ကြီးမားတဲ့ Grille နဲ့ ပဥ္စမမျိုးဆက်မိုဒယ်သစ် 2019 Toyota Avalon Touring

971

အရင်က အမေရိကန်ပြည်ထောင်စုမှာ Toyota ရဲ့ အရွယ်အစားအကြီးဆုံး ရှေ့ဘီးယက်ဆီဒန်ကားအဖြစ် လူသိများခဲ့ပြီး Mid-Size Sedan အဖြစ် ပြောင်းလဲထုတ်လုပ်ခဲ့တဲ့ Avalon ကားမိုဒယ်ကို ၁၉၉၄ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ မျိုးဆက်လေးဆက်အထိ ထုတ်လုပ်စျေးကွက်တင်ခဲ့ပြီး ၂ဝ၁၈ ခုနှစ်ရဲ့ မြောက်အမေရိက နိုင်ငံတကာကားပြပွဲကြီးမှာတော့ Avalon ရဲ့ ပဥ္စမမျိုးဆက်မိုဒယ်သစ်ကို ပွဲထုတ်ပြသခဲ့ပါတယ်။ ကားကိုယ်ထည်ရော အတွင်းခန်းကိုပါ အသစ်မွမ်းမံထားပြီး နည်းပညာတွေကိုလည်း ထပ်တိုးအဆင့်မြှင့်တင်ထားတဲ့ Toyota Avalon မိုဒယ်သစ်ကို ၂ဝ၁၈ ခုနှစ်၊ မေလကစလို့ ၂ဝ၁၉ မိုဒယ်အဖြစ် စျေးကွက်တင်ရောင်းချသွားဖို့ စီစဉ်ခဲ့ပါတယ်။ 2019 Toyota Avalon ကို XLE ၊XSE ၊ Limited နဲ့ အဆင့်အမြင့်ဆုံး Touring ဆိုပြီး Trim Level တွေ ခွဲခြားထုတ်လုပ်ထားပါတယ်။

စက်စွမ်းရည်

ရှေ့ဘီးယက်စနစ်သုံး Avalon ကားသစ်မှာ မြင်းကောင်ရေ ၃ဝ၁ ကောင်အား 3.5 Liter V6 အင်ဂျင် တပ်ဆင်ထားပြီး D-4S တိုက်ရိုက်ဆီဖျန်းစနစ်နဲ့ Variable Valve Timing တို့ကို ထပ်တိုးအဆင့်မြှင့်တင်ထားပါတယ်။ ကားအင်ဂျင်ကို အရင်လို Auto ဂီယာခြောက်ချက် အစား Auto ဂီယာရှစ်ချက်နဲ့ တွဲဖက်ပေးထားပါတယ်။ XSE နဲ့ Touring Trim တွေမှာဆိုရင် စတီယာရင်မှာ တပ်ဆင်ထားတဲ့ Paddle Shifter လေးတွေကနေတစ်ဆင့် အလွယ်တကူ ဂီယာချိန်းနိုင်ပါတယ်။ ကားရဲ့ ဆီစားနှုန်းက မြို့တွင်းမှာ တစ်ဂါလန် ၂၂ မိုင်နဲ့ အဝေးပြေးလမ်းမှာ တစ်ဂါလန် ၃၂ မိုင်နှုန်းဖြစ်ပြီး စုစုပေါင်းဆိုရင် တစ်ဂါလန် ၂၆ မိုင်နှုန်းအထိ အသုံးပြုနိုင်ပါတယ်။ လေးဘီးယက်စနစ်သုံး ကားတစ်စီး မဟုတ်ပေမဲ့ Toyota ရဲ့ Smart Stop နည်းပညာပါဝင်ပြီး စက်ပိုင်းဆိုင်ရာနည်းပညာတွေ အဆင့်မြှင့်တင်ပေးထားတာကြောင့် Avalon ကားသစ်ဟာ ခရီးဝေး မောင်းနှင်ချိန်မှာတောင် အတော်လေးသက်သာဇိမ်ကျစွာ လိုက်ပါစီးနင်းနိုင်ပါတယ်။

