(ခ)ယာဉ်မောင်းလိုင်စင်  ဖြေဆိုရာတွင်  ငါးခါအထိကျရှုံး၍ မူလသင်တန်းကျောင်းသို့  ပြန်လည်စေလွှတ်ခဲ့ရသူ  သုံးလအတွင်း  ဦးရေနှစ်ရာကျော်အထိရှိ

694

(ခ)ယာဉ်မောင်းလိုင်စင်(လက်တွေ့) ဖြေဆိုရာတွင် ငါးခါအထိ ကျရှုံး၍ မူလသင်တန်းကျောင်းသို့ ပြန်လည်စေလွှတ်ခဲ့ရသူ သုံးလအတွင်း ဦးရေနှစ်ရာ ကျော်အထိရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးခွဲ(ရွာသာကြီး)မှ သိရသည်။

 

(ခ)ယာဉ်မောင်းလိုင်စင် (လက်တွေ့) ဖြေဆိုသူများ ငါးခါအထိကျရှုံးပါက ယာဉ်မောင်းသင်တန်းကျောင်းသို့ ပြန်လည်စေလွှတ်သည့်စနစ် စတင်ကျင့်သုံးခဲ့သော ဇွန်လမှ စက်တင်ဘာလအထိ သင်တန်းကျောင်းသို့ ပြန်လည်စေလွှတ်ခဲ့ရသည့် ယာဉ်မောင်းဖြေဆိုသူ ၂၂၆ ဦးအထိရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးခွဲ (ရွာသာကြီး) မှ သိရသည်။

 

”အရင်တုန်းက ဘယ်နှကြိမ်ကျကျ မအောင်မချင်း ဖြေလို့ရတယ်၊ ဇွန်လကစပြီး ငါးကြိမ်အထိကျတဲ့သူကို ယာဉ်မောင်းသင်တန်းကျောင်းကို ပြန်လွှတ်ပြီး သင်ခိုင်းတယ်၊ သေချာ စနစ်တကျသင်ကြားထားရင် ဒီလောက် အကြိမ်များများ ကျစရာမလိုပါဘူး၊ ဒါကြောင့် သင်ကြားဖို့ လိုနေသေးတဲ့အတွက် သင်တန်းကျောင်းကို ပြန်လွှတ်ရတာပါ၊ ပြန်လွှတ်ခံရတဲ့ သူက သင်တန်းကျောင်းက ထပ်မံသင်ကြားပြီးကြောင်း ထောက်ခံစာနဲ့ အတူ ပြန်လည်ဖြေဆိုရတာပါ၊ ဒီစနစ်ကို စတင်ကျင့်သုံးခဲ့တဲ့ သုံးလတာအတွင်းမှာ သင်တန်းကျောင်းပြန်လွှတ်ရတာ အယောက်နှစ်ရာကျော် ရှိနေပါပြီ”ဟု ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးခွဲ (ရွာသာကြီး) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

(ခ)ယာဉ်မောင်းလိုင်စင် (လက်တွေ့)ဖြေဆိုသူများ ငါးခါအထိကျပါက မူလသင်ကြားခဲ့သည့် သင်တန်းကျောင်းသို့ ပြန်လည်စေလွှတ်ခဲ့သည့်စနစ် စတင်ကျင့်သုံးခဲ့သည့် ဇွန်လတွင် (ခ) ယာဉ်မောင်းလိုင်စင် (လက်တွေ့) ဖြေဆိုသူ ၁၁,၂ဝ၇ ဦးမှ သင်တန်းကျောင်း ပြန်လည်စေလွှတ်ခဲ့ရသူ ၆၈ ဦး၊ ဇူလိုင်လတွင် ဖြေဆိုသူ ၈,၉၅၇ ဦးမှ သင်တန်းကျောင်း ပြန်လည် စေလွှတ်ခဲ့ရသူ ၇၇ ဦး၊ သြဂုတ်လတွင် ဖြေဆိုသူ ၉,၂၄၇ ဦးမှ သင်တန်း ကျောင်း ပြန်လည်စေလွှတ်ခဲ့ရသူ ၆၂ ဦး၊ စက်တင်ဘာ ၁ ရက်မှ ၁၅ ရက်အတွင်း ဖြေဆိုသူ ၅,၂၇၃ ဦးတွင် သင်တန်းကျောင်း ပြန်လည်စေလွှတ် ခဲ့ရသူ ၁၉ ဦးရှိခဲ့ကာ ယင်းစနစ် စတင်ကျင့်သုံးခဲ့ချိန်မှ လက်ရှိအချိန်အထိ (ခ) ယာဉ်မောင်းလိုင်စင်ဖြေဆိုသူ ၃၄,၆၈၄ ဦးထဲတွင် သင်တန်းကျောင်း ပြန်လည်စေလွှတ်ခဲ့ရသူ ၂၂၆ ဦးအထိရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးခွဲ(ရွာသာကြီး)မှ သိရသည်။

ယာဉ်မောင်းလိုင်စင် ငါးခါအထိ ကျရှုံးသူများကို စနစ်တကျထပ်မံသင် ကြားပေးရန် မှတ်ချက်နှင့်အတူ မူလသင်ကြားခဲ့သည့် သင်တန်းကျောင်းသို့ ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်ပြီး သင်ကြားချိန် သုံးပတ်ပြည့်မှသာ သင်တန်း ကျောင်း ထောက်ခံစာနှင့်အတူ ပြန်လည်ဖြေဆိုခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးခွဲ (ရွာသာကြီး) မှ သိရသည်။

ကြည်ပြာ၊ ရဲထွန်းကျော်

LEAVE A REPLY

Please enter your comment!
Please enter your name here