ကျိုက်ထီးရိုးတောင်ပေါ်သို့ ဆိုင်ကယ်နှင့် တက်ခဲ့ကြရာဝယ်

160

 

နည်းနည်းများ နားစိမ်းသွားမလား။ အများပြည်သူ သွားလာနေတဲ့ ကျိုက်ထီးရိုးဘုရားတောင်တက်လမ်းကို ကိုယ်ပိုင်ကားတွေ၊ ဆိုင်ကယ်တွေ တက်ခွင့်မပေးထားပါဘူး။ ကျိုက်ထီးရိုးတောင်ပေါ်ကို အများပြည်သူ သွားလာနေတဲ့လမ်းကို မသုံးဘဲနဲ့ တောလမ်းကနေ Off-Road Bike တွေနဲ့ တက်လို့ရတာ သိရတဲ့နောက်ပိုင်း ကျွန်တော်တို့အုပ်စု တက်ဖို့ ပြင်ဆင်ကြပါတော့တယ်။ လူစုလိုက်တော့ မန္တလေးက တစ်ယောက်၊ ပြင်ဦးလွင်က တစ်ယောက် အတူလိုက်မယ်ဆိုတော့ ရန်ကုန်က ငါးယောက်နဲ့ စုစုပေါင်း ခုနစ်ယောက်စာ Ride Around The Kyaikhtiyo Hill (R.A.K.H) မှာ ကြိုတင်စာရင်းပေးပြီး ကျိုက်ထိုမှာဆုံဖို့ အစီအစဉ် ဆွဲကြပါတယ်။

တောင်ပေါ်တက်တဲ့နေ့ မနက် ၈ နာရီလောက်မှာ ရန်ကုန်ကနေ ယူသွားတဲ့ Yamaha WR 450 F တစ်စီး၊Honda FTR 250 တစ်စီး၊R.A.K.H u Honda XLR တစ်စီး၊ Honda AX 1တစ်စီး၊Honda FTR 223 လေးစီး၊Tour Guide တစ်ယောက်နဲ့ ကျွန်တော်တို့ ခုနစ်ယောက် ကျိုက်ထိုကနေ စထွက်ကြပါတယ်။Yamaha WR 450 F က ထိုင်ခုံ (Seat Height) တော်တော်မြင့်တဲ့အတွက် အရပ်ရှည်တဲ့ ကျွန်တော်ပဲ မောင်းလာပါတယ်။

