ခရမ်းလွန်ရောင်ခြည်မသင့်ရလေအောင် အပိုင်း (၃)

537

နေရောင်ဒဏ်ခံ လိမ်းဆေးများအနက် သာမန်လိမ်းဆေးများမှာ Sun Protection Factor(SPF) အဆင့် ၁၅ မှ ၃ဝ အတွင်း ရှိသည့် လိမ်းဆေး(Lotion) များ ဖြစ်ကြပြီး အဆင့်မြင့်လိမ်းဆေးများမှာမူ SPF အဆင့် ၃ဝ မှ ၅ဝ အတွင်းရှိသည့် လိမ်းဆေးများနှင့် SPF ၅ဝ+ လိမ်းဆေးများဖြစ်ကြသည်။ အဆိုပါလိမ်းဆေးများကို နေရောင်ထဲသို့မထွက်မီ ကြိုတင်လိမ်းကျံထားကြရမည်ဖြစ်ပြီး နေရောင်ထဲ၌ရှိနေချိန် နှစ်နာရီကြာပြီးတိုင်း နောက်တစ်ကြိမ်ထပ်မံ လိမ်းကျံရမည် ဖြစ်သည်။

မြန်မာ့မြေပေါ်တွင် ပေါက်ရောက်သော သနပ်ခါးသည် ခရမ်းလွန်ရောင်ခြည် ကို ကာကွယ်ရန်အတွက် အကောင်းဆုံးသော သဘာဝလက်ဆောင်ဖြစ်သည်။ နေရောင်ဒဏ်ခံ လိမ်းဆေးများသည် ခန္ဓာကိုယ်အရေပြားအတွင်းသို့ ခရမ်းလွန်ရောင်ခြည် များ ဖောက်ထွင်းဝင်ရောက်မလာနိုင်အောင် ကာကွယ်ပေးနိုင်ခြင်းမရှိဘဲ ဖောက်ထွင်းဝင်ရောက်နေသည့် ခရမ်းလွန်ရောင်ခြည်များကိုသာ စုပ်ယူပေးနိုင်ကြသည်။

မြန်မာ့သနပ်ခါးကမူ ခန္ဓာကိုယ်အရေပြားအတွင်းသို့ ခရမ်းလွန်ရောင်ခြည် ဖောက်ထွင်းဝင်ရောက်ခြင်းမပြုနိုင်အောင် ကာကွယ်ပေးနိုင်စွမ်းရှိသည်။ သနပ်ခါးဟုဆိုရာ၌ သဘာဝသနပ်ခါးတုံးများကိုသွေး၍ ရရှိလာသော သနပ်ခါးအနှစ်ရည်များကိုသာ ဆိုလိုခြင်းဖြစ်ပြီး ဓာတုဗေဒနည်းဖြင့် တာရှည်ခံအောင် စီရင်ထားသော သနပ်ခါးခဲ၊ သနပ်ခါးရည်၊ သနပ်ခါးမှုန့်များမှာ အကျုံးဝင်ခြင်း မရှိကြပေ။

ယေဘုယျအားဖြင့် နံနက် ၁ဝ နာရီ မှ ညနေ ၄ နာရီ အချိန်အတွင်း နေရောင်ထဲတွင် အကာအကွယ်မဲ့ သွားလာခြင်းမျိုးမှ ရှောင်ရှားခြင်း၊ နေကို စူးစိုက်ကြည့်ခြင်းမျိုး မှ ရှောင်ရှားခြင်း၊ မွေးကင်းစနှင့် လသားအရွယ်ကလေးငယ်များကို ပက်လက်အနေအထားဖြင့်ပွေ့ချီ၍ အကာအကွယ်မဲ့ သွားလာခြင်းမျိုးမှ ရှောင်ရှားခြင်း၊ ခရမ်းလွန်ရောင်ခြည်သင့်ရောက်ခြင်းကို တားဆီးပေးနိုင်သော UV Protection ပါသည့် ထီးနှင့် ဦးထုပ်များ ဆောင်းထားခြင်း၊ ခရမ်းလွန်ရောင်ခြည် ကာကွယ်နိုင်သော နေကာမျက်မှန် (UV Protective Glare Glass) များ တပ်ဆင်ထားခြင်း၊ ပြင်းထန်သော နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးသည့် Tinted Glass များ တပ်ဆင်ထားသော မော်တော်ကားများကိုသာ အသုံးပြုခြင်း၊ နေအိမ်အဆောက်အအုံများ၌ နေရောင်ခံ (Sun Glass) များ တပ်ဆင်အသုံးပြုခြင်း၊ နေရောင်ဒဏ်ခံ လိမ်းဆေးများ လိမ်းခြင်း၊ နေရောင်နှင့်ထိတွေ့နိုင်သောခန္ဓာကိုယ် နေရာအနှံ့ သနပ်ခါးလိမ်းထားခြင်း စသည်တို့သည် ခရမ်းလွန်ရောင်ခြည် လွန်ကဲစွာ သင့်ရောက်မှုခံရခြင်းနှင့် ပြင်းထန်သော အပူဒဏ်ခံရခြင်းတို့မှ လွတ်ကင်းနိုင်သည်။

