ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလ  ကလေးမြို့တွင် အိန္ဒိယနှင့်တရုတ်ဆိုင်ကယ်များ သုံးနှစ်အတွင်း စံချိန်တင် ရောင်းအားကျဆင်း

1156

ကလေးမြို့တွင် ယခင်နှစ်များက ခရစ္စမတ်ကာလနှင့် နှစ်သစ်ကူးကာလ၌ ထိုင်း၊ အိန္ဒိယ၊ တရုတ် စသော ဆိုင်ကယ် Brand အစုံ အရောင်းသွက်လေ့ရှိသော်လည်း ယခုနှစ်တွင် စီးပွားရေးကျပ်တည်းမှုများကြောင့် အိန္ဒိယနှင့် တရုတ်ဆိုင်ကယ်များအားလုံး သုံးနှစ်အတွင်း စံချိန်တင်ရောင်းအားကျဆင်းနေကြောင်း ကလေးမြို့ ဆိုင်ကယ်အ ရောင်းဆိုင်များမှ သိရသည်။

”အရင်နှစ်တွေက ခရစ္စမတ်ချိန်နဲ့ နှစ်သစ်ကူးဆိုရင်မြို့ကြီးတွေနဲ့ နိုင်ငံခြားမှာရောက်နေတဲ့ ချင်းတိုင်းရင်းသား တွေက ကလေးမြို့နဲ့ ချင်းတောင်ပေါ်ကို အသီးသီးပြန်လာကြတော့ ဆိုင်ကယ်တွေလည်း ရောင်းကောင်းတယ်၊ တစ်နှစ်တာလုံး အလုပ်လုပ်ပြီးစုဆောင်းထားတဲ့ ငွေကြေးလေးနဲ့ကိုယ့်ညီ၊ ညီမတွေကို လက်ဆောင်ဝယ်ပေးကြတဲ့ ဓလေ့ရှိတော့ ခရစ္စမတ်ချိန်ဆို နှစ်တိုင်း ရောင်းကောင်းတယ်၊ ဒီနှစ်ကျတော့ စီးပွားရေးကျပ်တည်းကြတော့ ဆိုင်ကယ်ကအစ လွန်ခဲ့တဲ့ ၂ နှစ်ကနဲ့ယှဉ်ရင် ထက်ဝက်လောက် ရောင်းအားကျသွားတယ်”ဟု ကလေးမြို့ ‘ဟန်ဂျီအင်းဆိုင်ကယ် အရောင်းပြခန်း’ပိုင်ရှင် ကိုစိုးသီဟက ပြောကြားသည်။

 

ခရစ္စမတ်ကာလတွင် ဒေသအသီးသီးသို့ ရောက်ရှိနေသော မိသားစုဝင်များအားလုံး တစ်စုတစ်စည်းတည်း တွေ့ဆုံသည့်ဓလေ့ရှိ ကြောင်း၊ ထိုသို့ တွေ့ဆုံရာတွင် ဝင်ငွေကောင်းသူ မိသားစုဝင်များက ဆွေမျိုးသားချင်းများအတွက် တန်ဖိုးကြီးပစ္စည်းများဝယ်၍ လက်ဆောင်အဖြစ်ပေးလေ့ရှိရာ အများစုမှာ အိန္ဒိယနှင့် တရုတ်ဆိုင်ကယ်များ ဝယ်လေ့ရှိကြောင်း ကလေးမြို့ ဆိုင်ကယ်အရောင်းဆိုင်များမှ သိရသည်။

 

”ခရစ္စမတ်ကာလနဲ့ နှစ်သစ် ကူးကာလ ပြန်လာပြီဆိုရင် ချင်းတိုင်းရင်းသားတွေမှာက ကိုယ့်မောင်နှမတွေ၊ ဆွေမျိုးသားချင်းတွေထဲက ကျောင်းတက်မယ့်သူ၊ လုပ်ငန်းခွင်အတွက် လိုအပ်မယ့်သူတွေကို ငွေကြေး၊ ဒါမှမဟုတ် လက်ဆောင်ပစ္စည်း ကြီးကြီးမားမား ပေးလေ့ရှိတယ်၊ ဒီနှစ်လည်း ချင်းတောင်ပေါ်ကရော၊ ကလေးမြို့ပေါ် ကရော လာဝယ်ကြတာရှိပေမဲ့ အရမ်းနည်းတယ်၊ တစ်ရက် သုံးစီး၊ လေးစီးဝန်းကျင်ပဲ ရောင်းရ တယ်၊ အများအားဖြင့်တော့ KenBo နဲ့ NewAnBo တံဆိပ်တွေရဲ့ 125 R ဘီးနဲ့ အိန္ဒိယ Ray Z တွေ ဝယ်လာတယ်”ဟု ကလေးမြို့ခံ ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

 

ကလေးမြို့တွင် ဒီဇင်ဘာလ နောက်ဆုံးပတ်၌ 125R (KenBo) ကျပ် ၇၇ဝ,ဝဝဝ၊ 125 R(NewAnBo) ကျပ်ခြောက်သိန်းခွဲ၊ CZI (Boja) ကျပ် ၅၇ဝ,ဝဝဝ၊ Toyomax ၁၁ဝ ကျပ်ငါးသိန်း၊ MSX (NewAnBo) ကျပ် ၈၇ဝ,ဝဝဝ၊ အိန္ဒိယ YAMAHA Ray Z ကျပ် ၁,၄၅ဝ,ဝဝဝ စသော ပေါက်စျေးများရှိနေကြောင်း အဆိုပါ စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here