ်ထားသည့် စည်းကမ်းနှင့် သတ်မှတ်ထားသည့် လမ်းကြောင်းအတိုင်းသာ သွားလာနေကြခြင်းဖြစ်​ကြောင်း၊ ထိုသို့ သတ်မှတ် လမ်းကြောင်းများအတိုင်း သွားလာသည့် အချိန်ကြာမြင့်ချိန်နှင့် ခရီးသည်တင်ယာဉ်များသည် သွားလာခွင့်ရရှိထားသည့် အမြန်လမ်းမှ ကုန်စည်တင်ဆောင်ပြေးဆွဲနေကြသည့်အတွက် ကုန်စည်သယ်ယူရသည့် အချိန်ကြာမြင့်ချိန်များ ကွာခြားနေသလို ကုန်ပစ္စည်းများ ခွဲဝေတင်ဆောင်မှုများရှိနေ​သော​ကြောင့် ကုန်စည်လုပ်ငန်များအ​နေဖြင့် များစွာ ထိခိုက်မှုများ ရှိနေကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here