ကျပ် သိန်း ၂ဝဝ နှင့် ၃ဝဝ ကြား ရွေးချယ်သင့်သည့် ဘယ်မောင်းကားများ

1547

ကားတင်သွင်းခွင့်မူဝါဒအရ ဘယ်မောင်းကားတွေ တဖြည်းဖြည်း အသုံးပြုမှု များလာတဲ့အခါမှာ Chevrolet Sail3 နဲ့ KIA Rio တို့ကို မြန်မာနိုင်ငံရဲ့ လမ်းမတွေပေါ်မှာ အများအပြား မြင်တွေ့လာရမှာ ဖြစ်ပါတယ်။ ဒီကားတွေကို Showroom အကျအနေနဲ့ ဝယ်လို့ရပြီး စျေးနှုန်းကလည်း Honda Fit GK3 ၊ Honda Fit Shuttle တို့နဲ့ စျေးမတိမ်းမယိမ်းဖြစ်လို့ ဘယ်မောင်းကားတွေ ကြိုက်နှစ်သက်သူတွေအတွက် ရွေးချယ် သင့်တဲ့ ကားအမျိုးအစားတွေ ဖြစ်ပါတယ်။

Chevrolet Sail 3 

အမေရိကန်အခြေစိုက် ကားကုမ္ပဏီ Chevrolet ထုတ် ၂ဝ၁၆ မိုဒယ် Sail 3 LTZ ဆီဒန်ကားအမျိုးအစားဟာ Chevrolet ရဲ့ မျိုးဆက်သစ်ကားတွေထဲမှာ အရည်အသွေးမြင့် စွမ်းအင်ချွေတာပေးနိုင်သလို သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းစေပြီး စီးနင်းအသုံးပြုသူကို လိုက်လျောညီထွေမှုရှိစေမယ့် ကားတစ်စီးဖြစ်ပါတယ်။ Sail 3 မိုဒယ်မှ Chevrolet ရဲ့ ဆန်းသစ်တဲ့ဒီဇိုင်းနဲ့ ဖန်တီးထားတဲ့ ရုပ်ထွက်အသွင်အပြင်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အရှေ့ဘက်မျက်နှာစာ ကျယ်ပြန့်ပြီး Sport ဆန်တဲ့ နှစ်ထပ်ရှဲလ်မှာ Chevrolet ရဲ့ Bowtie လိုဂို တပ်ဆင်ထားပြီး ကားရဲ့အသွင်အပြင်က ဆွဲဆောင်မှုရှိနေစေပါတယ်။

အပြင်ပိုင်းနှင့် အတွင်းပိုင်း အပြင်အဆင်

2017 Chevrolet Bolt EV

အခု Sail 3 မိုဒယ်ဟာ အရင်မိုဒယ်တွေထက် ၅၁ မီလီမီတာ ပိုရှည်ပြီး ၄၅ မီလီမီတာ ပိုကျယ်သလို ရှေ့ဘီးနဲ့ နောက်ဘီးအကွာအဝေးက ၃၅ မီလီမီတာ ပိုရှည်လာတာ တွေ့ရပါတယ်။ အတွင်းခန်းကိုလည်း ကောင်းမွန်သပ်ရပ်စွာ ဖွဲ့စည်းထားပြီး Chevrolet ရဲ့ အထင်ကရဖြစ်တဲ့ Cockpit Design ကို ဆက်လက်သုံးစွဲထားပါတယ်။ အတွင်းခန်းက အမျိုးအစားတူကားတွေနဲ့ နှိုင်းယှဉ်ရင် ပိုကျယ်ဝန်းပြီး သက်သောင့်သက်သာ ရှိစေမယ့် ထိုင်ခုံအနေအထား၊ အလွယ်တကူအသုံးပြုနိုင်မယ့် ပစ္စည်းထားသိုတဲ့ နေရာ ၁၆ ခုအပြင် နောက်ဖုံးခန်း အကျယ်အဝန်းကလည်း ၃၆၆ လီတာ ဝင်ဆံ့မှာ ဖြစ်ပါတယ်။Radar-sweep အချက်ပြဒိုင်ခွက်၊ 3D ပုံစံ စပီကာကာဗာ၊ ခွက်ပုံစံ ထိုင်ခုံ၊ Mode နှစ်မျိုးသုံး နိုင်တဲ့ Sunroof ၊ နည်းပညာမြင့် ဖျော်ဖြေရေးစနစ်တွေ၊ ထိန်းချုပ်ခလုတ်တွေ ပါဝင်တဲ့ Three-Spoke စတီယာရင်၊ စမတ်ဖုန်းမျက်နှာပြင်လို မြင်ရမယ့် ၄ ဒသမ ၂ လက်မအရွယ် Colour Display ၊ Bluetooth စနစ်နဲ့ ချိတ်ဆက်ပြီး သီချင်းနားထောင်နိုင်မယ့်စနစ် စတာတွေ ပါဝင်ပါတယ်။

