ခရီးလမ်းတစ်နေရာတွင် သင့်ကား Breakdown ဖြစ်သွားခဲ့လျှင် စက်မှုအင်ဂျင်နီယာတစ်ဦး

733

ကားမောင်းသွားနေစဉ် ခရီးလမ်းမဆုံးမီ ကားအင်ဂျင်စက် ထိုးရပ်သွားပြီး ကားပျက်သည့်ဒုက္ခကို ကားသမားအများစု ကြုံဖူးကြပါသည်။ မြို့တွင်း မဝေးလှသော ခရီးစဉ်တစ်ခုမောင်းသွားစဉ် ကားပျက်ပါက ပြဿနာမရှိသော်လည်း ခရီးဝေးထွက်စဉ် လမ်းခုလတ်တစ်နေရာ၌ သင့်ကား Breakdown ဖြစ်သွားပါက အခက်အခဲများနှင့် ရင်ဆိုင်ရတတ်ပါသည်။ လူသူကင်းမဲ့သော Highway အမြန်လမ်းမကြီးပေါ်တွင် ဖြစ်ပါက ပို၍ ဒုက္ခရောက်ပါသည်။ အကူအညီရရန်ခက်ခဲခြင်း ၊ မက္ကင်းနစ်ဆရာ လှမ်းခေါ်ရန် မလွယ်ကူခြင်း၊ ကားပစ္စည်းဝယ်ယူရရှိရန် ခက်ခဲခြင်း စသော အကျဉ်းအကျပ်များကြောင့် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဒုက္ခရောက်လှပါသည်။

ကားတစ်စီးသည် စနစ်ပေါင်း(System)များစွာဖြင့် ဖွဲ့စည်းလည်ပတ်နေသော စက်ယန္တရားဖြစ်ပါသည်။ System တစ်ခု ချွတ်ယွင်းသွားလျှင် အင်ဂျင်ပုံမှန်လည်ပတ်မှုကို ထိခိုက်စေပြီး နောက်ဆုံးအင်ဂျင် Breakdown ဖြစ်ကာ မောင်းမရသော အခြေအနေတစ်ခုသို့ ရောက်ရှိသွားပါသည်။ Breakdown ဖြစ်စေသော အဓိကချွတ်ယွင်းချက်ပြဿနာများမှာ –

(၁) ဘက်ထရီအား မရှိခြင်း

ကားတစ်စီးတွင် ဘက်ထရီပါဝါ အားမရှိဘဲ အလုပ်မလုပ်နိုင်ပါ။ Battery Down သွားပါက ကားပါ Breakdown ဖြစ်သွားပါမည်။ ကား ဒက်ချ်ဘုတ်တွင် ဘက်ထရီပုံမီးနီလင်းပါက ဘက်ထရီချာဂျင် မဝင်တော့ကြောင်းပြသည့်လက္ခဏာ ဖြစ်ပါသည်။ ဘက်ထရီအားမရှိပါက ကားဟွန်းသံကို တိုးတိုးလေးသာ မြည်နိုင်သည်။ ဝိုက်ပါ နှေးကွေးသွားမည်။ မိုတာ မရုန်းနိုင်တော့ပါ။ မီးအလင်းပြင်းအား ကျသွားမည်။ အဲကွန်းဖွင့်မရတော့ပါ။ ပန်ကာကြိုးလျော့နေသလား၊ ဘက်ထရီခေါင်းချောင်နေသလား၊ ဒိုင်နမိုမိန်းကြိုးလွတ်နေသလား(Poor Connection) ၊ ဒိုင်နမိုဆော့ကတ်လွတ်နေလား စစ်ဆေးပါ။ သင့်ကားဘက်ထရီသက်တမ်း ဘယ်လောက် ရှိပြီးထင်ပါသလဲ။ ၂ နှစ်ကျော်အိုဟောင်းနေသော ဘက်ထရီများ မကောင်းနိုင်ပါ။ ဘက်ထရီမိုးရေ ခန်းပြီး ပလိတ်ပြား လုံးဝပေါ်နေသလား။ ဘက်ထရီကြောင့် Breakdown ဖြစ်လျှင် အားကောင်းသော ဘက်ထရီတစ်လုံးနှင့်ထောက်ပြီး အင်ဂျင်စက်နှိုးကြည့်ပါ။ ကားစက်နိုးသွားလျှင် အနီးဆုံး၊ ကားဝါယာရင်း၊ ဒိုင်နမို မိုတာပြုပြင်ရေးဆိုင်တစ်ဆိုင်သို့ ပြပါ။