ကျိုက်ထိုကနေ ကင်ပွန်းစခန်းအထိ နိုင်လွန်ကတ္တရာလမ်းပေါ်က သွားကြပါတယ်။ ကင်ပွန်းစခန်းရောက်တော့မှ ကားလမ်းမပေါ်ကနေ အရှေ့တောင်ဘက်ကိုချိုးပြီး မြေကြီးလမ်းပေါ် မောင်းရပါတယ်။ မြေလမ်းပေါ်မှာ ဖုန်ထူနေတော့ ရှစ်စီးစလုံး အုပ်စုလိုက်မောင်းမယ့်အစား လေးစီးတစ်အုပ်စုခွဲပြီး ဆက်သွားကြပါတယ်။ သစ်ပင်တွေ အုပ်ဆိုင်းနေတဲ့ တောလမ်းဖြစ်တာ တစ်ကြောင်း၊ ဆောင်းအကုန်နွေအကူးဖြစ်တာ တစ် ကြောင်းကြောင့် နေထွက်လာပေမဲ့ ရာသီဥတုက အေးအေးချမ်းချမ်းနဲ့ မောင်းလို့ကောင်းပါတယ်။ မောင်းလာရင်းနဲ့ လမ်းပေါ်ကို သစ်ပင်လဲပြီး လမ်းပိတ်နေလို့ အောက်ကငုံ့သွားလို့ရရင် ငုံ့ရှောင်သွားကြရပါတယ်။ နောက်ထပ်တစ်နေရာက သစ်ပင်ကြီးကြီးလဲကျပြီး ပိတ်နေလို့ ငုံ့ရှောင် သွားလို့မရတော့ဘဲ ချုံတွေတိုး၊ ဘေးက တောင်နံရံပေါ်ပတ်တက်ပြီး သွားကြရပါတယ်။ Guide ညီလေးကိုမေးကြည့်တော့မှ သစ်ခိုးထုတ်မှာ စိုးလို့ လမ်းပိတ်ထားတာလို့ ပြောစကားအရ သိရပါတယ်။ ဆက်သွားရင်း ကျောက်တုံး၊ ကျောက်ခဲတွေကြားမှာ ရေစီးသံတွေနဲ့ သာယာနေတဲ့ ရေ တိမ်တိမ် စမ်းချောင်းလေးကိုတွေ့တော့ ရေဆင်းစိမ်ကြတယ်လေ။ ကျွန်တော်ကတော့ ရေခဏပဲစိမ်ပြီး ချောင်းကို အသွား/အပြန် ဖြတ်မောင်း နေလိုက်တယ်။ ရေစိမ်ပြီးဆက်မောင်းတော့ သိပ်မကြာခင်မှာပဲ နေ့လယ် စာ စားမယ့်ရွာကို ရောက်ပါတယ်။ Guide ညီလေးက ကြိုတင်မှာပြီး စီစဉ်ထားပေးလို့ ရွာထဲက ကုန်စုံဆိုင်လေးမှာပဲ ကြက်သားဟင်း၊ ပဲဟင်း၊ ငါးပိထောင်း၊ တို့စရာအစုံနဲ့ ထမင်းစားကြပါတယ်။ ထမင်းစားပြီး ဆက်ထွက်တော့မှ တကယ့်တော ထဲက လူသွားလမ်းလေးတွေမှာ တောင် တွေတက်၊ ချောင်းတွေဖြတ်ပြီး မောင်း ရပါတယ်။ သွားရင်းနဲ့ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းကိုတက်တဲ့ လမ်း က အတက်မတ်မတ်၊ အကွေ့ အကောက်တွေနဲ့ဖြစ်လို့ တော်တော် သတိထားပြီး ထိန်းတက်ရပါတယ်။ တစ်ဖက်ကတောင်နံရံဖြစ်ပြီး တစ်ဖက်က ချောက်ဖြစ်လို့ အမှားအယွင်း၊ အတိမ်းအစောင်းဖြစ်လို့ မရပါဘူး။ ကျွန်တော်စီးတဲ့ WR-F က Enduro Bike ဖြစ်ပြီး Off-Road တာယာနဲ့ဆိုတော့ အေးအေးဆေးဆေးတက်နိုင်ပေမဲ့ Flat Track တာယာ နဲ့ Tracker ဖြစ်တဲ့ FTR တွေကတော့ တော်တော်လေးကို သတိထားပြီး ရုန်းတက်ရပါတယ်။
အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းရှေ့နားက ကွန်ကရစ်လူသွားလမ်း လေးအတိုင်း ဆက်တက်သွားတော့ ကျိုက်ထီးရိုးစေတီနဲ့ ကျောက်ထပ် ကြီး ဘုရားကြားထဲက လူသွားလမ်းစျေးတန်းလေးကို ရောက်သွားပါတယ်။ စျေးတန်းလမ်းပေါ်မှာ လမ်းလျှောက်သွားလာနေတဲ့ ဘုရားဖူးတွေ များနေတာကြောင့် ဆိုင်ကယ်တွေ ဆက်မစီးကြတော့ဘဲ Guide ညီလေး ထိုင်နေကျဆိုင်မှာပဲ အအေးသောက်ပြီး ထိုင်နားကြပါတယ်။ အဲဒီစျေး တန်းလေးကနေ လှမ်းကြည့်တော့ ကျိုက်ထီးရိုးစေတီတော်ကို ဖူးတွေ့ရ နေပါပြီ။ ဘုရားရင်ပြင်ပေါ် ဆက်တက်ချင်ရင် မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်တက်ဖို့ပြောတော့ အချိန်သိပ်မရတာကြောင့်ရော၊ လူတွေ ကလည်း ညစ်ပတ်ပေရေနေတာကြောင့်ရော ရင်ပြင်ပေါ်အထိ မတက် တော့ဘဲ ခဏနားပြီး ပြန်ဆင်းကြပါတယ်။ ပြန်အဆင်းလမ်းကတော့ မတ်စောက်တဲ့အပြင် ဖုန်တွေ၊ ကျောက်ခဲလုံးတွေနဲ့ဆိုတော့ တော်တော် အန္တရာယ်များပါတယ်။ ပြန်အဆင်းမှာလည်း FTR တွေရဲ့တာယာက ဒီလို လမ်းတွေမှာ ကုပ်အားသိပ်မရတာကြောင့် တော်တော်ကို အသည်းအသန် ထိန်းဆင်းရပါတယ်။ နောက်ဘရိတ်ကိုနင်းရင်းနဲ့ Lock ကျသွားပြီး ဘီးမလည်တော့ရင်တောင် တာယာကုပ်အားမရဘဲ နောက်ဘီး တရွတ်ဆွဲလျက်အတိုင်း အဆင်းကို ဆက်ဆင်းနေတာဖြစ်လို့ အရှိန်များလာရင် လမ်းဘေးက မြေစာပုံတွေ၊ ချုံတွေဝင်တိုးပြီး အရှိန်ကိုထိန်းကြရပါတယ်။ အဲဒီအချိန်မှာ WR-F က စိတ်တိုင်းကျ အနေအထားနဲ့ ထိန်းရတာ တော်တော်ကောင်းပါတယ်။ FTR တွေ တရွတ်ဆွဲပြီး ချော်ဆင်းနေတဲ့ လမ်းမှာတောင် တုံ့ခနဲရပ်ပစ်လို့ရတာမျိုး၊ ကျောက်တုံးကျောက်ခဲတွေ နင်းမိရင် အသာလေးဆွဲထိန်းလို့ရတာမျိုးက သူ့ရဲ့အကောင်းဆုံး စွမ်း ဆောင်ရည်ပါပဲ။ တောင်အောက်ရောက်တော့ Guide ညီလေးက အချိန်ရ သေးတယ်ဆိုပြီး ရသေ့ဦးခေါင်းဆေးကန်ကို လိုက်ပို့ပါသေးတယ်။ မလိုက် ချင်တဲ့သူတွေက လမ်းဆုံကရွာလေးမှာ စောင့်ကျန်နေခဲ့ပြီး အပြန်ကျမှ အတူတူပြန်ကြပါတယ်။ အပြန်လမ်းကတော့ ကင်ပွန်းစခန်းရဲ့ တောင် တက်ကားဂိတ်နားကို ရောက်သွားပြီး ကင်ပွန်းစခန်းကနေ နိုင်လွန်ကတ္တရာ လမ်းအတိုင်း စီးပြီးပြန်ကြပါတယ်။ လမ်းချောပေါ်ရောက်တော့မှWR-F ရဲ့ Off-Road တာယာတွေက အရှိန်နဲ့မောင်းတော့ အကွေ့တွေမှာချော ပြီး လူးတော့တာပါပဲ။ လမ်းကြမ်းမှာ စိတ်ကြိုက်မောင်းလို့ရပေမဲ့ လမ်းချော ပေါ်မှာတော့ Off-Road တာယာက ကုပ်အားမရှိတာကြောင့် အရှိန်ကို ထိန်းပြီး မောင်းရပါတယ်။ ည ၇ နာရီ လောက်မှာ ကျိုက်ထိုကိုပြန် ရောက်ပြီး ကျွန်တော်တို့ရဲ့ခရီးစဉ်လေးအောင်မြင်စွာနဲ့ပြီး ဆုံးသွားပါတယ်။ စီးနင်းသွားကြတဲ့ ဆိုင်ကယ်တွေ ကို သုံးသပ်ရရင် Off-Road မှာ ကမ္ဘာကျော် WR-F ကို စီးရ တာ ပင်ပန်းတယ်လို့တောင် မထင်ရပါဘူး။ တခြားဆိုင်ကယ်တွေ ခဲလုံးနင်းမိပြီး လဲတာမျိုးမှာ တောင်သူက အသာလေးနင်းပြီး ကျော်သွားနိုင်ပါတယ်။ ဖုန်မှုန့်တွေ၊ ကျောက်ခဲတွေ အရမ်း ထူတဲ့နေရာမှာလည်း သက်သောင့်သက်သာ ထိန်းစီးသွား ရုံပါပဲ။ နိုင်လွန်ကတ္တရာလမ်းပေါ်ရောက်တော့သူများတွေ အရှိန်တင်မောင်း တဲ့အချိန်ကျမှ Off-Road တာယာတွေကြောင့် လိုက်မမောင်းနိုင်ဘဲ ကျန်ခဲ့ရတာပါ။ XLR ကတော့ Trail Bike ဖြစ်တာကြောင့် Off-Road မှာ အတန်အသင့်ကောင်းသလို လမ်းချောပေါ်မှာလည်း ထိန်းရတာသိပ် မဆိုးပါဘူး။ AX 1 ကကျတော့ Adventure Bike ပုံပေါက်နေတာဖြစ်လို့ Off-Road မှာ သိပ်မကောင်းဘဲ လမ်းကောင်းပေါ်မှာ အရှိန်တင်မောင်း တဲ့အချိန် တော်တော်ကောင်းပါတယ်။ ခရီးစဉ်မှာ စီးနင်းကြတာ အများ ဆုံးဖြစ်တဲ့ R.A.K.H ရဲ့ FTR လေးတွေကတော့ စွယ်စုံသုံးအနေအထားနဲ့ မဆိုးဘူးလို့ သုံးသပ်မိပါတယ်။ ကျွန်တော့်လို အရပ်ရှည်ပြီး Off-Road မှာ ခပ်ကြမ်းကြမ်းမောင်းချင်သူအတွက် သိပ်အဆင်မပြေလှပေမဲ့ အရပ်မမြင့်သူတွေအနေနဲ့ လမ်းကြမ်းမှာ အတိမ်းအယိမ်းထိန်းရလွယ်တာက သူ့အားသာချက်ပါ။ ရိုးရိုးရှင်းရှင်း၊ အကြမ်းပတမ်းခံနိုင်ရည်ကောင်းပြီး ကုန်ကျစရိတ်နည်းနည်းနဲ႔ ပြင်ဆင်ရတာ လွယ်ကူပါတယ်။
ခရီးစဉ်တစ်လျှောက် အန္တရာယ်ကြီးကြီးမားမားမရှိဘဲနဲ့ ပြီးမြောက်သွားတဲ့အတွက် ဆိုင်ကယ်ဝါသနာရှင် ကျွန်တော်တို့လည်း စိတ်ကျေနပ် ပျော်ရွင်မှုကို အပြည့်အဝရခဲ့ပါတယ်။
ဆိုင်ကယ်ချစ်သူ စာဖတ်ပရိသတ်များ
ဆိုင်ကယ်စီးပြီးခရီးသွားရင်းနဲ့ ပျော်ရွင်ကြပါစေ။

LEAVE A REPLY

Please enter your comment!
Please enter your name here