ကျောင်းကားစနစ်သစ်အတွက်  အစိုးရအဖွဲ့မှ ဝယ်ယူထားသည့် School Bus များကို  တောင်းဆိုသည့် ကျောင်းများရှိမှသာ  ပြေးဆွဲပေးတော့မည်

469

ရန်ကုန်၊ ဇွန်

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝယ်ယူထားသည့် School Bus အစီး နှစ်ရာထဲမှ ကျန်ရှိသည့် အစီး ၁၄ဝ ကို ပြေးဆွဲပေးရန် တောင်းဆိုသည့်ကျောင်းများရှိမှသာ ပြေးဆွဲပေးတော့မည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

ကျောင်းကားစနစ်သစ် ပြေးဆွဲရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ School Bus အစီး နှစ်ရာဝယ်ယူခဲ့ရာတွင် ကမာရွတ် TTC နှင့် ရန်ကင်း TTC ကျောင်းများ၌သာ အစီး ခြောက်ဆယ်ဖြင့် ပြေးဆွဲပေးနေပြီး ကျန်ရှိသည့် အစီး ၁၄ဝ ကို ပြေးဆွဲပေးရန် လာရောက်ကမ်းလှမ်းသည့် ကျောင်းများရှိမှသာ ပြေးဆွဲပေးမည် ဖြစ်ကြောင်း သိရသည်။

”ကိုရီးယားက ဝယ်ထားတဲ့ School Bus အစီး နှစ်ရာထဲက အစီးတစ်ရာကို CCTV ၊ GPS စတဲ့ လိုအပ်တဲ့စနစ်တွေ တပ်ဆင်ထားပြီးပါပြီ၊ ဒီထဲက အစီး ခြောက်ဆယ်ကို TTC ကျောင်းနှစ်ကျောင်းမှာ ပြေးဆွဲပေးနေပါပြီ၊ ဒီကျောင်းတွေက တောင်းဆိုလို့ ပြေးဆွဲပေးတာပါ၊ ကျန်တဲ့ကားတွေကိုတော့ ပြေးဆွဲပေးဖို့ တောင်းဆိုတဲ့ ကျောင်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် လိုအပ်တဲ့စနစ်တွေ တပ်ဆင်နေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောသည်။

School Bus အစီး နှစ်ရာ ကို ကျောင်းကားစနစ်သစ် ပြေးဆွဲရန် ဝယ်ယူထားခြင်းဖြစ်သော်လည်း ကျောင်းများတွင် လက်ရှိပြေးဆွဲနေသည့် ကျောင်းကားများအလုံအလောက် ရှိနေခြင်းနှင့် နယ်လိုင်စင်ကျောင်းကားများ၊ ညာမောင်း ကျောင်းကားများကို ယခုပညာသင်နှစ်တွင် ဆက်လက်ပြေးဆွဲခွင့် ပြုထားသောကြောင့် အစိုးရအဖွဲ့မှ ဝယ်ယူထားသည့် School Bus များ ကို လိုအပ်သည့်ကျောင်းများတွင်သာ ပြေးဆွဲပေးခြင်း ဖြစ်ကြောင်း သိရသည်။

ယခု ပညာသင်နှစ်အတွက်သာ နယ်လိုင်စင် ကျောင်းကားများနှင့် ညာမောင်း ကျောင်းကားများကို ခွင့်ပြုပေးထားခြင်းဖြစ်ပြီး လာမည့် ပညာသင်နှစ်မှစ၍ သတ်မှတ်ချက် ၁၂ ချက်နှင့် ကိုက်ညီမှသာ ခွင့်ပြုမည်ဖြစ်ရာ ကျောင်းကားလိုအပ်ချက်များ ရှိလာမည်ဖြစ်သည်။ ထိုမှသာ ကျန်ရှိသည့် School Bus များကို ထည့်သွင်းပြေးဆွဲတော့မည် ဖြစ်ကြောင်း သိရသည်။ ယခု ပညာသင်နှစ်မှစတင်၍ ကျောင်းကားစနစ်သစ်ကို ဖော်ဆောင်နေခြင်း ဖြစ်သော်လည်း လိုက်ထရပ်ကဲ့သို့ နောက်ဖွင့်ယာဉ်များမှလွဲ၍ ကျန်ယာဉ်များကို ခွင့်ပြုပေးထားခြင်း ဖြစ်သည်။ သို့သော် လာမည့် ပညာသင်နှစ်မှစ၍ အချက် ၁၂ ချက်နှင့် ကိုက်ညီသည့် ကျောင်းကားများကိုသာ ပြေးဆွဲခွင့်ပြုတော့မည်ဖြစ်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here