(၂) ကားတာယာပျက်စီးခြင်းနှင့် ဘီးပေါက် လေလျော့ခြင်း

အမြန်လမ်းပေါ်တွင် ယာဉ်မတော်တဆတိမ်းမှောက်မှုဖြစ်ပွားသောအကြောင်းများတွင် တာယာကွဲထွက်ခြင်း၊ လေလျော့ ဘီးပေါက်ခြင်းများ သည် ရှေ့ဆုံးမှ ပါဝင်နေပါသည်။ တာယာလေပေါင်ဖိအား မှန်မှန်ချိန်ရန်၊ တာယာဘီးများကို စစ်ဆေးဂရုစိုက်ရန်၊ တာယာများကို ပန်းကုန်သည်အထိ မသုံးမိရန် အရေးကြီးပါသည်။ ခရီးဝေးမထွက်မီ တာယာများကို ဂရုတစိုက်စစ်ဆေးပါ။ အရန် Spare တာယာ အဆင်သင့်ဖြစ်စေရန် ပြင်ဆင်ထားပါ။ သက်တမ်းလွန်နေသော တိုက်ဆွေးတာယာ၊ လိမ်နေသောတာယာများသည် High Speed တင်၍မောင်းလျှင် ကွဲထွက်တတ်ပါသည်။

(၃) လောင်စာဆီ ပြဿနာ

အင်ဂျင်စက်တစ်လုံးတွင် Fuel System မကောင်းပါက အင်ဂျင်စက်သံ မမှန်တော့ဘဲ ဒုက္ခပေးနိုင်သည်။ ဆီဂိတ်မကောင်း၍ ဆီတိုင်ကီတွင် ဆီကုန်သွားသည်ကို မသိလိုက်ခြင်း၊ ဓာတ်ဆီထဲတွင် ရေများ ရောပါနေခြင်း၊ မသန့်ရှင်းသောချက်ဆီများ၊ ဆီအညံ့များ ရောနှောပါလာခြင်း၊ Fuel Pump မကောင်းခြင်း၊ ဆီစစ်ဘူး ပိတ်နေခြင်း၊ ကာပရိုက်တာ မကောင်းခြင်း၊ EFI ကားများတွင် Injector ပိတ်နေခြင်း စသော အကြောင်းများသည် Breakdown ဖြစ်စေသော အားနည်းချက်ပြဿနာများ ဖြစ်ပါ သည်။

(၄) မီးမမှန်ခြင်း (Ignition and Spark Plug)

အင်ဂျင်တစ်လုံး ပုံမှန်အလုပ်လုပ်နိုင်ရန် ဆီပို့စနစ် မှန်ကန်ကောင်းမွန်ဖို့ လိုအပ်သကဲ့သို့ မီးပေးစနစ်ကောင်းရန်လည်း လိုအပ်ပါသည်။ မီး နှင့် ဆီမှန်မှ အင်ဂျင်လည်ပတ်မှု ကောင်းပါမည်။ မီးပေးစနစ်တွင် မီးပေး ကွိုင် ဒစ်စတြီဗျူတာ၊ ပလပ်ကြိုး၊ Spark Plug များ ကောင်းရမည်။ ခေတ်ပေါ်အင်ဂျင်များတွင် Ignition စနစ်နှင့် Plug များ ကောင်းရမည့်အပြင် အာရုံခံဆင်ဆာများလည်း ကောင်းရမည်။ မိုးရာသီ ရေကြီးရေလျှံသောလမ်းပေါ်တွင် ကားမောင်းပါက အထူးသတိထားရန်လိုပါသည်။ မီးပေးစနစ်မှ အစိတ်အပိုင်းများ ရေစိုသွားပါက အင်ဂျင်မီး ပျောက်သွား ပြီး စက်ထိုးရပ်သွားနိုင်ပါသည်။ ဒစ်စတြီဗျူတာသုံးသော ခေတ်ဟောင်းကားများတွင် ပို၍သတိထားရပါသည်။ ဓာတ်ဆီအရည်အသွေး ညံ့လွန်းလျှင် မီးပလပ်များ ကြာကြာအသုံးမခံပါ။ အရည်အသွေးကောင်းသော ပလပ်အမျိုးအစားကို ရွေးချယ်သုံးစွဲပါ။ ခရီးသွားလျှင် သင့်ကားထဲတွင် Spark Plug နှင့် ပလပ် Spanner ဆောင်ထားပါ။

