ကျေးရွာအ၀င်အထွက်များ ကန့်သတ်ထားမှုနှင့် လစဉ်အရစ်ကျငွေ လာမသွင်းနိုင်မှုတို့ကြောင့် ဆိုင်ကယ်အရောင်းပြခန်းများ ပုဂ္ဂလိကဘဏ်များသို့ သိန်းရာချီ စိုက်သွင်းပေးနေရ

320

 

မန္တ​လေး၊ ​မေ ၂

မန္တလေးတိုင်းဒေသကြီးအတွင်း Covid-19 ထိန်းချုပ်တားဆီးရေးလုပ်ကိုင်နေစဉ်ကာလတွင် ကျေးရွာအ၀င်အထွက်များ စစ်ဆေးနေကာ ကန့်သတ်ထားမှုအချို့နှင့် လစဉ်အရစ်ကျပေးဆပ်ရမည့်ငွေ လာမသွင်းနိုင်မှုတို့ကြောင့် ဆိုင်ကယ်အရောင်းပြခန်းများမှ ပုဂ္ဂလိကဘဏ်များသို့ Customer များကိုယ်စား သိန်းရာချီ စိုက်သွင်းပေးနေရကြောင်း ဆိုင်ကယ်ကုမ္ပဏီများထံမှ စုံစမ်းသိရသည်။

“အခု Covid-19 ဖြစ်ပွားလိုက်တဲ့အခါမှာ ဆိုင်ကယ်၀ယ်ယူထားတဲ့ Customer တွေက အရစ်ကျငွေကို လာမဆပ်နိုင်ကြဘူး၊ လာမဆပ်ကြတော့ဘူးပေါ့၊ အစီး တစ်ရာ အရစ်ကျရောင်းထားရင် အစီး နှစ်ဆယ်လောက်ပဲ အရစ်ကျဖိုးလာသွင်းတယ်၊ ကျန်တဲ့သူတွေက မသွင်းကြဘူး၊ မသွင်းနိုင်ကြဘူးပေါ့၊ ဒါနဲ့ ဖုန်းဆက်အကြောင်းကြားတယ်၊ လာမသွင်းတာကိုမှ လိုက်တောင်းမယ်ဆိုတဲ့အခါမှာ လောလောဆယ် မိတ္ထီလာခရိုင်ထဲက ကျေးရွာတွေမှာဆို မြို့ပေါ်ကလာတဲ့သူ မ၀င်ခိုင်းတာတွေ တခြားရွာကလာရင်လည်း လက်မခံတာတွေရှိနေတော့ အရစ်ကျဖိုးငွေ လိုက်တောင်းရတာ အဆင်မပြေဘူး၊ ရွာတွေ၀င်လို့ မရတာကတစ်ကြောင်း၊ ၀င်လို့ရရင်လည်း အခုအချိန်မှာ သူတို့ကိုယ်တိုင် တကယ်ကို စား၀တ်နေရေး အကျပ်တွေ့နေကြတော့ လစဉ်ကြေးသွင်းဖို့ထက် စားသောက်ဖို့ ဆန်၊ ဆီက အဓိက၀ယ်ထားရမှာဖြစ်နေလို့ သူတို့ မသွင်းနိုင်ကြဘူးပေါ့၊ အဲဒီလိုမသွင်းကြတဲ့အခါမှာ Customer တွေ ကျွန်တော်တို့ဆီ ပြန်ဆပ်ရမယ့်အရစ်ကျငွေဖိုးရယ်၊ ရက်လွန်နောက်ကျဒဏ်ကြေးရယ်ကို ကျွန်တော်တို့က စိုက်သွင်းထားနေရတယ်၊ အစီးရေ တအားများတဲ့အချိန်မှာ သိန်းရာချီဖြစ်နေတော့ ရေရှည်ဆို ကျွန်တော်တို့ ဆိုင်ကယ်ကုန်သည်တွေ တအားအကျပ်တွေ့မယ့်အနေအထားဖြစ်နေတယ် ” ဟု မိတ္ထီလာမြို့ K ဟိန်း ဆိုင်ကယ်ကုမ္ပဏီမှ Managing Director ကိုညီညီငွေထွန်းက ပြောကြားသည်။

