ကျောင်းဖွင့်ရာသီနှင့်အတူပြန်လည်အသက်ဝင်လာသည့် ရန်ကုန်ကားစျေးကွက်

1701

ကျောင်းဖွင့်ရာသီနှင့်အတူပြန်လည်အသက်ဝင်လာသည့် ကားစျေးကွက်တွင် ရန်ကုန်လိုင်စင် ၁၃ဝဝ စီစီ ကားများအဓိကအရောင်းအဝယ်ဖြစ်နေသည်။၁၃ဝဝ စီစီ ကားများထဲတွင်နံပါတ်ထွက်ပြီးသား ရန်ကုန်လိုင်စင်ကားများမှာ ပို၍အရောင်းအဝယ်ဖြစ်နေပြီး စျေးကွက်အကြိုက်ဖြစ်သည့် Honda Fit ၊Toyota Probox ၊ Toyota Ractis၊Toyota Belta ၊Toyota Vitz စသည့်ကားများမှာတည်ငြိမ်သောစျေးတန်းတစ်ခုဖြင့် ဝယ်လိုအားကောင်းနေကြောင်း သိရသည်။စလစ်ကပ်ကားများထဲတွင် နံပါတ်ထွက်ပြီးသား Toyota Alphard ၊Toyota Kluger၊Toyota Wish စသည့်ကားများလည်း အရောင်းအဝယ်ဖြစ်နေသည်။နယ်အဝယ်များဆင်းလာသည့်အတွက်လည်း ကားစျေးကွက်မှာပြန်လည်လှုပ်ခတ်လာကာ ရန်ကုန်လိုင်စင်ကားများသာမက နယ်လိုင်စင်ကားများပါ အရောင်းအဝယ်ဖြစ်နေသည်။

”ကားဝယ်မယ့်သူတွေက သကြင်္န်ပြီးရင်စျေးတွေကျမလားဆိုပြီး စောင့်ကြည့်ခဲ့ကြပါတယ်။ ဒါပေမယ့် မျှော်မှန်းထားသလိုကားစျေးကကျမလာတဲ့အတွက် လိုအပ်တဲ့သူတွေကပြန်ဝယ်လာကြလို့ အရောင်းအဝယ် ပြန်ကောင်းလာတာဖြစ်ပါတယ်။ရန်ကုန်လိုင်စင်ကားနဲ့ နယ်လိုင်စင်ကား စျေးကွာဟတဲ့အနေအထားမှာ နယ်အဝယ်တွေကလည်းရန်ကုန်လိုင်စင်ဆိုတဲ့အဆွဲမရှိတော့ပဲ နယ်လိုင်စင်ကားတွေကိုဝယ်လာကြပါတယ်။ဒီအချိန်မှာ စလစ်ကပ်ကားတွေဖြစ်တဲ့ Toyota Vanguard ၊ Toyota Kluger၊ Toyota Alphard ၊ Honda CRV စတဲ့စလစ်ကပ်ကားတွေအရောင်းအဝယ်ပြန်ဖြစ်လာသလို ၁၃ဝဝ စီစီကားတွေထဲက Toyota Axio ၊Honda Fit Shuttle ၊ Honda Fit GK 3 ၊ Honda Insight တို့လည်းအဝယ်များပါတယ်။အရင်လတွေထက်စာရင် အရောင်းအဝယ်ဖြစ်လာတယ်ဆိုပေမယ့်လည်း သိန်း ၄ဝဝ အထက်ကားတွေရဲ့ စျေးကွက်ကတော့အရမ်းအကောင်းကြီးမဟုတ်သေးပါဘူး”ဟု ကားဝယ်ရောင်းကိုစိုင်းကဆိုသည်။

ရန်ကုန်လိုင်စင်ဖြင့်ကားဝယ်ယူခွင့်ပေးမည့် YVQC စနစ်ကိုလာမည့် ဇွန်လအတွင်းစတင်အကောင်အထည်ဖော်မည်ဟု သတင်းများထွက်ပေါ်နေခြင်းနှင့်အတူ အခြေအနေတစ်ခုကိုစောင့်ကြည့်နေကြသဖြင့် နံပါတ်မယူရသေးသော Consignment ကားများမှာ အရောင်းအဝယ်ဆက်ပြီးအေးနေသည်။ယခုရက်ပိုင်းအတွင်း စျေးကွက်အခြေအနေပြန်ကောင်းလာရာတွင်လည်း ရန်ကုန်လိုင်စင်နံပါတ်ထွက်ပြီးသားကားများသာ အရောင်းအဝယ်ဖြစ်ပြီး ကျပ်သိန်း ၂ဝဝ အောက် ၁၃ဝဝ စီစီကားများ၏စျေးကွက်မှာ အားကောင်းနေကြောင်းသိရသည်။