(၅) Altemartorac : AC/DC ဒိုင်နမိုချွတ်ယွင်းခြင်း

သင်ခရီးဝေးသွားစဉ် ဒိုင်နမိုမှ ချာဂျင်မဝင်တော့ပါက ခရီးဆက်သွား၍မရတော့ပါ။ ဒိုင်နမိုချာဂျင် မဝင်တော့သည်နှင့် ကားဘက်ထရီထဲတွင်ရှိသော လျှပ်စစ်ပါဝါစွမ်းအင်သည် ခဏမျှသာ ထိန်းထားနိုင်ပါသည်။ ဘက်ထရီပါဝါ လုံးဝ Down သွားပါက ကားရပ်သွားပါမည်။ ဒိုင်နမို ချာဂျင်မဝင်လျှင် ဘက်ထရီမီးနီလင်းလာသည်ကို ဒက်ချ်ဘုတ်တွင် တွေ့ရမည်။ ကားကိုလမ်းဘေးချရပ်ပြီး ဘောနတ်ဖုံးဖွင့်၍ စစ်ဆေးပါ။ ပန်ကာကြိုး ပြတ်သလား၊ ဒိုင်နမိုမိန်းကြိုးပူ၍ အရည်ပျော် ပြတ်ကျသလား၊ ဖျူ့စ်ပြတ်သလား စစ်ဆေးပါ။ ဒိုင်နမိုအတွင်းပိုင်းမှ ပြဿနာတစ်ခုခုဆိုလျှင် ကားဝါယာရင်းဆိုင် သွားပြင်မှရပါမည်။ ဒိုင်နမိုကို တစ်နှစ်တစ်ကြိမ် ဆားဗစ်စင် လုပ်ပေးပါ။

(၆) စက်နှိုးမိုတာ မရခြင်း

အော်တိုဂီယာကားများ စက်နှိုးမိုတာ မရတော့ပါက သင့်ကားကို ဆွဲယူသွားရန်သာ ဖုန်းဆက်သွယ်ပါ။ ကလပ်ပါသော ရိုးရိုးဂီယာကား များ မိုတာမရသော်လည်း ကားကို အခြားကားတစ်စီးနှင့် ဆွဲနှိုးနိုင်သည်။ ကားတစ်စီးတွင် စက်နှိုးမိုတာသည် အကြိမ်ရေများစွာ အလုပ်လုပ်ပေးရသဖြင့် ကြာလျှင် ပွန်းစားပျက်စီးပြီး မိုတာလုံးဝမလည်နိုင်သော အခြေအနေမျိုးအထိ ဖြစ်သွားနိုင်သည်။ ဘက်ထရီအားကောင်းပါလျက် မိုတာမရခြင်းမှာ ဝါယာရင်းပြဿနာကြောင့် ဖြစ်နိုင်သည်။ ကားသော့အုံမှ မိုတာ ဆိုလိုနွိုက်ကွိုင်သို့ မီးမရောက်လျှင်လည်း မိုတာ လုံးဝမလည်ပါ။ ဘက်ထရီနှင့် မိုတာတို့ တိုက်ရိုက်ဆက်သွယ်ထားသော ဘက်ထရီ ကေဘယ်လ်ကြိုးထိပ်မှ Lug ခေါင်းနှင့် နတ်ခေါင်း(Nut)များချောင်၍ လွတ်နေသလား၊ ဘက်ထရီငုတ်ခေါင်းများ အဆက်ချောင်နေသလား စစ်ဆေးပါ။ အသုံးပြု အကြိမ်ရေများသော တက္ကစီနှင့် ဘတ်စ်ကားများမှ မိုတာများ ပွန်းစားပျက်စီးလွယ်ပါသည်။ အသုံးများသော မိုတာများကို ခြောက်လတစ်ကြိမ်ခန့် ဆားဗစ်ဝင်၍ ဆေးကြောသန့်ရှင်းသင့်ပါသည်။

