ကြယ်ခေါင်မှ မန္တလေးသို့ တရုတ်ဆိုင်ကယ်များ ပုံမှန်၀င်ရောက်နေသော်လည်း လကြာရှည်စွာ အရောင်းအ၀ယ်အေးစက်နိုင်

379

 

မန္တ​လေး၊ ​မေ ၁၆

တရုတ်-မြန်မာနယ်စပ် ကြယ်ခေါင်မှ မန္တလေးသို့ တရုတ်ဆိုင်ကယ်များ ပုံမှန်၀င်ရောက်နေသော်လည်း ၀ယ်ယူသူမရှိမှုကြောင့် လကြာရှည်စွာ အရောင်းအ၀ယ်အေးစက်နိုင်ကြောင်း မော်တော်ဆိုင်ကယ်စျေးကွက်ကျွမ်းကျင်သူများက သုံးသပ်သည်။

“ဒီနေ့ကစပြီး မန္တလေးမှာ ဆိုင်ကယ်အရောင်းဆိုင်တွေ ပြန်ဖွင့်နေကြပြီ၊ တချို့လည်း ရေစင်တွေ၊ Hand Gel တွေထားဖို့ မလုပ်ရသေးတော့ မဖွင့်ကြသေးတာတွေလည်း ရှိတယ်၊ အခုလို ပြန်ဖွင့်ခွင့်ရပေမဲ့ လုပ်ငန်းတွေက လုပ်ငန်းကြီးရော၊ လုပ်ငန်းသေးရော လက်လုပ်လက်စားသမားတွေပါ စား၀တ်နေရေး ကျပ်တည်းနေကြတော့ အရောင်းအ၀ယ်က လချီအေးနိုင်တယ်၊ ဘာလို့ဆို တရုတ်ဆိုင်ကယ်ဆိုတာက အခြေခံလူတန်းစားပဲ အများစု၀ယ်တာကိုး၊ အခုကျတော့ လုပ်ငန်းတွေပြန်စနိုင်ပြီဆိုပေမဲ့ ပြီးခဲ့တဲ့လတွေက ထိခဲ့တဲ့ဒဏ်တွေကြောင့် တရုတ်ဆိုင်ကယ်စျေးကွက်ကတော့ ရှေ့လျှောက် အရောင်းအ၀ယ် မကောင်းနိုင်သေးဘူး” ဟု မန္တလေးမြို့ Yamasuki ဆိုင်ကယ်အရောင်းပြခန်းပိုင်ရှင် ကိုဇော်ကြီးက သုံးသပ်သည်။

မန္တလေးမြို့သည် မြန်မာနိုင်ငံ၏ ဆိုင်ကယ်မြို့တော်ဟု တင်စားကြသောမြို့ဖြစ်သောကြောင့် ဆိုင်ကယ်စီးနင်းကြရာတွင်လည်း ၂၀၁၈ ခုနှစ်နောက်ပိုင်း ထိုင်း Honda Click ၊ Scoopyi ဆိုင်ကယ်များသာ အဓိကစီးနင်းလာကြောင်း၊ သို့သော် အခြေခံလူတန်းစားအများစုမှာမူ တရုတ်ဆိုင်ကယ်နှင့် အိန္ဒိယဆိုင်ကယ်သာ စီးနင်းကြလေ့ရှိပြီး ယခုအခါ Covid-19 ရောဂါကပ်ဘေးဂယက်ကြောင့် ၀င်ငွေနည်းကာလဖြစ်သဖြင့် အရောင်းအ၀ယ်မှာ အေးစက်နေဦးမည်ဖြစ်ကြောင်း မန္တလေးမြို့ ဆိုင်ကယ်အရောင်းပြခန်းများမှ သိရသည်။

“လောလောဆယ်မှာ ကြယ်ခေါင်ကနေ မန္တလေးရောက်ဖို့ကို ကိုးရက်၊ ၁၀ ရက်လောက်တော့ ကြာတယ်၊ အရင်က အဲဒီလောက်မကြာဘူး၊ အခု Covid-19 ဖြစ်တော့ တရုတ်ဘက်က သူတို့နိုင်ငံက ကား၊ ယာဉ်မောင်းကအစ သူတို့နိုင်ငံသားပဲ မောင်းခွင့်ပြုတယ်၊ အဲဒီတော့ ဆိုင်ကယ်တင်တဲ့ကားတွေက အရင်လို မြန်မြန်ဆန်ဆန်မရောက်နိုင်တော့ဘူး၊ ကြယ်ခေါင်ကနေ မူဆယ် ၁၀၅ မိုင်ဇုန်ရောက်ဖို့ကို တစ်ပတ်နီးပါး အချိန်ပေးရတယ်၊ ၁၀၅ မိုင်ကနေ မန္တလေးအထိအရောက်ဆိုရင် အားလုံး ၁၀ ရက်နီးပါးလောက် ကြာသွားတော့တာ၊ တရုတ်ဆိုင်ကယ်တွေကတော့ ပုံမှန်၀င်နေတယ်၊ ဒါပေမဲ့ ရှေ့လျှောက် မိုးတွင်းကာလလည်းရှိတော့ အရောင်းအ၀ယ်က လုံးဝအေးမယ့်အနေအထားဖြစ်နေတယ်” ဟု မန္တလေးမြို့ခံ ဆိုင်ကယ်ရောင်း၀ယ်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မန္တလေးမြို့တွင် တရုတ်ဆိုင်ကယ်များအနက် CZI ၊ ရုပ်ဆိုး၊ Zhong Shen ဆိုင်ကလုန်း စသည့် ဆိုင်ကယ်များသာ စီးနင်းမှုများပြီး Covid-19 ကြောင့် ဆိုင်ကယ်အရောင်းပြခန်းများ မပိတ်ရခင်အချိန်အထိ လက်ငင်းထက် အရစ်ကျစနစ်ဖြင့်သာ အရောင်းသွက်ခဲ့သည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here