ကျောင်းဖွင့်ရာသီနီးကပ်လာသောကြောင့် ရန်ကုန်လိုင်စင်နံပါတ်ထွက်ပြီးသားကားများနှင့်နယ်လိုင်စင် ၁၃ဝဝ စီစီ ကားများအရောင်းအဝယ်ပြန်ဖြစ်လာ

783

ရန်ကုန်၊မေ

ကျောင်းဖွင့်ရာသီနီးကပ်လာသောကြောင့် ရန်ကုန်လိုင်စင်နံပါတ်ထွက်ပြီးသားကားများနှင့်နယ်လိုင်စင် ၁၃ဝဝ စီစီ ကားများအရောင်းအဝယ်ပြန်ဖြစ်လာကြောင်း ကားတင်သွင်းသူများထံမှ သိရသည်။

အခွန်ကောက်ဥပဒေ အပြောင်း အလဲနှင့်ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းခွင့်ပြုမည်ဆိုသည့် သတင်းများကြောင့် ဧပြီလမတိုင်ခင်ကတည်းက အေးစက်နေသောကားစျေးကွက်သည် ယခုရက်ပိုင်းအတွင်း ပြန်လည်လှုပ်ခက်လာပြီး ရန်ကုန်လိုင်စင်နံပါတ်ထွက်ပြီးသားကားများနှင့် နယ်လိုင်စင် ၁၃ဝဝ စီစီ ကားများအရောင်းအဝယ်ပြန်ဖြစ်လာကြောင်း သိရသည်။

”ဒီရက်ပိုင်းမှာ နံပါတ်ထွက်ပြီးသား ရန်ကုန်လိုင်စင်ကားတွေ သာမက စတိနံပါတ်နယ်လိုင်စင်ကားတွေပါ အရောင်းအဝယ်ပြန်ဖြစ်လာပါတယ်။ နံပါတ်ထွက်ပြီးသားကားတွေထဲမှာဆိုရင် ၂ဝဝ၃ မိုဒယ် Toyota Crown ၊ Toyota Mark II၊ Toyota Hilux Surf၊ Toyota Alphard ကားတွေ အဝယ်လိုက်လာပါတယ်။ ၁၃ဝဝ စီစီ ကားတွေထဲမှာ နံပါတ်ထွက်ပြီးသား ရန်ကုန်လိုင်စင်ကားကတော့ ရောင်းရပြီး နယ်လိုင်စင်နဲ့ဆိုရင် Honda Fit ၊Honda Fit Shuttle ၊ Toyota Axio နဲ့ နောက်ထွက်တဲ့ Toyota Yaris စတဲ့ကားတွေ အမေးများပါတယ်။ ရန်ကုန်မှာရှိတဲ့ နယ်လိုင်စင်ကားတွေကို မြို့ဝင်ကြေးကောက်ခံခဲ့ရင်တော့ ရန်ကုန်လိုင်စင်နဲ့ နယ်လိုင်စင်ကြားမှာ စျေးကွာဟချက် ပိုများသွားမှာ ဖြစ်ပါတယ်”ဟု MMM ကားအရောင်းစင်တာမှ မန်နေဂျင်းဒါရိုက်တာ ကိုမင်းမင်းမောင်က ဆိုသည်။

ယခုရက်ပိုင်းအတွင်း နံပါတ်ထွက်ပြီးသား ရန်ကုန်လိုင်စင်ကားများ အရောင်းအဝယ်ဖြစ်နေသော်လည်း ကားအရောင်းစင်တာများမှ တင်သွင်းထားသည့် Consignment ကားများနှင့် Car Showroom များမှတင်သွင်းထားသည့် Brand New ကားများမှာ ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူခွင့်ကို စောင့်ဆိုင်းနေကြသဖြင့် အရောင်းအဝယ်ဆက်ပြီး အေးနေကြောင်း ကားတင်သွင်းသူများထံမှ သိရသည်။

ကိုရဲ

LEAVE A REPLY

Please enter your comment!
Please enter your name here