ကြင်ရာတော်လောင်း မီဂန်မာကယ်လ်ကို Manual ဂီယာ အသုံးပြုတတ်စေရန် ဗြိတိသျှ တော်ဝင်မင်းသားဟယ်ရီ သင်ကြားပေး

679

ဗြိတိသျှ တော်ဝင်မင်းသားဟယ်ရီ သည် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတွင် Auto ဂီယာကိုသာ အသုံးပြုမောင်းနှင်ခဲ့ဖူးသည့် ကြင်ရာတော်လောင်း အမေရိကန်ရုပ်ရှင်မင်းသမီး မီဂန်မာကယ်လ် (Meghan Markle)ကို လက်ဝဲကပ် မောင်းစနစ်နှင့် Manual ဂီယာ အသုံးပြုတတ်ရန် ကိုယ်တိုင်သင်ကြားပေးနေကြောင်း မတ် ၁၂ ရက်တွင် Daily Mail သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။

အသက် ၃၆ နှစ် အရွယ် ကြင်ရာတော်လောင်း မစ္စမာကယ်လ်သည် အမေရိကန်ပြည်ထောင်စုတွင် နှစ်ပေါင်းများစွာကြာအောင် Auto ဂီယာဖြင့်သာ ကားမောင်းခဲ့သောကြောင့် မင်းသားဟယ်ရီက Manual ဂီယာဖြင့် ကားမောင်းနှင်မှုနှင့်အတူ လက်ဝဲကပ်မောင်းစနစ် ဖြင့် ကားမောင်းနှင်တတ်စေရန် သင်ကြားပေးနေခြင်း ဖြစ်သည်။ မစ္စမာကယ်လ်သည် ခင်ပွန်းလောင်းဖြစ်သူနှင့် သူ၏ ကိုယ်ရံတော် ရဲအရာရှိများ၏ အကူအညီဖြင့် Manual ဂီယာ အသုံးပြုတတ်စေရန် သင်ကြားနေသည့်အပြင် အထွေထွေလုံခြုံရေးလေ့ကျင့်မှုတစ်ခုအနေဖြင့် တိမ်းရှောင်မောင်းနှင်သည့် ကားမောင်းနည်းပညာများကိုလည်း သင်ယူရမည် ဖြစ်သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင် မဟုတ်သောနိုင်ငံများမှ ယူကေသို့လာလည်သော ဧည့်သည်များအနေဖြင့် မိခင်နိုင်ငံမှ တရားဝင်ယာဉ်မောင်းလိုင်စင် ပါရှိလာပါက အခြေချနေထိုင်ချိန်မှ ၁၂ လကြာမြင့်ချိန်အထိ ယာဉ် အသေးစားများကို မောင်းနှင်ခွင့်ရမည်ဖြစ်ပြီး ယင်းအချိန်ကာလ ကျော်လွန်သွားပါက ယာဉ်ဆက်လက် မောင်းနှင်နိုင်ရန် ဗြိတိသျှ ယာယီကားမောင်းလိုင်စင်ကို ရယူရမည်ဖြစ် သည်။ အတွင်းသတင်းများအရ မစ္စမာကယ်လ်သည် ဗြိတိသျှ ယာယီကားမောင်းလိုင်စင်ကို လျှောက်ထားဆဲဖြစ်ကြောင်း သိရသည်။

ယခုလက်ရှိတွင် တော်ဝင်မိသားစုများအတွက် စောင့်ရှောက်ရေးယာဉ်များ အားလုံးမှာ Auto ဂီယာသုံး ကားများသာ ဖြစ်သော်လည်း မစ္စမာကယ်လ်အနေဖြင့် အရေးပေါ်အခြေအနေတွင် အသုံးပြုနိုင်ရန်အတွက် Manual ဂီယာ အသုံးပြုမှုကို သင်ယူရခြင်းဖြစ် သည်။ မစ္စမာကယ်လ်သည် ယူကေ သို့ပြောင်းရွှေ့လာပြီးနောက် ရက်သတ္တပတ် အနည်းငယ်အကြာတွင် မင်းသားဟယ်ရီနှင့် စေ့စပ်ကြောင်းလမ်းမှုကို ကြေညာခဲ့ပြီး သူတို့နှစ်ဦးသည် ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၇ တွင် တရားဝင်စေ့စပ်ကြောင်းလမ်းခဲ့ကြကာ လာမည့် မေ ၁၉ ရက်တွင် တော်ဝင်မဂင်္လာအခမ်းအနားကျင်းပရန် စီစဉ်ထားသည်။

မစ္စမာကယ်လ်သည် Audi ကား အသုံးများသော ဗြိတိသျှတော်ဝင်မိသားစုများနည်းတူ Audi ကားကုမ္ပဏီနှင့် အဆက်အသွယ်ရှိပြီး VIP စာချုပ်လည်း ချုပ်ဆိုထားသည်ဟု သိရသည်။

Ref : Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here