ခရီးစဉ်လမ်းကြောင်းတူပြီး အုပ်ချုပ်မှု ကွဲပြားနေသည့် ယာဉ်လိုင်းများကို စုပေါင်း၍ ကုမ္ပဏီတစ်ခုတည်းအဖြစ် ပြေးဆွဲမည်

581

ရန်ကုန်၊ ဇူလိုင် ၁၆
ခရီးစဉ်လမ်းကြောင်းတူပြီး အုပ်ချုပ်မှု ကွဲပြားနေသည့် ယာဉ်လိုင်းများကို စုပေါင်း၍ ကုမ္ပဏီတစ်ခုတည်းအဖြစ် ပြေးဆွဲမည်ဖြစ်ကြောင်း YBS ယာဉ်လိုင်း ကုမ္ပဏီများမှ သိရသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းပေါင်း ကိုးဆယ် ကျော်တွင် ခရီးစဉ်လမ်းကြောင်းတူနေပြီး အုပ်ချုပ်မှု ကွဲပြားနေသည့် ယာဉ်လိုင်းများကို ကုမ္ပဏီတစ်ခုတည်းအဖြစ် ဖွဲ့စည်းပြေးဆွဲကြရန်အတွက် YRTA က ညွန်ကြားထားပြီး ဖွဲ့စည်းမှုကိုလည်း စတင်နေပြီဖြစ်ကြောင်း သိရသည်။
‘‘ခရီးစဉ်လမ်းကြောင်းတူပြီး အုပ်ချုပ်မှုမတူတဲ့ ယာဉ်လိုင်းတွေကို ပူးပေါင်းပြေးဆွဲဖို့ ညွန်ကြားထားပြီး ဖြစ်ပါတယ်၊YRTA ကနေ လမ်းကြောင်း တူတဲ့ ယာဉ်လိုင်းတွေကိုခေါ်ပြီး ဖွဲ့စည်းပေးနေပါပြီ၊ YBS 31 ယာဉ်လိုင်း မှာ ကုမ္ပဏီနဲ့ ယာဉ်လိုင်းတာဝန်ခံ အုပ်ချုပ်မှုကွဲပြားနေတဲ့အတွက် ပူးပေါင်း ပြေးဆွဲဖို့ ခေါ်ယူညှိနှိုင်းပြီးပြီလို့ သိရပါတယ်၊ ကျန်တဲ့ ယာဉ်လိုင်းတွေလည်း ခေါ်ယူဖွဲ့စည်းပေးမယ်လို့ သိရပါတယ်’’ဟု Power Eleven အများပိုင် ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ကိုတရုတ်လေးက ပြောသည်။
YBS ယာဉ်လိုင်းများတွင် အုပ်ချုပ်မှုအမျိုးမျိုး၊ အစုအဖွဲ့အမျိုးမျိုး ဖြင့် ယာဉ်လမ်းကြောင်းများစွာ ကွဲပြားနေကြသည့်အတွက် လမ်းကြောင်း တူ ယာဉ်လိုင်းများကို အဖွဲ့အစည်းတစ်ခုဖြင့်သာ ဖွဲ့စည်းပြေးဆွဲဖို့အတွက် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့စီစဉ်ရာတွင်လည်း ကိုယ်ရကိုယ်ယူစနစ်ဖြင့် ပြေးဆွဲနေသည့် ယာဉ်လိုင်းများကို ဦးစားပေးဖွဲ့စည်းကာ ဝေပုံကျစနစ်ဖြင့် ပြေးဆွဲရမည် ဖြစ်သည်။ ရန်ကုန်မြို့တွင်းပြေးဆွဲသည့် YBS ယာဉ်လိုင်း ကိုးဆယ် ကျော်ရှိပြီး ကုမ္ပဏီ ၂၂ ခုရှိကြောင်း သိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here