ကျောင်းသား/သူများနှင့် လမ်းအသုံးပြုသူများ ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေး သုံးနှစ်တာ စီမံချက်ရေးဆွဲ လုပ်ဆောင်မည်

415

မန္တလေး၊ ဇွန်

ကျောင်းသား၊ ကျောင်းသူများနှင့် လမ်းအသုံးပြုသူများကို ဦးတည်ကာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးစီမံချက် (Road Safety Campaign)ကို သုံးနှစ်တာ စီမံချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အမှတ်(၃)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲရုံးမှ တာဝန်ရှိ ယာဉ်ထိန်း အရာရှိတစ်ဦးက ပြောသည်။

ယာဉ်အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစီမံချက် ၂ဝ၁၄-၂ဝ၂ဝ နှင့်အညီ National Energy Puma Aviation Services နှင့် FXB Myanmar တို့ ပူးပေါင်း၍ လူမှုအကျိုးပြုလုပ်ငန်းစီမံချက်တစ်ရပ်ရေးဆွဲကာ ယာဉ်တိုက်မှု ကျဆင်းရေး၊ လမ်းအသုံးပြုသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်းကို ပိုမိုသဘောပေါက် နားလည်လိုက်နာကျင့်သုံးရန်၊ အသိပညာများ ဖြန့်ဝေမြှင့်တင်ရန် ရည်ရွယ်၍ ပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

ကျောင်းဖွင့်ရာသီတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှုအားနည်းသည့် ကျောင်းသား၊ ကျောင်းသူများအား အသိထပ်မံပေးသည့်ပုံစံအပြင် လမ်းအသုံးပြုသူများကိုလည်း စည်းကမ်းလိုက်နာမှု ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ဆောင်ရွက်သွားမည် ဖြစ်ပြီး ယာဉ်တိုက်မှုနှင့် ယာဉ် အန္တရာယ် ကင်းရှင်းအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ စီမံချက်တစ်ရပ်အဖြစ် ဆောင်ရွက်ရာ၌ ယာဉ်ထိန်းရဲ၊ ပညာရေးဦးစီးဌာနအပြင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များတွင် ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ကာ လမ်းမများနှင့် ကားကြီးကွင်းများတွင်လည်း ပညာပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သုံးနှစ်တာ စီမံချက်အဖြစ် ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အတွင်း မြစ်ကြီးနား၊ ဟဲဟိုး၊ တာချီလိတ်၊ စစ်တွေ၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ မန္တလေး၊ ရန်ကုန်နှင့် နေပြည်တော် စသည့် မြို့ကြီး ၁ဝ မြို့နယ်တို့၌ ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး စီမံချက်တွင် အသိပညာနှင့် သတင်း အချက်အလက်များအပြင် သုံးမြှောင့် ရောင်ပြန်စလွယ်များ၊ ယာဉ်စည်းကမ်းနှင့် ပတ်သက်သည့် စတစ်ကာများ၊ ရောင်ပြန်စတစ်ကာများ၊ ရောင်ပြန်ကျောပိုးအိတ်များ၊ ဆိုင်ကယ်စီးဦးထုပ်များ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here