(၇) ကလပ်ကြိုးပြတ်ခြင်း၊ ကလပ်ဝါရှာပေါက်ခြင်း

Manual ဂီယာစနစ်သုံးသောကားများတွင် အင်ဂျင်နှင့် ဂီယာဘောက်စ်ကို ကလပ်ယူနစ်က ဆက်သွယ်ပေးသည်။ ကလပ်ခြေနင်းတံ နင်းချလိုက်လျှင် ကလပ်အုံမှ Pressure Plate ကွာသွားပြီး ကလပ် ပလိတ်ပြား Free ဖြစ်သွားမှသာ ဂီယာထိုး၍ရပါသည်။ ကလပ်စနစ်တွင် ကြိုးစနစ်နှင့် ဟိုက်ဒြောလစ်စနစ်ဟူ၍ နှစ်မျိုးရှိပါသည်။ ကြိုးစနစ်တွင် ကလပ်ကြိုး ပြတ်ထွက်သွားပါက ကလပ် အလုပ်မလုပ်တော့ပါ။ ဆီ ကလပ်တွင် ကလပ်ဆုံ ဝါရှာပေါက်သွားပါက ကလပ်နင်း၍ မရတော့ပါ။ ကလပ် မကစားနိုင်လျှင် ဂီယာထိုး၍ မရတော့ဘဲ ဒုက္ခရောက်ပါသည်။

ကလပ်ဝါရှာ ပေါက်တော့မည်ဆိုလျှင် ကြိုတင်လက္ခဏာ ပြတတ်ပါသည်။ ကလပ်နင်းထားလျှင် တဖြည်းဖြည်းကျသွားခြင်း၊ အပေါ်ကလပ်ဆုံတွင် ဘရိတ်ဆီ လျော့နည်းနေခြင်းများဖြစ်နေလျှင် ကလပ်ဝါရှာ ကြိုတင်လဲထားနိုင်ပါသည်။ ကလပ်ဝါရှာ လဲလှယ်ပေးရသောအလုပ်သည် လွယ်ကူသဖြင့် အတွေ့အကြုံရှိသော ကားဆရာများသည် မိမိကိုယ်တိုင် ဝါရှာအသစ် လဲနိုင်ပါသည်။ သင့်ကားထဲတွင် ဘရိတ်ဆီဘူးတစ်ဘူးနှင့် ကလပ်ဝါရှာ အသစ်တစ်စုံ အရန်ဆောင်ထားပါ။ ဂွင်းခွ၊ ဝက်အူလှည့်၊ ပလာယာ စသော Hand Tools များ သင့်ကားထဲတွင် ဆောင်ထားရမည်။ ကလပ်ကြိုးတစ်ချောင်း ဝယ်ယူ၍ရလျှင်လည်း ကလပ်ကြိုးကို မိမိဘာသာလဲလျှင် ရပါသည်။ သို့မဟုတ် သင်သွားလေ့ရှိသော ဝပ်ရှော့သို့ ဖုန်းဆက်လိုက်ပါ။

(၈) အင်ဂျင်အပူချိန်မြင့်တက်ပြီး အပူလွန်ကဲခြင်း

အင်ဂျင်အပူချိန်မြင့်တက်ပြီး ရေတိုင်ကီ ရေဆူသည်အထိ Overheat ဖြစ်ပါက သင့်ကားအင်ဂျင် စက်ထိုးရပ်သွားပါမည်။ ခေတ်ပေါ်ကားများတွင် အင်ဂျင်အလွန်ပူလာပါက အလိုအလျောက် စက်ရပ်သွားစေရန် စီမံထားပါသည်။ အင်ဂျင်အအေးခံစနစ်တွင် ချွတ်ယွင်းအားနည်းချက် တစ်ခုခုဖြစ်ပြီး အင်ဂျင်အပူချိန် မြင့်တက်လာရခြင်းဖြစ်သည်။ အင်ဂျင် Overheat ဖြစ်လျှင် ပစ္စတင်များ အပူကြောင့် ပွတက်လာကာ အင်ဂျင်ကျပ်သွားပါသည်။ အင်ဂျင် Overheat ဖြစ်ခြင်းသည် အင်ဂျင်ကို ကြီးမားစွာ ပျက်စီးထိခိုက်စေပါသည်။ အင်ဂျင်အပူလွန်ကဲမှုသည် ချက်ချင်းမဖြစ်ပါ။ ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်းကြောင့် ဖြစ်ရပါသည်။ ကားမောင်းနေလျှင် အင်ဂျင်အပူချိန်ပြဂိတ်ကို ဂရုစိုက်ကြည့်ပါ။