”ဒီရက်ပိုင်းမှာ ၁၃ဝဝ စီစီ ကားတွေနဲ့ ၆၆ဝ စီစီလုပ်ငန်းသုံးကားတွေ အဝယ်ပြန်လိုက်လာပါတယ်။ရန်ကုန်လိုင်စင်နံပါတ်ထွက်ပြီးသားကားတွေဆိုရင် ပိုပြီးအရောင်းအဝယ်ဖြစ်တယ်၊ရန်ကုန်လိုင်စင်နဲ့ကားဝယ်ယူခွင့်ပေးမယ့်အချိန်ရောက်ရင် ရန်ကုန်မြို့မှာရှိတဲ့နယ်လိုင်စင်ကားတွေကိုလည်း မြို့ဝင်ကြေးကောက်ခံမယ်လို့ ကြားသိနေရပါတယ်။နယ်လိုင်စင်ကားတွေကို မြို့ဝင်ကြေးကောက်ခံမယ့်နှုန်းထားအပေါ်မူတည်ပြီး နယ်လိုင်စင်နဲ့ရန်ကုန်လိုင်စင်က စျေးကွာဟချက်ပိုများသွားမှာပါ၊ဒီလိုဖြစ်လာခဲ့ရင် ရန်ကုန်လိုင်စင်ပြန်ပြောင်းစီးဖို့အတွက် ရန်ကုန်မြို့မှာရှိတဲ့နယ်လိုင်စင်ကားပိုင်ရှင်တွေက ထုတ်ရောင်းကျမှာဖြစ်တဲ့အတွက် စျေးနှုန်းအပြောင်းအလဲဖြစ်လာနိုင်ပါတယ်။အရောင်းအဝယ်ပြန်ကောင်းလာတယ်ဆိုပေမယ့်လည်း ရန်ကုန်လိုင်စင်နဲ့ဝယ်ယူခွင့်မရသေးသလို ဒေါ်လာစျေးမြင့်တက်နေတဲ့အတွက် တည်ငြိမ်တဲ့အနေအထားတစ်ခုကို မရောက်သေးပါဘူး”ဟု United Eleven Motor မှမန်နေးဂျင်းဒါရိုက်တာ ကိုအောင်သူကဆိုသည်။

ဒေါ်လာစျေးမြင့်တက်နေခြင်းနှင့် ရန်ကုန်လိုင်စင်ဖြင့်ကားဝယ်ယူခွင့် မူဝါဒါကိုစောင့်ဆိုင်းနေခြင်းကြောင့် ဘယ်မောင်းကားတင်သွင်းမှုများ နည်းနေပြီး ဂျပန်ညာကားများသာစျေးကွက်ကိုဆက်ပြီးဦးဆောင်နေသည်။ ထို့အပြင်ကားအရောင်းစင်တာများမှ Consignment စနစ်ဖြင့်တင်သွင်းထားသည့် ဂျပန်ညာမောင်းကားများမှာ အစီးရေတော်တော်များများကျန်နေသေးသည့်အတွက် နှစ်မကုန်ခင်အထိဂျပန်ညာမောင်းကားစျေးကွက်မှာဆက်ပြီးဦးဆောင်နေဦးမည်ဖြစ်သည်။

Consignment ကားများအရောင်းအဝယ်ကောင်းမလာသေးသည့်အတွက်လည်း စလစ်စျေးများမှာစျေးတန်းတစ်ခုတွင်တည်ငြိမ်နေပြီးနယ်လိုင်စင်စလစ်များလည်း ဝယ်လက်နည်းနေသည်။လိုအပ်သည့်သူများသာ ဝယ်ယူနေခြင်းကြောင့် ရန်ကုန်လိုင်စင်စလစ်စျေးများသည့် ၁၂၅ သိန်း ဝန်းကျင်တွင်တည်ငြိမ်နေပြီး တိုက်ကြေစလစ်မှာ ၁ဝ၂ သိန်း ဝန်းကျင်ရှိကြောင်း ကားစျေးကွက်အတွင်းမှသိရှိရသည်။ရန်ကုန်လိုင်စင်ဖြင့်ကားဝယ်ယူခွင့်ပေးမည့် မူဝါဒထွက်ပေါ်လာပါက ကားစျေးများအပြောင်းအလဲဖြစ်ပေါ်လာခြင်းနှင့်အတူ စလစ်စျေးများလည်းလက်ရှိပေါက်စျေးထက်ကျဆင်းသွားနိုင်ဖွယ်ရှိကြောင်း ကားတင်သွင်းသူများကခန့်မှန်းထားကြသည်။

ကိုရဲ

LEAVE A REPLY

Please enter your comment!
Please enter your name here