ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့များ ထိထိရောက်ရောက်နှင့် မှန်မှန်ကန်ကန် လုပ်ငန်းလုပ်ဆောင်နိုင်ရန် လက်စွဲစာအုပ် ထုတ်ပြန်ပေးသွားမည်

72

 

မန္တ​လေး၊ ​အောက်တိုဘာ ၉

မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးများနှင့် ပြည်နယ်အလိုက် ခရီးသွားဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ကြရာ၌ သက်ဆိုင်ရာဒေသအလိုက် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့များအနေဖြင့် ထိထိရောက်ရောက်နှင့် မှန်မှန်ကန်ကန် လုပ်ငန်းလုပ်ဆောင်နိုင်ရန် လက်စွဲစာအုပ်များ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး၀န်ကြီးဌာနမှ သိရသည်။

“ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့တွေမှာ ဒေသန္တရ အာဏာပိုင်တွေနဲ့အတူ ခရီးသွားလုပ်ငန်းရှင်တွေနဲ့ ဒေသခံပြည်သူတွေ ဟန်ချက်ညီညီ ပူးပေါင်းပါ၀င် လုပ်ဆောင်ဖို့ အင်မတန် အရေးကြီးပါတယ်” ဟု အဆိုပါ၀န်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ယခုအစိုးရလက်ထက်တွင် ဖက်ဒရယ် ဒီမိုကရေစီစနစ်အား ဖော်ဆောင်နေသည့်အပြင် ယခင် ဟိုတယ်နှင့် ခရီးသွားလာရေး၀န်ကြီးဌာန (ပြည်ထောင်စု)က ချုပ်ကိုင်ထားသည့် ခရီးသွားလုပ်ငန်း လုပ်ပိုင်ခွင့်များကို ၂၀၁၈ မြန်မာ့ခရီးသွားလုပ်ငန်း ဥပဒေနှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားကော်မတီများထံ လွှဲပြောင်းပေးထားပြီးဖြစ်ကာ အမျိုးသားအဆင့် မူဝါဒနှင့် စံချိန်စံညွှန်းကိစ္စများကိုသာ အဓိကတာ၀န်ယူဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဒေသဆိုင်ရာ ခရီးသွားကော်မတီများက ဖွဲ့စည်းပေးမည့် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့များသည် တိုင်းနှင့်ပြည်နယ်များကို ကိုယ်စားပြုရခြင်းဖြစ်သောကြောင့် မကြာမီ ထုတ်ပြန်မည့် မြန်မာ့ခရီးသွားလုပ်ငန်း နည်းဥပဒေပါ တာ၀န်နှင့် လုပ်ပိုင်ခွင့်များ၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကိုပါ လိုက်နာသွားရမည်ဖြစ်ကြောင်း အဆိုပါ၀န်ကြီးဌာနမှ တာ၀န်ရှိသူများက ပြောဆိုသည်။

“ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့တွေ ဖော်ဆောင်မယ့် ကျေးလက်ဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ၊ လူသားအရင်းအမြစ်နဲ့ နည်းပညာအကူအညီတွေ၊ Covid-19 အလွန် New Normal စျေးကွက်မှာ ပြိုင်ဆိုင်နိုင်ဖို့ Digitization တွေ မလွဲမသွေ လိုအပ်လာလိမ့်မယ်၊ အဲဒီလို ဖော်ဆောင်ရာမှာလည်း ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဘတ်ဂျက်တွေ တောင်းခံဖော်ဆောင်တာတွေ ရှိသလို Development Partner တွေ ပါ၀င်လုပ်ဆောင်ကြဖို့လည်း ဖိတ်ခေါ်တာတွေရှိပါမယ်” ဟု အဆိုပါ၀န်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ထပ်မံဆိုသည်။

မြန်မာနိုင်ငံသည် လက်ရှိတွင် ကမ္ဘာ့ကုလသမဂ္ဂ၏ Sustainable Development Goals အတိုင်း ၂၀၃၀ ပြည့်နှစ်တွင် အကောင်အထည်ပေါ်လာစေရန် ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် အကောင်အထည်ဖော်ရေး အစီအစဉ် (MSDP) နှင့်အညီ ခရီးသွားလုပ်ငန်းကိုပါ အခြေချပြီး ခရီးစဉ်ဒေသများသာမက ကျေးလက်ဒေသများပါ လိုက်ပါဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ဖြစ်ကြောင်း အဆိုပါ၀န်ကြီးဌာနမှ ထပ်မံသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here