ဤနေရာတွင် ခရမ်းလွန်ရောင်ခြည် နှင့်ပတ်သက်၍ လွဲမှားသောအယူအဆ အချို့ရှိနေကြသည်။ ပူပြင်းသောနွေရာသီကာလ၌သာ ခရမ်းလွန်ရောင်ခြည် ကျရောက်နိုင်သည်ဟူသော အယူအဆနှင့် ထိုကာလမျိုး၌သာ ခရမ်းလွန်ရောင်ခြည်၏ အန္တရာယ်ကို စိုးရိမ်ရသည်ဟူသော အယူအဆတို့ ဖြစ်ကြသည်။ ပကတိဖြစ်စဉ်၌မူ သဘာဝယန္တရားကြီး လည်ပတ်နေမှုကြောင့် ခရမ်းလွန်ရောင်ခြည်သည် အိုဇုန်းလွှာ၏ အကာအကွယ်ကင်းမဲ့နေချိန်တွင် ရာသီမရွေး ကျရောက်နိုင်ပြီး ရာသီကာလများအလိုက် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အနိမ့်၊ အမြင့် ကွာခြားခြင်းမျိုးသာ ရှိနိုင်သည်။

ခရမ်းလွန်ရောင်ခြည်နှင့် ပတ်သက်၍ စိတ်သက်သာစရာကောင်းသည့် အချက်တစ်ချက်မှာ CFC ကဲ့သို့သော ဓာတ်ငွေ့ နှင့် ကာဗွန်ဒြပ်ပေါင်းများ စွန့်ထုတ်မှုကို သိသာစွာ လျှော့ချလိုက်မည်ဆိုလျှင် အိုဇုန်းလွှာအပေါက်ကြီး၏ ကျယ်ပြန့်နေမှုမှာ တဖြည်းဖြည်း လျော့ပါးသက်သာလာနိုင်ပြီး ဓာတ်ငွေ့ထုတ်လွှတ်မှုကို စနစ်တကျ ထိန်းချုပ်နိုင်ပါက အိုဇုန်းလွှာအပေါက်ကြီးမှာ ပြန်လည်ကျုံ့ဝင်သွားနိုင်ခြင်းပင်ဖြစ်သည်။ CFC အပါအဝင် ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးကို ကမ္ဘာ့နိုင်ငံများက တညီတညွတ်တည်း လေးစားလိုက်နာကြမည်ဆိုလျှင် အိုဇုန်းမော်လီကျူးများ ပြန်လည်ဖြစ်တည်လာကာ အိုဇုန်းလွှာပေါက်ထွက်နေမှုမှာလည်း တဖြည်းဖြည်း ကျဉ်းမြောင်းလာပြီး ဆယ်စုနှစ် အနည်းငယ် အတွင်းမှာပင် မူလအိုဇုန်းလွှာ၏ သဘာဝအနေအထားအတိုင်း ပြန်လည်ရောက်ရှိသွားနိုင်ခြင်းပင် ဖြစ်သည်။

သို့ဖြစ်၍ ကမ္ဘာ့လူသား အားလုံးတို့က အိုဇုန်းလွှာကို ထိခိုက်ပျက်စီးစေသည့် ကာဗွန်ဒြပ်ပေါင်းများ ထုတ်လွှတ်မှုကို အသိတရားရှိရှိဖြင့် ထိန်းချုပ်လျှော့ချပေးကြခြင်းဖြင့် လူသားအားလုံး၏ ကျန်းမာရေးနှင့် တိုက်ရိုက်သက်ဆိုင်နေသော အိုဇုန်းလွှာ ထိခိုက်ပျက်စီးမှုကို ကာကွယ်စောင့်ရှောက်နိုင်ကြမည် ဖြစ်သည်။ အိုဇုန်းလွှာထိခိုက်မှု မဖြစ်ပေါ်စေရေးအတွက် ကာကွယ်စောင့် ရှောက်ရေးသည် ကမ္ဘာ့လူသားထုတစ်ရပ်လုံးအတွက် မဖြစ်မနေ လုပ်ဆောင်ရမည့် မွေးရာပါ တာဝန်ကြီးတစ်ရပ်ပင် ဖြစ်ပေသည်။

သိပ္ပံစာရေးစရာကိုကိုအောင်

LEAVE A REPLY

Please enter your comment!
Please enter your name here