တည်ဆောက်ပုံ

Toyota ရဲ့ အဆိုအရ တံခါးလေးပေါက်ဆီဒန်ကားသစ် Avalon ရဲ့ ကိုယ်ထည်ကို Technical Beauty ဆိုတဲ့ ဒီဇိုင်းအယူအဆအတိုင်း ဖန်တီးထားပြီး ပေါ်လွင်လှပတဲ့ ကောက်ကြောင်းလိုင်းတွေနဲ့ အချိုးအစားကျနတဲ့ ကိုယ်ထည်ထောင့်ချိုးတွေ ပေါင်းစပ်ထားပါတယ်။ ကိုယ်ထည်အတိုင်းအတာအရဆိုရင် Avalon ကားသစ်ဟာ အရင်ထက် ပိုရှည်လျားကျယ်ပြန့်ပြီး ကိုယ်ထည်လည်း ပိုနိမ့်ပါတယ်။ ကားနောက်ခန်းကို ခုနစ်လက်မလောက် ပိုချဲ့ထားပါတယ်။ အဲဒီလိုအတိုင်းအတာ အချိုးအစားဟာ Avalon မိုဒယ်သစ်ကို အရင်ထက် မဆိုစလောက်လေး လေခွင်းအား ပိုကောင်းစေပါတယ်။ ကားရှေ့မျက်နှာစာမှာ အထူးခြားအထင်ရှားဆုံးဒီဇိုင်းကတော့ ရှဲလ်(Grille)ပါပဲ။ အဲဒီ အရွယ်အစားကြီးမားလှတဲ့ လေစုပ်ပေါက်ဟာ ကားကို ပေါ့ပါးဖျတ်လတ်ဟန်ပေါက်စေပြီး ကားရဲ့ ဗြက်ကျယ်ကျယ်ဒီဇိုင်းကိုလည်း မြင်သာစေပါတယ်။ အရွယ်အစားကြီးမားလွန်းတဲ့ ရှဲလ်ဟာ ကားရှေ့မျက်နှာစာအသွင်ကို အမြင်ဆန်းစေပေမဲ့ တခြားအရှေ့ဘက်ဒီဇိုင်းအပြင်အဆင်တွေကတော့ ဆွဲဆောင်မှုရှိရှိ လှပပါတယ်။ ကားအရှေ့အလယ်ပိုင်းက သုံးမြှောင့်ပုံစံဒီဇိုင်းကနေ ကားဘေးဘက် Side Skirt နဲ့ ဘေးဘက် အထက်ပိုင်းဆီရောက်ရှိလာတဲ့ ကောက်ကြောင်းလိုင်းတွေဟာ ကားပြတင်းတံခါးအောက်ဘက်ဆီ လျှောဆင်းသွားပြီး ကားအနောက် ဘီးခုံးဧရိယာနားမှာ အဆုံးသတ်သွားပါတယ်။ ကားခေါင်မိုး အနောက်ဘက်စွန်းမှာ ငါးမန်းဆူးတောင်ပုံစံ Antenna လေးပါဝင်ပြီး ကားနောက်မီးတွေကိုတော့ သုံးမြှောင့်ပုံစံ ဖန်တီးထားပါတယ်။ ကားအနောက်ဘက်မှာတော့ ကားရဲ့ဗြက်အကျယ်ကို ပိုမြင်သာစေတဲ့ အလျားလိုက် ဒီဇိုင်းအပြင်အဆင်တွေကို ပိုပြီးတွေ့မြင်ရမှာပါ။ အဲဒါကတော့ ကားနောက်မီးနှစ်ခုကို အလျားလိုက်မီးဘားတန်းတစ်ခုနဲ့ သွယ်ဆက်ပေးထားတာဖြစ်ပြီး အဲဒီဘားတန်းပေါ်မှာ Avalon မိုဒယ်အမည်ကို စာလုံးကြီးတွေနဲ့ ရေးထိုးတပ်ဆင်ထားပါတယ်။ Trim Level အပေါ် မူတည်လို့ ကိုယ်ထည်အပြင်အဆင်လည်း အနည်းငယ်ကွာခြားပြီး အဆင့်မြင့် XSE နဲ့ Touring ဗားရှင်းမှာဆိုရင် နက်မှောင်နေတဲ့ ရှဲလ်ဆန်ခါကွက်တွေ၊ အနက်ရောင် ကားဘေးမှန်အထိုင်ခွက်နဲ့ ကားနောက်ဖုံးစွန်း လေပင့်အားထိန်း တောင်ပံငယ်တို့ ပါဝင်ပါတယ်။ ဒါ့ပြင် Avalon Touring Trim မှာ Adaptive LED Cornering Lamp နဲ့ မြင်ကွင်းပိုကောင်းစေတဲ့ Dynamic Auxiliary Turn Signal အချက်ပြမီးတို့ကို တပ်ဆင်ပေးထားပါတယ်။ ကားကိုယ်ထည်ကို ငွေရောင်၊ အနက်ရောင်၊ နက်ပြာရောင်၊ အနီရောင်၊ ပုလဲဖြူရောင်၊ အညိုရောင်တို့နဲ့ ရရှိနိုင်သလို ပယင်းရောင်နဲ့ မီးခိုးရောင် အရောင်သစ် နှစ်ရောင်ကိုလည်း ထပ်တိုးရရှိနိုင်ပါတယ်။

