ကျောင်းဖွင့်ရာသီနှင့် မူဝါဒသံများဆိတ်ငြိမ်နေမှုကြောင့် အရောင်းအဝယ်ပြန်ကောင်းလာသည်ဟုဆိုသည့် မန္တလေးကားစျေးကွက်

671

မူဝါဒအသံများ ငြိမ်သက်သက်နေသည့်အပြင် ကျောင်းဖွင့်ရာသီနားနီးသည့်ကာလဖြစ်၍ အရောင်းအဝယ်ပြန်လည်ကောင်းမွန်လာကြောင်း မန္တလေးကားစျေးကွက်အတွင်းရှိကားဝယ်/ရောင်းများထံမှ သိရသည်။

”မူဝါဒတွေကလဲ ဒီတိုင်းပဲပြန်ငြိမ်နေတော့ အဲ့ဒါကြောင့်ပဲအရောင်းအဝယ်ကပြန်လိုက်လာတယ်လို့ထင်တယ်၊မူဝါဒသာ တစ်မျိုးမျိုးထွက်လာရင် အဝယ်ကလဲရပ်သွားနိုင်တယ်၊ခုတော့ အရောင်းအဝယ်က နည်းနည်းလေးကောင်းလာတယ်လို့မြင်ပါတယ်”ဟု မန္တလေးမြို့လမ်း ၆ဝ ကားဝိုင်းမှ ကားဝယ်/ရောင်း ကိုနောနော်က ပြောသည်။

အရောင်းအဝယ် တိုးတက်လာသော်လည်း နယ်ဝယ်လက် အဆင်းနည်း၍ မန္တလေးမြို့ပေါ်ဝယ်လက်အများစုနှင့်သာ အရောင်းအဝယ်ပြုလုပ်နေရပြီး အများအားဖြင့် ပွိုင့်သရီးကားများနှင့် ၆၆ဝ စီစီမီနီထရပ် (ခွေးဘီးလူး)ကားလေးများသာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

”နယ်ဝယ်လက်က မဆင်းတာတော့မဟုတ်ဘူးပါးတယ်၊ မြို့ပေါ်ဝယ်လက်နဲ့စာရင် ဆယ်ဦးတစ်ဦးလောက်ပဲ အလာရှိတယ်၊ အရောင်းအဝယ်ကတော့ အရင်နှစ်တွေကလို အများကြီးမဟုတ်ပေမယ့် သူ့ဟာနဲ့သူ တော့ဖြစ်နေကြပါတယ်၊ သကြင်္န်အပြီးအရောင်းအဝယ်လေးပြန်လိုက်တယ်လို့ပြောရမယ်”ဟု လမ်း ၆ဝ ကားဝိုင်းမှာကားဝယ်/ရောင်းတစ်ဦးက ယခုတစ်ပတ် မန္တလေးကားစျေးကွက်အခြေအနေကို ဆိုသည်။

အရောင်းအဝယ်အဖြစ်များသည့် ပွိုင့်သရီးကားများတွင်Toyota Belta , AD Van , Honda Fit အစရှိသည့် ကျပ်သိန်းတစ်ရာမှ ၁၅ဝ ဝန်းကျင်များ အဖြစ်များပြီး ကျပ်သိန်းခုနှစ်ဆယ်ဝန်းကျင် နံပါတ်ထွက်ပြီး ခွေးဘီးလူးကားလေးများ၊ ကျပ် ၈၅ သိန်းမှ သိန်းတစ်ရာဝန်းကျင် ခွေးဘီးလူးကားသစ်လေးများ အရောင်းအဝယ်အဖြစ်များလျက်ရှိကြောင်း သိရသည်။ ဝယ်လက်အများစု၏ စိတ်ဝင်စားမှုအရ လက်ရှိ မန္တလေးကား စျေးကွက်အတွင်း၌ ကားသစ်များထက် နံပါတ်ထွက်ပြီး ပွိုင့်သရီးကား များသာ ပို၍အရောင်းသွက်လျက်ရှိပြီး စလစ်ကပ်ကားများမူအရောင်းအဝယ်အေးလျက်ရှိကြောင်း သိရသည်။ Delivery Van ကိစ္စများကြောင့်ဝယ်လက်အများစုမှာ စိတ်ချရသည့် ၆၆ဝ စီစီ မီနီထရပ်များဘက်သို့စိတ်ဝင်စားမှု များလာသဖြင့် ခွေးဘီးလူးကားလေးများ ပိုမိုအရောင်းအဝယ်သွက်လာရ ခြင်းဖြစ်ကြောင်း သိရသည်။