အင်ဂျင် အအေးခံစနစ် ချွတ်ယွင်းစေသောအကြောင်းများစွာရှိပါသည်။ ပန်ကာကြိုးပြတ်ခြင်း၊ ပန်ကာကြိုးချောင်ခြင်း၊ Electric Fan မလည်ခြင်း၊ Water Pipe ပေါက်ပြဲခြင်း၊ ရေတိုင်ကီရေယိုနေခြင်း၊ Capဖုံးမကောင်းခြင်း၊ သာမိုစတတ် အလုပ်မလုပ်ခြင်း၊ ရေလည်အုံမကောင်းခြင်း၊ ရေလည်အုံမှ ဝိုင်းစီးလ်ပေါက်ပြီး ရေတိုင်ကီတွင် ရေနည်းသွားခြင်း၊ ရေတိုင်ကီတွင် ရေချိုးများကပ်နေခြင်း၊ ရေတိုင်ကီ လေဝင်လိုင်းများ လေပေါက်ပိတ်နေခြင်းစသော အကြောင်းအရာမျိုးစုံသည် အင်ဂျင် အအေးခံစနစ်ကို အားနည်းစေပါသည်။

မီးတိုင်မင် စောလွန်ခြင်း၊ ဘရိတ်ရှူးများ ငြိနေခြင်းများသည်လည်း အင်ဂျင်အပူချိန် မြင့်တက်စေသောအကြောင်းတစ်ခုဖြစ်ပါသည်။ အအေးခံစနစ်ကို ဆားဗစ်စင်လုပ်ပါ။ ရေဆူပါက အင်ဂျင်အေးသွားအောင်အထိ စောင့်ပြီးစစ်ဆေးပါ။ အပြစ်ရှာကြည့်ပါ။

ကားမောင်းသွားနေစဉ် မမျှော်လင့်သောတစ်နေရာ၌ ရုတ်တရက် သင့်ကား Breakdown ဖြစ်သွားပါက အောက်ပါအတိုင်းဆောင်ရွက်ပါ။

– ယာဉ်လမ်းကြောင်း အန္တရာယ်ကင်းစေရန် လမ်းဘေး မြေအမာခံရှိသောနေရာသို့ ကားကို တွန်းရွှေ့ပါ။

– အချက်ပြစုံမီးဖွင့်ထားပါ။

– သင့်ကားနောက် ကိုက်ငါးဆယ်ခန့်အကွာတွင် ကားပျက်နေကြောင်း အခြားကားများမှသိသာရန် ရောင်ပြန်တြိဂံပြားကို လမ်းဘေးတစ်ဖက်တွင် ထောင်ပြထားပါ။

– စက်ဖုံးဖွင့်၍ Breakdown ဖြစ်ရသောအကြောင်းရင်းကို ရှာကြည့်ပါ။

– သင်ကားအကြောင်း ထဲထဲဝင်ဝင် နားမလည်ပါက သင့်မက္ကင်းနစ်ဆရာထံ ဖုန်းဆက်ပါ။

– သို့မဟုတ် အခြားအငှားကားတစ်စီးကို အကူအညီတောင်း၍ သင့်ကားကို ဝပ်ရှော့သို့ ဆွဲယူသွားနိုင်ရန် ကြိုးစားပါ။

– အချို့သော ပြဿနာငယ်လေးများသည် သင်ကိုယ်တိုင် ကြိုးစားဖြေရှင်းပါက သင့်ကားကို ပြန်မောင်း၍ ရနိုင်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here