(ခ)ယာဉ်မောင်းလိုင်စင် လက်တွေ့ စစ်ဆေးခြင်းကို ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်ကညနတွင် စစ်ဆေးပေးနိုင်ရန်စီစဉ်

831

(ခ)ယာဉ်မောင်းလိုင်စင် လက်တွေ့စစ်ဆေးခြင်းကို ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်ကညနတွင်ပါ တိုးချဲ့ စစ်ဆေးပေးနိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးခွဲ (ရွာသာကြီး)မှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး ကုန်း လမ်းပို့ဆောင်ရေး ñွှန်ကြားမှုဦးစီး ဌာနတွင် (ခ) ယာဉ်မောင်းလိုင်စင် လာရောက်ဖြေဆိုသူ အရေအတွက် မှာ တစ်ရက်လျှင် အယောက် ငါးရာ ဝန်းကျင်ရှိနေသည့်အတွက် ဖြေဆို မည့်သူများအားလုံးကို အချိန်နှင့် တစ်ပြေးညီ စနစ်တကျ စစ်ဆေး ပေးရန်နှင့် ဖြေဆိုရန် စောင်းဆိုင်း နေရခြင်း မရှိစေရန်အတွက် တိုင်း ဒေသကြီးရုံးခွဲအပြင် တောင်ပိုင်း ခရိုင်ရုံး သန်လျင်ကညနရုံးတွင်ပါ ဖြေဆိုနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

 

”(ခ) ယာဉ်မောင်းလိုင်စင် ဖြေတဲ့သူက တစ်ရက်ကို အယောက် ငါးရာလောက်ရှိနေတယ်၊ ရွာသာကြီး ကညနရုံးမှာ စစ်ဆေးရေးကွင်းက တစ်ခုပဲ ရှိပါတယ်၊ ဒါကြောင့် လိုင်စင်ဖြေတဲ့သူ အရေအတွက်ကို တစ်ရက်မှာ အယောက် သုံးရာ သတ်မှတ်ပြီး စစ်ဆေးပေးနေတယ်၊ အသစ်ဖြေဆိုသူတွေအပြင် ကျတဲ့အဟောင်းတွေနဲ့ဆို တစ်ရက် လေးရာကျော် ငါးရာလောက် ရှိတယ်၊ အသစ်ဖြေတဲ့သူနဲ့ ကျတဲ့သူတွေ ပြန်ဖြေတာပေါင်းရင် အယောက်နှစ်ရာ ဝန်းကျင်လောက်က ပိုနေတယ်၊ ဒါကြောင့် ဖြေတဲ့သူတွေကို အချိန်နဲ့တစ်ပြေးညီ စစ်ဆေးပေးနိုင်ဖို့အတွက် တောင်ပိုင်းခရိုင်ကညန (သန်လျင်) ရုံးခွဲမှာပါ စစ်ဆေးဖို့ စီစဉ်နေပါတယ်၊ ဒီအတွက် မြေနေရာလည်း ရှိပြီးသားပါ၊ အခုက မိုးတွင်းဖြစ်နေတဲ့အတွက် ကွင်းပြင်ဆင်ဖို့ စောင့်ဆိုင်းနေရတာပါ၊ ကွင်းပြင်ဆင်လို့ ပြီးတာနဲ့ (ခ)လိုင်စင်ဖြေဆိုသူတွေကို စတင်စစ် ဆေးပေးသွားမှာပါ”ဟု ရန်ကုန် တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာနရုံးခွဲ (ရွာသာကြီး) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

ယာဉ်မောင်းလိုင်စင် (လက်တွေ့)စစ်ဆေးခြင်းကို ယခင်က နေ့စဉ် လာရောက်ဖြေဆိုသူ အားလုံးကို စစ်ဆေးဆောင်ရွက်ပေးခဲ့သော်လည်း စနစ်တကျ စစ်ဆေးဆောင်ရွက်နိုင်ရန်အတွက် ဇွန်လမှ စတင်ကာ တစ်ရက်လျှင် (ခ) ယာဉ်မောင်းလိုင်စင် အသစ်ဖြေဆိုသူ သုံးရာကိုသာ ကန့်သတ်စစ်ဆေးပေးခဲ့သဖြင့် ဖြေဆိုရန် စောင့်ဆိုင်းရခြင်းများ ဖြစ်ပေါ်နေသည်ဖြစ်ရာ အချိန်နှင့် တစ်ပြေးညီ စစ်ဆေးဆောင်ရွက်ပေးနိုင်ရန်  တောင်ပိုင်းခရိုင်ရုံး ကညန(သန်လျင်)တွင်ပါ တိုးချဲ့စစ်ဆေးပေးရန်စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here