အခွန်နှုန်းထားလျှော့ချမှုကို ပြန်လည်သတ်မှတ်မည့်အသံများထွက်ရှိသော်လည်း အဆိုပါအကြောင်းမှာ လက်ရှိ မန္တလေးစျေးကွက်၌ ဖြစ်ပေါ်နေသည့် ကားဟောင်းစျေးကွက်နှင့် သက်ဆိုင်မှုမရှိခြင်းကြောင့် အရောင်းအေးသည်အထိ စျေးကွက်ပျက်သွားခြင်းမရှိဘဲ နံပါတ်ထွက်ပြီးကားလေးများ ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

”မန္တလေးစျေးကွက်မှာက အသစ်အသုံးနည်းတော့ အခွန်မူဝါဒနဲ့က သိပ်မသက်ဆိုင်သလိုဖြစ်နေတယ်၊ အခွန်မူဝါဒဆိုတာက ကားသစ်နဲ့ပဲ သက်ဆိုင်ပြီးလောလောဆယ်ထိ အခွန်အသံကလဲ တိတိကျကျမကြားရသေးပါဘူး”ဟု မန္တလေးကားစျေးကွက်အတွင်းရှိ ကားဝယ်/ရောင်း တစ်ဦးက ပြောသည်။

လက်ရှိစျေးကွက်အနေအထားအရ ကားစျေးနှုန်းများမှာလဲ အတက်အကျမရှိနိုင်သည့်အပြင် ရောင်းသူနှင့်ဝယ်သူကြိုက်ရောင်းကြိုက်ဝယ်ပုံစံဖြင့် အရောင်းအဝယ်ပြုလုပ်နေကြကြောင်းစျေးကွက်အတွင်းမှ သိရသည်။ ထို့အပြင် လက်ရှိဖြစ်ပေါ်နေသည့် ကားစျေးအနေအထားမှာလဲ ဝယ်လက်အကြိုက်တွေ့သည့်စျေးနှုန်းတစ်ခုဖြစ်နေပြီး အရောင်းအဝယ်လုပ်ကိုင်သူများအနေဖြင့် စျေးထပ်မံကျနိုင်သည့်အနေအထားမရှိနိုင်သလို ယခုအခါစျေးကွက်ပုံမှန်ကောင်းမွန်အောင် ပြန်လည်တည်ဆောက်နေရသည့်အခြေအနေဖြစ်၍လည်း စျေးနှုန်းတိုးနိုင်သည့် အနေအထားလည်း မရှိနိုင်ဘဲ လက်ရှိပေါက်စျေးအတိုင်း ကြိုက်ရောင်းကြိုက်ဝယ်အရောင်းအဝယ်ပြုလုပ်နေရခြင်းဖြစ်သည်ဟု သိရသည်။

စလစ်ကပ်ကားစျေးကွက်အေးနေရသည့်အကြောင်းများမှာ မြို့ပေါ် ဝယ်လက်အများစု အကြိုက်မတွေ့သည့်အပြင် စလစ်ကပ်ကားမှာနယ်ဝယ်လက်ကို အဓိကအားထားနေသည့်အတွက် နယ်ဝယ်လက်လာရောက်မှုနဲ ပါက စလစ်ကပ်ကား အရောင်းအဝယ်နည်းသွားကြောင်း သိရသည်။

