‘ကျွန်တော်တို့ ကုမ္ပဏီမှာ ယာဉ်လိုင်းဝင်ငွေနဲ့ ယာဉ်မောင်းလုပ်အားခကိုဆက်နွယ်မှုမရှိအောင် လုပ်ထားပါတယ်။ ယာဉ်လိုင်း ဝင်ငွေနည်းလည်း ယာဉ်မောင်းဝင်ငွေ နည်းမသွားပါဘူး’

147

 

YBS စတင်ခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်း စီမံခန့်ခွဲမှုအကောင်းဆုံးဆု သုံးနှစ်ဆက်တိုက်ရရှိခဲ့တဲ့ ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီဟာ ယာဉ်မောင်းတွေကို တိုက်ရိုက်ဆက်သွယ်ထိန်းချုပ်နိုင်မယ့် Telematic Device စက်တွေနဲ့ စမ်းသပ်အသုံးပြုနေသလို YPS Payment ကတ်ကိုစတင်အသုံးပြုတဲ့ ယာဉ်လိုင်းလည်းဖြစ်ပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီရဲ့ YBS တာဝန်ခံဒါရိုက်တာ ဦးမင်းနိုင်နဲ့ တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။

Automobile: အရင်တုန်းက ငွေအကြွေကောက်ခံတဲ့စနစ်နဲ့ အခု YPS Card နဲ့ ငွေကောက်ခံတဲ့စနစ်ဟာ ယာဉ်လိုင်းအတွက် ဘာကွာခြားမှုရှိပါသလဲ . . .
UMinNaing: YPS ကတ်အသုံးပြုတာ ကွာခြားတဲ့အချက်တွေကတော့ ရှိတယ်။ အခုကYPS ကတ်နဲ့ငွေပေးချေလို့ရတာက ယာဉ်လိုင်းကုမ္ပဏီနှစ်ခုက ယာဉ်အစီး ငါးရာကျော်ပဲ ရှိသေးတယ်။ YBS ယာဉ်တွေအားလုံး ကတ်စနစ် အသုံးပြုလာမယ်။ ကတ်သုံးပြီးစီးတဲ့ ခရီးသည်ကလည်း များလာမယ်ဆိုရင် စာရင်းရှင်းရတာ လွယ်ကူမယ်။ ငွေအကြွေ အစုတ်အပြဲတွေဖြစ်လို့ ဘဏ်ကိုအပ်ရတာ တွေ၊ မသမာတဲ့နည်းနဲ့ ငွေစက္ကူမဟုတ်ဘဲနဲ့ သစ်ရွက် စတာတွေထည့်သွားတဲ့ကိစ္စတွေ ကင်းဝေးသွားမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ကုမ္ပဏီရဲ့ ကတ်အသုံးပြုခွင့် ရထားတဲ့ ယာဉ်လိုင်းငါးလိုင်းမှာ ကြုံရတာက တစ်ပတ်အတွင်းကို ကတ်တစ်ကတ်တည်းနဲ့ ခရီးသည် သုံးလေး ယောက်စီးတာကြောင့် ခရီးသည် နှစ်ရာကျော်လောက်စီက ယာဉ်စီးခမရတဲ့ အဖြစ်မျိုးကြုံရတယ်။ ကတ်တစ်ကတ်ကို တစ်ယောက်တည်းစီးရမယ်ဆိုတာကို ယာဉ်တွေမှာ စာလည်းကတ်ထားတယ်၊ ယာဉ်မောင်းကလည်း ပြောပြပါတယ်။ ငွေထည့်စီးတဲ့ ခရီးသည်လည်း ရှိသလို တချို့ခရီးသည်က ကတ်ပဲပါတယ်၊ ငွေမပါဘူး။ အဲဒါကြောင့်ဆိုပြီး တစ်ယောက်စာပဲ ဖြတ်ပြီး စီးသွားတာတွေလည်း ရှိပါတယ်။ ဒါကယာဉ်မောင်းဆီက ကြားသိရတာပါ။ ခရီးသည်တွေဆီက Complaint