အတွင်းခန်း

အရွယ်အလတ်စားဆီဒန်ကားသစ် Avalon ရဲ့ အတွင်းခန်းမှာ လူငါးယောက်အထိ လိုက်ပါစီးနင်းနိုင်အောင် ကျယ်ဝန်းပြီး အဓိကအားဖြင့်တော့ ကားနောက်ခန်း ပိုကျယ်ဝန်းပါတယ်။ ၂ဝ၁၉ မိုဒယ်အတွက် အသစ်လွင်ဆုံးမွမ်းမံထားပြီး ရိုးရှင်း လှပကျယ်ဝန်းတဲ့ ခေတ်မီကားအတွင်းခန်းဟာ အဆင့်မြင့်ကားတစ်စီးရဲ့အသွင်မျိုး ရယူထားပါတယ်။ XSE နဲ့ Touring လို Trim တွေမှာ ထိုင်ခုံတွေအတွက် Leather ကောင်းကောင်း အသုံးပြုထားပါတယ်။ ကားမှာ Active Noise Control စနစ်တင်မက အသံလုံစေတဲ့ သတ္တုတွေအသုံးပြုပေးထားပြီး ကားဘေးဘက် နောက်ကြည့်မှန်တွေကိုလည်း လေတိုးသံ လျှော့ချနိုင်အောင် ဒီဇိုင်းမွမ်းမံထားတာကြောင့် ပြင်ပကဆူညံသံနဲ့ လေတိုးသံတွေမကြားရဘဲ အေးဆေးသက်သာစွာ လိုက်ပါစီးနင်းနိုင်မှာပါ။ ဒါ့ပြင် ကားအတွင်းမှာ ခေတ်မီအဆင့်မြင့်တဲ့ ကားအတွင်းခန်းသုံး နည်းပညာပစ္စည်းအစုံအလင်လည်း ပါဝင်ပါတယ်။

စျေးနှုန်းနှင့်ပြိုင်ဘက်

၂ဝ၁၉ မိုဒယ် Toyota Avalon ကားသစ်ရဲ့ အခြေခံမိုဒယ်အတွက် စျေးကို အမေရိကန်ဒေါ်လာ ၃၅,၅ဝဝ နဲ့အထက် သတ်မှတ်ထားပြီး Trim Level အလိုက် စျေးနှုန်းကွာခြားသွားပါတယ်။ အဆင့်မြင့် Avalon Touring Trim ရဲ့စျေးကတော့ ဒေါ်လာ ၄၂,၂ဝဝ နဲ့ အထက် ဖြစ်ပါတယ်။ အရွယ်အလတ်စား ဆီဒန်ကားစျေးကွက်မှာ 2019 Toyota Avalon နဲ့ အနီးစပ်ဆုံး ပြိုင်ဘက်တွေကတော့ Nissan Maxima နဲ့ Chrysler 300 တို့ပါပဲ။

LEAVE A REPLY

Please enter your comment!
Please enter your name here