အင်ဂျင်အမျိုးအစား

၁ ဒသမ ၅ လီတာ DVVT အင်ဂျင်က မြင်းကောင်ရေ ၁၁၁ ကောင်အား ထုတ်လုပ်ပေးနိုင်ပြီး ကီလိုတစ်ရာ အကွာအဝေးကို ဆီ ၅ ဒသမ ၄ လီတာပဲ ကုန်ကျ မှာ ဖြစ်တာကြောင့် အရင်မိုဒယ်တွေထက် ၈ ရာခိုင်နှုန်း ဆီစား သက်သာစေပါတယ်။Sail 3 ဟာ လုံခြုံစိတ်ချရမှုအပိုင်းမှာ ထိပ်တန်းအဆင့်ရှိပြီး ကားဘော်ဒီ တစ်ခုလုံးရဲ့ ၅ ဒသမ ၇ ရာခိုင်နှုန်းကို ခိုင်ခံ့မာကျောသလို 1300 Mpa အထိ ခံနိုင်ရည်ရှိတဲ့ PHS Hot-rolled steel နဲ့ ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ နောက်ပြီး အသက်ကယ် လေအိတ် နှစ်လုံး၊ ABS Brake System ၊ Electronic Brake-force Distribution ၊ Cornering Brake Control အစ ရှိတဲ့ လုံခြုံစိတ်ချရတဲ့ နည်းပညာတွေနဲ့ ဖွဲ့စည်း တည်ဆောက်ထားပါတယ်။

စျေးနှုန်း

ဒီလို လှပတဲ့ဒီဇိုင်း အသွင်အပြင်၊ သက်သာတဲ့ ဆီစားနှုန်း၊ ကောင်းမွန်တဲ့ လုံခြုံရေးစနစ်တွေနဲ့ ပြည့်စုံတဲ့ Chevrolet Sail3 LTZ ၂ဝ၁၆ မိုဒယ်၊ နံပါတ်ထွက်ပြီးသား၊ နယ်လိုင်စင်ကားကို ဝယ်ယူမယ်ဆိုရင် ကျပ်သိ်န်း ၂၈ဝ ဝန်းကျင်ရှိပြီး ရန်ကုန်လိုင်စင် နံပါတ်ထွက်ပြီးသား ကားကတော့ ကျပ်သိန်းသုံးရာအထက်မှာ ရှိပါတယ်။