တက်လာတာတော့ မရှိသေးပါဘူး။ စက်ကို ခရီးသည်နှစ်ယောက် သုံးယောက်စာဆိုပြီး နှစ်ခါသုံးခါဖြတ်လည်း တစ်ယောက်စာပဲ ရတယ်။ အဲဒီအတွက် ယာဉ်လိုင်းကုမ္ပဏီရော၊ YPS ကုမ္ပဏီရော နစ်နာရတယ်။ ကတ်ကို ဘယ်နှကြိမ်ဖြတ်ဖြတ် ယာဉ်စီးခတစ်ကြိမ်ပဲ ဖြတ်တဲ့အတွက် ခရီးသည်အတွက်ကတော့ နစ်နာမှုမရှိပါဘူး။ YPS ကတ်တစ်ကတ်ကို ခရီးသည်တစ်ယောက်ပဲ သုံးရမယ်ဆိုတာ ကတ်နဲ့စီးတဲ့ ခရီးသည် အားလုံးသိသွားပြီဆိုရင် အဆင်ပြေမှာပါ။ အဲဒီအတွက် ခရီးသည်တွေကိုလည်း ပူးပေါင်း ပါဝင်စေချင်ပါတယ်။

Automobile: YPS ကတ်ကရရှိတဲ့ ယာဉ်စီးခကို ယာဉ်လိုင်းတွေက ရဖို့ ဘယ်လောက် စောင့်ရပါသလဲ။ YPS ကုမ္ပဏီကို ဝန်ဆောင်ခအတွက် ဘယ်လိုညှိနှိုင်းထားပါသလဲ . . .
UMinNaing: ကျွန်တော်တို့နဲ့ သဘောတူထားတာက YPS ကုမ္ပဏီ ကို ဝန်ဆောင်ခ ၂ ဒသမ ၆ ရာခိုင်နှုန်း ပထမနှစ်မှာ ပေးရပါမယ်။ ဒုတိယနှစ်ကနေစပြီး တဖြည်းဖြည်း လျော့ကျသွားပြီးတော့ နောက်ဆုံး ငါးနှစ်ပြည့်တဲ့အချိန် မှာ ၁ ဒသမ ၃ ရာခိုင်နှုန်းဝန်ဆောင်ခ ပေးရမှာ ဖြစ်ပါ တယ်။ လွယ်လွယ်ပြောရရင် ယာဉ်စီးခ နှစ်ရာဖြတ်ရင် ၅ ကျပ် ပြား ၂ဝ ဝန်ဆောင်ခကျသင့်မှာ ဖြစ်ပါတယ်။ သူ့ရဲ့စနစ်က တစ်နေကုန် ကတ်စီးနင်းတဲ့အကြိမ်ပေါင်း Report ကို ည ၁၂ နာရီမှာ ထုတ်ပြီး နောက်နေ့မနက် ပေး။ ဖြတ်တာတွေ ပြန်ရှင်းလင်းပြီး နှစ်ဖက်ညိနှိုင်းပြီး အတည်ပြုချက်ရပြီဆိုတာနဲ့ မနေ့က စီးနင်းတဲ့ ကျသင့် တဲ့ငွေထဲက ဝန်ဆောင်ခကို နုတ်ပြီးကျန်ငွေကို ချက် စနစ်နဲ့ ပေးပါတယ်။ ဗန္ဒုလက မြဝတီဘဏ်မှာ အကောင့်ဖွင့်ထားပါတယ်။ ကတ်ကုမ္ပဏီက CB ဘဏ်မှာ အကောင့်ဖွင့်ထားတာဖြစ်တဲ့အတွက် CB ဘဏ်က ချက်လက်မှတ် မြဝတီဘဏ်မှာဝင်ဖို့ဆိုရင် ဗဟိုဘဏ် မှာ ချက် Clearing လုပ်ရပါတယ်။ အဲဒီကာလတော့ စောင့်ရပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် အနည်ဆုံးသုံးရက် နဲ့ အများဆုံး ငါးရက်အတွင်းမှာ ငွေပြန်ရမှာ ဖြစ်ပါ တယ်။ ၁၆ ရက်ကနေ စစီးကြတာကြောင့် အဲ့ဒီနေ့ကနေ ၂၃ ရက်အထိကို ချက်လက်မှတ်ရရှိထားပြီး ဖြစ်ပါတယ်။

Automobile: ဗန္ဒုလကုမ္ပဏီ ကားတွေမှာ Telematic စနစ်တပ်ဆင် စမ်းသပ်နေတယ်လို့ သိရပါတယ်၊ အဲ့ဒီစနစ်က ကုမ္ပဏီအတွက် ဘယ်လိုအထောက်အကူဖြစ်နိုင်ပါသလဲ . . .