”အကြီးတွေက နယ်ဝယ်လက်ကိုအဓိကအားကိုးရတာ၊ နယ်ဝယ်လက်မလာတဲ့အတွက် စလစ်ကပ်ကားက အဖြစ်နည်းနေတာပါ”ဟု စလစ်ကပ်ကား အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက လက်ရှိ စလစ်ကပ်ကား စျေးကွက်အေးရသည့်အကြောင်း ပြောသည်။

သို့သော်လည်း စလစ်ကပ်ကားများတွင် လက်ရှိအချိန်ထိ လူကြိုက်များပြီး စျေးကွက်အတွင်း နာမည်ရှိပြီးဖြစ်သည့် ကျပ်သိန်းနှစ်ရာမှသိန်းသုံးရာဝန်းကျင် Surf , Parado , Pajero အစရှိသည့်ကားများ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ညာမောင်းကားတင်သွင်းမှုမရှိသည့်အတွက်အဆိုပါကားများကို ဝယ်ယူစုဆောင်းသူများပင်ရှိကြောင်း စျေးကွက်အတွင်းရှိ ဝယ်/ရောင်းအချို့ထံမှ သိရသည်။

”ကျောင်းဖွင့်ရာသီနားနီးလာတော့ အမေးအမြန်းများလာပြီး အလဲအထပ်လေးတွေ၊ အရောင်းအဝယ်လေးတွေ တည့်ကြတယ်၊ ကျောင်းဖွင့်ကာလရောက်တဲ့အထိကတော့အရောင်းအဝယ်ကောင်းလာနိုင်ပါတယ်”ဟု ကားဝယ်/ရောင်းတစ်ဦးက ပြောသည်။

”အခွန်အသံကလဲ ဘာမှထပ်မကြားတော့ဘူး၊ပြောင်းလဲဖို့ရာလဲ လောလောဆယ်တော့သိပ်မရှိဘူးထင်တယ်၊ လျှော့ပေါ့ပေးဖို့အကြောင်းကလဲသိပ်မရှိဘူး၊ အဲ့ဒါကြောင့် အမှန်တကယ်လိုတဲ့သူတွေကဝယ်လာကြတယ်၊ နောက်တစ်ခုက မန္တလေးလိုင်စင်ကလဲ ရောင်းရဝယ်ရလွယ်ကူတဲ့အမျိုးအစားပါဘဲ၊ ဒါ့အပြင် မန္တလေးလိုင်စင်က နေရာဒေသမရွေးစီးလို့ရတဲ့အချက်ကြောင့် မန္တလေးမှာက ရန်ကုန်ထက် အရောင်းအဝယ်က ပိုပြီးတော့ ရွေ့နေတယ်လို့ထင်ပါတယ်”ဟု ဝါရင့်ကားဝယ်/ရောင်း ဦးဝင်းမြင့်ဦးက ယခုတစ်ပတ် မန္တလေးကားစျေးကွက်အခြေအနေကောင်းလာကြောင်း ပြောသည်။

အရည်ကျိုစျေးကွက်အခြေအနေမှာ လက်ရှိအချိန်ထိ စျေးကွက်အေးလျက်ရှိပြီး အမှန်တကယ် စလစ်လိုအပ်မှသာ ဝယ်ယူသည့်အခြေအနေရှိ၍ နှစ်နှစ်ဆယ်သက်တမ်းရှိ အရည်ကျိုအပ်ကားမှာလဲ ကျပ်သိန်း ၉ဝ ဝန်းကျင်ဖြင့် ပုံမှန်စျေးပေါက်လျက်ရှိကာ အမည်ပေါက်စလစ်တစ်စောင်လျှင်ကျပ်သိန်းတစ်ရာဝန်းကျင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

ပြည်ဘုန်းမောင်

LEAVE A REPLY

Please enter your comment!
Please enter your name here