KIA Rio

တောင်ကိုရီးယားမှာ Hyundai ပြီးရင် ဒုတိယအကြီးဆုံး ကားထုတ်ရေးကုမ္ပဏီဖြစ်တဲ့ KIA ဟာ ကမ္ဘာ့အကြီးဆုံး ကားကုမ္ပဏီတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ KIA Motors ဟာ နိုင်ငံပေါင်း ရှစ်နိုင်ငံမှာရှိတဲ့ ကား ထုတ်လုပ်တပ်ဆင်ရေး လုပ်ငန်း ၁၃ ခုကနေ တစ်နှစ်ကို ကားအစီးရေ ၁ ဒသမ ၅ သန်းကျော် ထုတ်လုပ်နေပြီး နိုင်ငံပေါင်း ၁၇၂ နိုင်ငံမှာ ဖြန့်ဖြူးရောင်းချလျက်ရှိပါတယ်။ Hyundai Motor ကနေ ရှယ်ယာ ၃၃ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ထားတဲ့ KIA ဟာ ၂ဝ၁၃ ခုနှစ်အရောက်မှာ ကားအစီးရေ ၂ ဒသမ ၇၅ မီလျံအထိ ရောင်းချနိုင်ခဲ့ပြီး ဒီကားတွေထဲက Rio ကလည်း လူကြိုက်များတဲ့ ကားတွေထဲမှာ ပါဝင်လာခဲ့ပါတယ်။ KIA Pride နေရာမှာ အစားထိုး ထုတ်လုပ်ခဲ့တဲ့ KIA Rio ကို ၂ဝဝဝ ပြည့်နှစ်ကနေ စတင်ထုတ်လုပ်ခဲ့ရာ အခုဆိုရင် တတိယမျိုးဆက်တိုင်ခဲ့ပါပြီ။ KIA Rio ကို တံခါး ငါးချပ် Hatchback အနေနဲ့ ထုတ်လုပ်ထားသလို တံခါးလေးချပ် Sedan အနေနဲ့လည်း ထုတ်လုပ်ထားပါတယ်။ KIA Rio Hatchback ရဲ့ အသွင်သဏဥာန်ဟာ Ford Festiva နဲ့လည်း ဆင်ပြီး Sedan Type ကတော့ Hyundai Accent နဲ့ ဆင်ပါတယ်။Rio Sedan Type ကိုတော့ နောက်ပိုင်းမှာ KIA K2 ဆိုပြီး တရုတ်နိုင်ငံမှာ ဆက်လက်ထုတ်လုပ်နေပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

ဘယ်မောင်းဖြစ်တဲ့အတွက် မြန်မာပြည်ရဲ့လမ်းစနစ်နဲ့ ကိုက်ညီမှုရှိသလို Push-start ဖြစ်တဲ့အတွက်လည်း လုံခြုံရေးအတွက် စိတ်ချရပါတယ်။ ဒီကားရဲ့ဒီဇိုင်းက Ford Fiesta ST ၊ Peugeot 208 GTi ၊ Renaultsport Clio တို့နဲ့ ဆင်တဲ့အတွက် ဥရောပအငွေ့အသက်တွေ ပါဝင်နေပါတယ်။ Hatchback အမျိုးအစားဖြစ်ပေမဲ့ လေခွင်းအားကောင်းအောင် ဒီဇိုင်းဆင်ထားပြီး Sunroof ပါတဲ့အတွက်လည်း လူငယ်ကြိုက် ကားအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Audio အပိုင်းမှာ MP3 ၊ USB တို့နဲ့ ချိတ်ဆက်နိုင်တဲ့စနစ်တွေ ပါဝင်ပြီး Steering Volume Control နဲ့ Bluetooth စနစ်တွေလည်း ပါရှိပါတယ်။

အင်ဂျင်အမျိုးအစား

မြန်မာနိုင်ငံကို တင်သွင်းနေတဲ့ KIA Rio Hatchback က အင်ဂျင်ပါဝါ ၁၄ဝဝ စီစီရှိပြီး ဓာတ်ဆီအင်ဂျင် အသုံးပြုထားပါတယ်။ Auto Gear လေးချက်ဖြစ်ပြီး အင်ဂျင်ကို High Pressure Diecast Aluminum နဲ့ အသုံးပြု တည်ဆောက်ထားတဲ့အတွက် ကားရဲ့ အလေးချိန်ကို လျှော့ချပြီး ဆီစားနှုန်းလည်း သက်သာပါတယ်။ Rio ရဲ့ အားသာချက်အနေနဲ့ ပါကင်ထိုးတဲ့အခါ ကားနောက်မှာရှိတဲ့အရာဝတ္ဃုရဲ့ အကွာအဝေးကို ဒီဂရီနဲ့အချက်ပြပေးတဲ့ Back Warning System ပါရှိပါတယ်။

စျေးနှုန်း

KIA Rio ၂ဝ၁၅ မိုဒယ် ရန်ကုန်လိုင်စင် နံပါတ်ထွက်ပြီးသား ကားကို ဝယ်ယူမယ် ဆိုရင် ကားအခြေအနေနဲ့ အသုံးပြုခဲ့တဲ့ ကီလိုအပေါ်မူတည်လို့ ကျပ်သိန်း ၂၂ဝ ကနေ ၂၅ဝ ကြား ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here