UMinNaing: Telematic Device စက်ကို YBS ယာဉ်အားလုံး တပ် ဆင်ထားတာဖြစ်ပါတယ်။ Telematic Device ကို နိုင် ငံတော်တော်များများမှာလည်း သုံးပါတယ်။ ယာဉ်တစ် စီးချင်းစီရဲ့ အရှုံးအမြတ်ကိုလည်း တွက်ချက်နိုင်တဲ့ နည်းပညာဖြစ်ပါတယ်။ အဲ့ဒီ Telematic Device မှာ က စပီကာ တပ်ဆင်ထားတဲ့အတွက် Control Center ကနေ ယာဉ်မောင်းနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်ပါ တယ်။ YPS စနစ်နဲ့လည်း ချိတ်ဆက်ထားပါတယ်။ Telematic Device ကို ဘယ်အချိန်မှာ စဖွင့်တယ်။ ဘယ်အချိန်မှာ ပိတ်တယ်၊ ခရီးစဉ်ကြာချိန်၊ ရပ်နားတဲ့ နေရာကြာချိန်၊ သတ်မှတ်ရပ်နားရတဲ့နေရာ ဟုတ်/ မဟုတ်၊ ယာဉ်မောင်းနှင်တဲ့မိုင်နှုန်း၊ ထိုင်ခုံခါးပတ် ပတ်ထားလား။ ဘရိတ်ကြမ်းကြမ်းနင်းတာတွေ ဘယ်နှကြိမ်ဆိုတာတွေ ကြည့်လို့ရပါတယ်။ Telematic Device မှာ ၂၆ ကြိုး ရှိပေမဲ့ အခုလေးကြိုးပဲ တပ်ဆင်ရသေးတဲ့အတွက် ခရီးစဉ်လမ်းကြောင်း မှန်/မမှန်၊ သတ်မှတ်လမ်းကြောင်း မောင်းတာဟုတ်/မဟုတ်၊ သတ်မှတ်မိုင်နှုန်းမောင်းမမောင်း၊ မှတ်တိုင်ရပ်/မရပ်၊ တစ်နေရာတည်းမှာ အချိန်အကြာကြီး ရပ်နားတာရှိ/မရှိ၊ ကြမ်းတမ်းစွာမောင်းတာ၊ ဘရိတ်နင်းတာတွေ သိနိုင်ပါ တယ်။ YRTA က ယာဉ်မောင်းတွေကို ထုတ်ပေးထားတဲ့ Smart Card ကို Card Reader ထဲထည့်ပြီး Telematic Device မှာ ထည့်လိုက်တာနဲ့ ယာဉ်မောင်းရဲ့ လုပ်ဆောင်ချက်တွေအားလုံး Smart Card ထဲ ဝင်သွားမှာ ဖြစ်ပါတယ်။ အဲဒီစက်နဲ့ ဗန္ဓုလက ၁၄ ယာဉ်လိုင်းမှာ ကိုးစီး စမ်းသပ်နေပါတယ်။ Telematic Device စက်မှာ ID နံပါတ်ထည့်ထားတဲ့ ယာဉ်မောင်းပဲ ကားကို မောင်းလို့ရမှာပါ။ အဲဒါကြောင့် YRTA ရဲ့ခွင့်ပြုချက်နဲ့ စမတ်ကတ် နှစ်ခု၊ သုံးခုရဲ့ ID နံပါတ်ကို ထည့်ထားရပါတယ်။ ယာဉ်မောင်းတွေအကြောင်း အမျိုးမျိုးကြောင့် နားကြရတဲ့အခါ အလှည့်ကျ မောင်းလို့ရအောင်ပါ။ ကားစက်နှိုးတာနဲ့ စက်ထဲကိုထည့် ထားတဲ့ ID နံပါတ်နဲ့ မဟုတ်ရင် Card Reader မှာ အသံမြည်ပါတယ်။ စက်ထဲမှာ ထည့်ထားတဲ့ ID Smart Card နဲ့ မောင်းမှသာ အသံရပ်မှာပါ။ အဲဒါကြောင့် လမ်းမှာအကြောင်းအမျိုးမျိုးကြောင့် ယာဉ်မောင်း မဟုတ်တဲ့သူက မောင်းရင် အသံမြည်မယ်။ အဲဒီလိုမျိုး Card Reader မြည်တဲ့အသံကိုကြားရင် ခရီးသည်တွေကလည်း ဒီကားမှာမောင်းတဲ့ ယာဉ်မောင်းမဟုတ်ဘူးဆိုတာ အကြမ်းဖျင်းသိနိုင်မှာပါ။ အဲဒီလိုသိရင်လည်း YRTA ကိုပဲဖြစ်ဖြစ်၊ ကုမ္ပဏီကိုပဲ ဖြစ်ဖြစ် အကြောင်းကြားလို့ရပါတယ်။ ဒီစက်ကြောင့် ယာဉ်မောင်းတွေကိုလည်း ထိန်းချုပ်နိုင်မယ။ နောက်ပြီး ယာဉ်မတော်တဆမှု တစ်ခုခုဖြစ်ခဲ့ရင် ဘာကြောင့် ဖြစ်တယ်ဆိုတာ အသေးစိတ်ပြန်ကြည့်လို့ရတဲ့အတွက် အကျိုးကျေးဇူးတွေအများကြီး ရှိပါတယ်။ အရင်မထသ စနစ်နဲ့စာရင် ယာဉ်မောင်းတွေရဲ့ အရည်အသွေး ၈ဝ ရာခိုင်နှုန်းတိုးတက်ကောင်းမွန်လာတာ တွေ့ရပါတယ်။

Automobile: YRTA ကပေးတဲ့ ကုမ္ပဏီစီမံခန့်ခွဲမှု အကောင်းဆုံးဆုကို သုံးနှစ်စလုံးရထားတယ်ဆိုတော့ အခုလက်ရှိဖြစ်ပေါ် နေတဲ့ YBS ယာဉ်မောင်းတွေအပေါ် စီမံခန့်ခွဲမှုအပိုင်းနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး . . .
UMinNaing: ယာဉ်မောင်းကို အရည်အသွေးမြှင့်တယ်ဆိုတာ ကုမ္ပဏီအုပ်ချုပ်ပုံ စနစ်နဲ့လည်း ဆိုင်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီမှာ ယာဉ်လိုင်းဝင်ငွေနဲ့ ယာဉ်မောင်းလုပ်အားခကို ဆက်နွယ်မှုမရှိအောင် လုပ်ထားပါတယ်။ ယာဉ်လိုင်းဝင်ငွေနည်းလည်း ယာဉ်မောင်းဝင်ငွေ နည်းမသွားပါဘူး။ ကုမ္ပဏီစည်းကမ်းနဲ့ ကြီးကြပ်ကွပ်ကဲနေတာဖြစ်သလို တစ်ဖက်က နည်းပညာနဲ့လည်း ထိန်းချုပ်နေပါတယ်။ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်ရဲ့ ဖွဲ့စည်းပုံပါ ရာထူးအဆင့်အတန်းတွေနဲ့ လက်ရှိယာဉ်မောင်းကို ပေးချေရ တဲ့ လစာစနစ်နဲ့က အများကြီး ကွာခြားနေပါတယ်။ YRTA က ယာဉ်မောင်းတွေကို လခနဲ့ခန့်ဖို့ ပြောပေမဲ့ လက်ရှိလစာစနစ် လုပ်လို့မရသေးတာကြောင့် စနစ်တစ်ခုနဲ့ သွားနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ယာဉ်လိုင်းဝင်ငွေနဲ့ ယာဉ်မောင်းလုပ်အားခကို သက်ဆိုင်မှုမရှိအောင် လုပ်ထားပါတယ်။ ယာဉ်မောင်း တစ်ယောက်ရဲ့ တစ်လပျှမ်းမျှ ဝင်ငွေက ငါးသိန်းကျော် ဝန်းကျင်ရှိပါတယ်။ တခြားဆုချီးမြှင့်တာတွေလည်း လုပ်ပေးထားပါတယ်။ မေ့ကျန်ပစ္စည်းပြန်ပေးတာမျိုး တွေအတွက်လည်း ဆုချီးမြှင့်တာမျိုးတွေ ရှိပါတယ်။ ယာဉ်လိုင်းမှာ တစ်နှစ်တာအကောင်းဆုံးဆုပေးတာ တစ်နှစ်တစ်ခါ ဘောနပ်စ်ပေးတာတွေ။ သာရေးနာရေး ကူညီတာ။ ထောက်ပံ့တာတွေ လုပ်ပေးထားပါတယ်။ သူတစ်ပါးထိခိုက်မှု အသက်အာမခံကြေးကုမ္ပဏီက ထားပေးထားပါတယ်။ ယာဉ်မောင်းတွေရဲ့ အခက်အခဲ တွေကိုလည်း တိုက်ရိုက်ပြောကြားခွင့်ပေးထားတယ်။ ဒီလိုတွေ လိုအပ်တာ အပြည့်အဝလုပ်ဆောင်ပေးပြီး ဝန်ထမ်းတွေ စိတ်ကျေနပ်မှုရအောင်၊ နေပျော်အောင်ထားပြီး အလုပ်လုပ်ချင်စိတ်ရှိအောင်၊ သစ္စာရှိအောင်၊ စည်းကမ်းရှိအောင် စနစ်တကျ ထိန်းချုပ်ထားပါတယ်။

Automobile: YBS စနစ်အပြည့်အဝ အကောင်အထည် မဖော်နိုင်သေး တာ တစ်ဦးပိုင်ယာဉ်တွေကြောင့်လို့ YRTA တာဝန်ရှိ သူတွေက ပြောကြားထားတာရှိတော့ အဲ့ဒီအပေါ် ဘာများအကြံပြု ပြောကြားချင်ပါသလဲ . . .
UMinNaing: YRTA တာဝန်ရှိသူတွေ ပြောတာလည်း မှန်ပါတယ်။ နိုင်ငံတကာကို လက်လှမ်းမီချင်ရင် ကုမ္ပဏီတွေဖြစ်မှရမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ Public Transportation က စီးပွားရေးအရ ကြည့်မယ်ဆိုရင် အရှုံးအမြတ်ရာခိုင်နှုန်း အင်မတန်နည်းပါးတဲ့ လုပ်ငန်း ဖြစ်ပါတယ်။ ကုသိုလ်ရတဲ့ လုပ်ငန်းသဘောမျိုး ဖြစ်ပါ တယ်။ တခြားနိုင်ငံတွေမှာက မြို့တွင်းဘတ်စ်ကား ပြေးဆွဲတဲ့ Public Transportation ကို တခြားလုပ်ငန်းတွေနဲ့ တွဲပြီးလုပ်ကြရတာပါ။ ဥပမာ ရထားလမ်းနဲ့ ဘတ်စ်ကားချိတ်ဆက်တာမျိုး၊ အဝေးပြေးတို့ ရှော့ပင်းမော၊ ပန်းခြံ၊ အဲဒါတွေကို ကုမ္ပဏီတစ်ခုတည်းက ချိတ်ဆက်ပြီး လုပ်ကြတာ။ အမြတ်အစွန်းကလည်း အလွန်နည်းတဲ့ အလုပ်ဖြစ်တာကြောင့် ရှုံးရင်လည်း ချိတ်ဆက်လုပ်ရတဲ့အတွက် လုပ်နိုင်ကြတယ်။ နောက်တစ်ခုကယာဉ်ပိုင်ရှင်တွေကို အစိုးရက တစ်ရက်ဘယ်လောက်ဆိုတာမျိုးပေးတယ်။ ယာဉ်စီးခရတဲ့ငွေအားလုံးက အစိုးရဆီဝင်တယ်။ ရှုံးတာမြတ်တာက အစိုးရနဲ့ပဲဆိုင်တယ်။ ကျွန်တော်တို့ နိုင်ငံမှာက အဲဒီလိုတွေမလုပ်နိုင်ကြသေးဘူး။ ဒီလိုလုပ်ဖို့ ရင်းနှီးငွေက အရမ်းများတော့ မလုပ်နိုင်သေးဘူးဖြစ်နေ တယ်။ ဥပမာ YUPT ၊ YBPC ကုမ္ပဏီမှာ အစိုးရ ရှယ်ယာပါတဲ့ ယာဉ်တွေရှိတယ်။ တကယ်တမ်းပြောရမယ်ဆိုရင် အစိုးရအနေနဲ့က ယာဉ်တစ်စီးချင်းတိုင်းကို လိုက်ကြည့်နိုင်ဖို့ ခက်ခဲတယ်။ သက်ဆိုင်ရာကုမ္ပဏီကပဲ ထိန်းသိမ်းရတာ အဲဒီတော့ YBS အစီးပေါင်း ၄,၅ဝဝ ကျော် ခြောက်ထောင်ဝန်းကျင်မှာ ကုမ္ပဏီအမည်ပေါက် ပိုင်တဲ့ကားစစ်စစ်က ကျွန်တော့်အထင် ၃ဝ ရာခိုင်နှုန်း၊ ၄ဝ ရာခိုင်နှုန်းလောက်ပဲရှိမယ်။ ကျန်တာက တစ်စီးစ နှစ်စီးစအစုအဖွဲ့ပိုင်တဲ့ ပုဂ္ဂလိကပိုင်တွေပါနေတော့ တစ်ဖက်က စည်းနဲ့စနစ်နဲ့သွားချင်နေတယ်။ တစ်ဖက်က လုပ်လို့မရဘူး။ ဥပမာ မြို့တွင်းပြေးဆွဲတဲ့ ဘတ်စ်ကား တစ်စီးရဲ့လိုအပ်ချက်တွေ တစ်နှစ်တစ်ကြိမ် ကညန ယာဉ်လိုင်စင်သက်တမ်းတိုးရတယ်။ ပြီးရင် ခရီးသည် တင်ဆောင်ခွင့် (ခ)လိုင်စင် တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးရတယ်။ CNG တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးရ တယ်။ အဲဒါမျိုးက ကုမ္ပဏီတွေမှာ အကုန်လုံးမှာ Update ရှိတယ်။ ပုဂ္ဂလိကပိုင်ယာဉ်တစ်စီးပျက်လို့ ဘာမှမဖြစ်ပေမဲ့ ကုမ္ပဏီယာဉ်ကျတော့ အဲဒီလို လုပ်လို့မရဘူး။ ယာဉ်မောင်းထိန်းချုပ်တဲ့အခါမှာလည်း ကုမ္ပဏီက စည်မျဉ်း၊ စည်းကမ်းသတ်မှတ်ပြီး ထိန်းချုပ်တာ။ သူတို့ က အုံနာနဲ့ ယာဉ်မောင်းသဘောတူရင် ပြီးရောဆိုတာမျိုး ရှိတယ်။ နောက်တစ်ခုက တခြားလိုင်းမှာ ဝင်ငွေကောင်းနေတယ်ဆိုပြီး ကုမ္ပဏီအနေနဲ့က ပြောင်းချင်တိုင်း ပြောင်းလို့ မရဘူး။ တစ်သီးပိုင်တွေကျတော့ လွယ်ကူတယ်။ ရန်ကုန်တိုင်းအတွင်း ယာဉ်တိုက်မှုအားလုံးမှာ ၂ဝ၂ဝ ပြည့်နှစ်၊ မေလအထိ စာရင်းတွေအရ YBS တိုက်မှုက ၈ဝ ရာခိုင်နှုန်းပါနေတယ်။ အဲဒီလိုဖြစ်စဉ် ထဲမှာ ပုဂ္ဂလိကပိုင်ယာဉ်တွေက များနေတယ်။ အစိုးရ အနေနဲ့ကလည်း ခုနပြောတဲ့စနစ်တွေ မလုပ်နိုင်သေး တဲ့အတွက် တဖြည်းဖြည်း ပြုပြင်ပြောင်းလဲရမှာပါ။ ချက်ချင်းပြောင်းလဲရင်လည်း ဒီကားပေါ်မှာ မှီခိုစား သောက်နေကြရတဲ့အတွက် မြန်မာလူမျိုးတွေရဲ့ထုံးစံ အရ သူများထမင်းအိုး ကွဲတာမျိုးတွေလည်း ဖြစ်မှာစိုးတာကြောင့် ဒီစနစ်ကို ဖြည်းဖြည်းချင်း ထိန်းချုပ်လုပ်နေကြရတာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here