ခရီးသည်တင်ယာဉ်များဖြင့် ကုန်စည်တင်ဆောင်ပြေးဆွဲခွင့်မပြု၍ ခရီးသည်တင်ယာဉ်လိုင်းအချို့ ကုန်တင်ယာဉ်များနှင့် အစားထိုးပြေးဆွဲလာ

125

 

မန္တလေး၊ အောက်တိုဘာ ၁၅

ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်မှစ၍ မန္တလေးတိုင်းဒေသကြီး အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ ကုန်စည်တင်ဆောင်ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်လိုင်းများအား ဝင်ရောက်ခွင့်မပြုတော့သည့်အတွက် ယခုအခါ ခရီးသည်တင်ယာဉ်လိုင်းအချို့ ကုန်တင်ယာဉ်များဖြင့် အစားထိုးပြောင်းလဲပြေးဆွဲလာကြကြောင်း သိရသည်။

“ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်ပစ္စည်း တင်ဆောင်ပြေးဆွဲခွင့်မပေးတော့ လုပ်ငန်းက လုံး၀ ရပ်သွားတယ်၊ လုပ်ငန်းရပ်လို့ ကျွန်တော်တို့ဘက်မှာ စီးပွားရေးထိခိုက်တာအပြင် တစ်ဖက်မှာလည်း ကုန်တန်ဆာပစ္စည်း အမြဲပါးနေတဲ့သူတွေမှာ ပစ္စည်းပါးဖို့ အခက်တွေ့ကုန်ကြတယ်၊ ဒါကြောင့် သူတို့လည်းအဆင်ပြေ၊ ကိုယ်လည်းအဆင်ပြေအောင်ဆိုပြီး Canter ကားတစ်စီးတော့ ဝယ်လိုက်ရတယ်၊ ကျန်တဲ့ နှစ်စီးကိုတော့ သူငယ်ချင်းဆီက ငှားပြီး ပြေးပေးနေတယ်၊ လောလောဆယ်တော့ ကား သုံးစီးနဲ့ အစားထိုးပြေးသွားဖို့ ရှိတယ်” ဟု ကလေး-မန္တလေးပြေးဆွဲနေသော ရွှေလွင်ပြင်ယာဉ်လိုင်းပိုင်ရှင် ကိုစောမင်းလတ်က ပြောကြားသည်။

ခရီးသည်တင်ယာဉ်လိုင်းအများစုမှာ ကုန်တန်ဆာပစ္စည်းများ၊ ဂျပ်ဖာပုံးများ၊ ကုန်ခြောက်များ စသည်တို့ကို ယခင်ကတည်းက ခရီးသည်ကားများဖြင့်သာ တင်ဆောင်ကြလေ့ရှိပြီး ကုန်ပစ္စည်းကို ကုန်ကားသီးသန့်ဖြင့် တင်ဆောင်သွားလာပြေးဆွဲသည့် ခရီးသည်တင်ယာဉ်အသင်းမှာ လက်ချိုးရေ၍ရကြောင်း၊ အလေးချိန်ပေါ့ပါးသော ကုန်ပစ္စည်းများကို ၁၀ ဘီး၊ ၁၂ ဘီး စသည့် ကုန်ကားဂိတ်များမှတစ်ဆင့် ပို့ဆောင်၍ရသော်လည်း လမ်းခရီး ရက်ကြာမြင့်ခြင်းတို့ကြောင့် ကျန်းမာရေးသုံး အရေးပေါ်ဆေးများ၊ စာရွက်စာတမ်းများ၊ ဝန်ပေါ့သော ကုန်ပစ္စည်းများနှင့် စားသောက်ကုန်အချို့ကို မြန်ဆန်သည့် ခရီးသည်တင်ယာဉ်လိုင်းများဖြင့်သာ အများစုက ပို့ဆောင်ကြလေ့ရှိကြောင်း ကလေး-မန္တလေးယာဉ်လိုင်းများထံမှ သိရသည်။

“ဝန်ပေါ့တဲ့ကုန်ပစ္စည်းလေးတွေကျတော့ ခရီးသည်တင်ယာဉ်လိုင်းတွေနဲ့ပို့တာက မြန်တာကိုး၊ ဥပမာ ကလေး-မန္တလေးဆိုရင် ညနေ ၆ နာရီထွက်ရင် နောက်ရက် မနက် ၆ နာရီဆိုရောက်ပြီ၊ အဲဒီလိုပဲ မနက် ၇ နာရီထွက်ရင် ည ၇ နာရီဆို ရောက်ပြီကိုး၊ ပစ္စည်းလည်း အထားခံတယ်၊ ရက်ကြာလည်း ရတယ်ဆိုရင်တော့ ကုန်တင်ကားကြီးတွေနဲ့ ပါးကြတယ်၊ မြန်မြန်ဆန်ဆန် ရောက်ချင်တဲ့သူတွေကျတော့ ဝန်လည်းပေါ့တယ်ဆိုရင် ခရီးသည်တင်ကားတွေနဲ့ပဲ ပါးကြတယ်၊ အခုလိုကာလမှာတော့ ကုန်ပစ္စည်းတင်ဖို့ ကုန်ကားသီးသန့်ထားတဲ့ ခရီးသည်တင်ယာဉ်အသင်းတွေလောက်ပဲ လုပ်ငန်းလုံးဝမရပ်မှာ”ဟု ကလေး-မန္တလေးပြေးဆွဲနေသော ယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးစိုင်းက ဆိုသည်။

လက်ရှိတွင် ခရီးသည်တင်ယာဉ်လိုင်းအချို့သာ ကုန်ကားငယ်များဖြင့် ကုန်တန်ဆာပစ္စည်းများ သယ်ယူပို့ဆောင်နိုင်ရန် အစားထိုးပြေးဆွဲမှုရှိသော်လည်း ကလေး-မန္တလေး ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်လိုင်းအများစုမှာ ယနေ့တိုင် ရပ်နားထားရဆဲဖြစ်သည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here