ကျောင်းကားလုပ်ငန်းရှင်များ၏ တောင်းဆိုမှုကြောင့် နယ်လိုင်စင်ကျောင်းကားများကို  ယခုပညာသင်နှစ်   နောက်ဆုံးထား ပြေးဆွဲခွင့်ပြုမည်

662

ရန်ကုန်၊ မေ

ကျောင်းကားလုပ်ငန်းရှင်များ၏တောင်းဆိုမှုကြောင့် နယ်လိုင်စင်ကျောင်းကားများကို ယခုပညာသင်နှစ် နောက်ဆုံးထားပြီး ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းကားစနစ်သစ် ဖော်ဆောင်ရာတွင် ပြေးဆွဲမည့်အစီးရေ နည်းပါးနေခြင်းနှင့် ကျောင်းကားလုပ်ငန်းရှင်များဘက်မှ ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းရန် အခက်အခဲရှိနေခြင်းတို့ကြောင့် နယ်လိုင်စင် ကျောင်းကားများကို ယခုပညာသင်နှစ်တွင် ဆက်လက်ပြေးဆွဲခွင့်ပြုမည်ဖြစ်သည်။

”နယ်လိုင်စင် ကျောင်းကားနဲ့ ညာမောင်းကျောင်းကားတွေကို ဒီပညာသင်နှစ်မှာ ဆက်ပြီးပြေးဆွဲခွင့် ပြုလိုက်ပါတယ်၊ ဒီပညာသင်နှစ်က စပြီး အချက် ၁၂ ချက်နဲ့ညီတဲ့ ကျောင်းကားတွေကိုတော့ ကျောင်းကားအနေနဲ့ လုပ်ငန်းလိုင်စင် လုပ်ဆောင်ရမယ်လို့ ညွှန်ကြားထားပါတယ်”ဟု ကျောင်းကား လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

နယ်လိုင်စင် ကျောင်းကားများ နှင့် ညာမောင်းကျောင်းကားများကို လာမည့်ပညာသင်နှစ်မှစ၍ ကျောင်းကားအဖြစ် ပြေးဆွဲခွင့်ပြုမည် မဟုတ်သည့်အတွက် လိုအပ်သည့်ကျောင်းကားများကို ဝယ်ယူရရှိနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကူညီပေးမည်ဖြစ်ကြောင်း ‘ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့’ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

ကျောင်းကားစနစ်သစ်ကို ရန်ကုန်မြို့တွင်းရှိ အခြေခံပညာ အစိုးရကျောင်း ၁၈ ကျောင်းတွင်  ယခု ပညာသင်နှစ်မှ စတင်ပြေးဆွဲမည်ဖြစ်ပြီး လိုက်ထရပ်ကဲ့သို့ နောက်ဖွင့်ယာဉ်များကိုမူ ပြေးဆွဲခွင့်ပြုတော့မည်မဟုတ်ကြောင်း YRTA မှ သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here