လတ်တလောတွင် မန္တလေးတိုင်းအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ မန္တလေးတိုင်းအတွင်းရှိ ဆိုင်ကယ်အရောင်းပြခန်းများအားလုံး ပိတ်ထားကြရပြီး အရစ်ကျငွေ လာသွင်းမှုများကို Mobile Banking နှင့်ဖြစ်စေ၊ Bank Pay များဖြင့်ဖြစ်စေ အဆင်ပြေသည့်နည်းဖြင့် ပေးသွင်းခိုင်းကာ လက်ခံဆောင်ရွက်ပေးနေရကြောင်း၊ သို့သော် အရစ်ကျ၀ယ်ယူထားသူအများစုမှာ လာမသွင်းကြသည့်အတွက် Customer များကိုယ်စား စိုက်သွင်းထားရပြီး Microfinance ကုမ္ပဏီအချို့ကမူ နောက်ဆုံး ပေးသွင်းရမည့်ရက်ကို ရက်အနည်းငယ် ရွှေ့ဆိုင်းပေးမှုလည်းရှိကြောင်း ဆိုင်ကယ်ကုမ္ပဏီများထံမှ သိရသည်။

“ဘဏ်ရဲ့သဘောတရားက ဗဟိုဘဏ်ရဲ့ မူဝါဒသတ်မှတ်ချက်အတိုင်း လုပ်ဆောင်ရတာ ဖြစ်တဲ့အတွက် Customer တွေ အရစ်ကျငွေ လာမဆပ်လို့ဆိုပြီး တစ်လနောက်ဆုတ်ပေးမယ်၊ နှစ်လနောက်ဆုတ်ပေးမယ်လို့ ဘဏ်တွေမှာ ပြောပိုင်ခွင့်မရှိဘူး၊ လုပ်ပေးပိုင်ခွင့်လည်း မရှိဘူးပေါ့၊ ဗဟိုဘဏ်က ၀င်ညှိပေးရင်တော့ တစ်မျိုးပေါ့၊ ဘဏ်တွေက သူတို့စိတ်တိုင်းကျတော့ လုပ်ခွင့်မရှိဘူး၊ အဲဒီတော့ Customer တွေ ဆိုင်ကယ်အရစ်ကျဖိုး လာမဆပ်နိုင်ရင် အာမခံပေးသူက သွင်းရင်သွင်း၊ အာမခံပေးမယ့်သူက မသွင်းဘူးဆိုရင်တော့ ကုမ္ပဏီက စိုက်သွင်းပဲ၊လောလောဆယ်မှာ စိုက်သွင်းရတဲ့ Amount က များနေတဲ့အတွက် နောက်လတွေဆိုရင် စိုက်သွင်းပေးဖို့ မဖြစ်နိုင်တော့တာကြောင့် သက်ဆိုင်ရာဘဏ်တွေရဲ့ ရုံးချုပ်အထိတော့ တစ်နည်းနည်းနဲ့ကူညီပေးဖို့ စာတင်ပြ တောင်းဆိုထားတယ် ” ဟု မိတ္ထီလာမြို့ခံ ဆိုင်ကယ်ရောင်း၀ယ်ရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

Covid-19 တားဆီးကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ဆိုင်ကယ်အရောင်းပြခန်းများ ပိတ်ထားရသော်လည်း ၀န်ထမ်းများ စား၀တ်နေရေးအခက်မတွေ့စေရန် လိုအပ်သည့်အလုပ်များကို အိမ်မှတစ်ဆင့်လုပ်စေ၍ လစာကိုမူ ယခင်အတိုင်း အပြည့်ပေးကာ လုပ်ဆောင်မှုများလည်းရှိသကဲ့သို့ ယခင်ပေး​နေကျလစာထဲမှ ရာခိုင်နှုန်းအနည်းငယ်လျှော့၍ပေးကြသည့် ကုမ္ပဏီအချို့လည်းရှိကြောင်း မန္တလေးမြို့ ဆိုင်ကယ်ရောင်း၀ယ်ရေး လုပ်ကိုင်နေသူများထံမှ စုံစမ်းသိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here