SUV ကားတွေထဲမှာ မိုဒယ်မြင့်ပြီး စျေးကွက်အကြိုက်ကားကို ဖော်ပြပါဆိုရင် Honda Vezel နဲ့ Toyota Vanguard တို့ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ညာမောင်းကားတင်သွင်းမှုတွေ ရပ်ဆိုင်းတော့မယ့်အချိန်မှာ ဂျပန်ကားကောင်းကောင်းကို ရန်ကုန်လိုင်စင် နဲ့ တင်သွင်းမယ်ဆိုရင် Vezel နဲ့ Vanguard က ရွေးချယ်သင့်တဲ့ ကားအမျိုးအစားထဲမှာ ပါဝင်ပါတယ်။
Honda Vezel
မိုဒယ်မြင့် SUV တစ်စီးကို စလစ်ကပ်တင်သွင်းမယ်ဆိုရင် Honda Vezel ကို ရွေးချယ်သင့်ပါတယ်။ Honda Vezel က အင်ဂျင်ပါဝါ ၁၅ဝဝ စီစီပဲ ရှိတဲ့အတွက် အထူးကုန်စည်ခွန် ကင်းလွတ်ခွင့်ရသလို Hybrid အင်ဂျင်နဲ့လည်း ဝယ်ယူလို့ရတဲ့အတွက် SUV အမျိုးအစားကို ဆီစားနှုန်းသက်သာစွာနဲ့ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။ Honda Vezel ကို Subcompact Crossover SUV တစ်စီးအဖြစ် ၂ဝ၁၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ Vezel ကို New York Auto Show မှာ မိတ်ဆက်ပြသခဲ့ပြီး ဥရောပနဲ့ အမေရိကန်မှာ Honda HR-V အနေနဲ့ ရောင်းချခဲ့ပါတယ်။ ဒီကားက HR-V ရဲ့ ဒုတိယမျိုးဆက်လို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။ Honda ကနေ Vezel ကို Urban SUV အဖြစ်ထုတ်လုပ်ခဲ့ပြီး Vezel ဆိုတဲ့စကားလုံးက ” Bezel ” သွေးထားတဲ့ကျောက်မျက်ရတနာ မျက်နှာပြင်ဆိုတဲ့ အဓိပ္ပာယ်ရပြီး ရှေ့စာလုံး B နေရာမှာ Vehicle နဲ့ အစားထိုးပြီး Vezel လို့ အမည် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
အင်ဂျင်အမျိုးအစား
Honda Vezel ကို ၁၅ဝဝ စီစီ အင်ဂျင်တစ်မျိုးတည်းနဲ့ ထုတ်လုပ်ထားပြီး 2WD ၊ 4WD အင်ဂျင်နဲ့တင်မက Hybrid အင်ဂျင်နဲ့လည်း ထုတ်လုပ်ထားပါတယ်။ ချက်စီအနေနဲ့ခွဲမယ် ဆိုရင် ရိုးရိုးအင်ဂျင် 2WD က RU1 ၊ 4WD က RU2 ဖြစ်ပါတယ်။ Hybrid အင်ဂျင်မှာ 2WD က RU3 ဖြစ်ပြီး 4WD က RU4 ဖြစ်ပါတယ်။ ရိုးရိုးအင်ဂျင်မှာ G ၊ X ၊ S ဂရိတ်တွေရှိပြီး G ဂရိတ်မှာ 2WD ၊ 4WD နှစ်မျိုးရှိပေမဲ့ X ၊ S ဂရိတ်တွေမှာတော့ 2WD တစ်မျိုးတည်းကို ထုတ်လုပ်ထားပါတယ်။
အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်
Honda Vezel က SUV အမျိုးအစားဖြစ်တဲ့အတွက် ငါးယောက်စီးတံခါးငါးချပ် ဖြစ်ပါတယ်။ ရှေ့တံခါးနှစ်ချပ်က ပုံမှန်အတိုင်းဖြစ်ပြီး နောက်တံခါးနှစ်ချပ်ကတော့ Nissan Juke လို အဖွင့်၊ အပိတ်လက်ကိုင်က တံခါးထောင့်မှာရှိတဲ့အတွက် ရုတ်တရက်ကြည့်မယ်ဆိုရင် တံခါးနှစ်ချပ်ကားလို့ ထင်ရပါတယ်။ G ဂရိတ်က Base Grade ဖြစ်တဲ့အတွက် Cruise Control မပါသလို Leather Seat နဲ့လည်း ရရှိမှာမဟုတ်ပါဘူး။ X ဆိုရင်တော့ Side Airbag ၊ Led Headlight နဲ့ Cruise Control ပါသွားပါတယ်။ G နဲ့ X ဂရိတ်တွေမှာ အလွိုင်းဆိုဒ် ၁၆ လက်မဖြစ်ပြီး S ဂရိတ်ဖြစ်သွားရင် အလွိုင်းဆိုဒ် ၁၇ လက်မ ဖြစ်သွားပါတယ်။ S ဂရိတ်မှာ Paddle Shift နဲ့ Roof Rail ပါသွားပါတယ်။ Hybrid ဖြစ်ရင် နောက်မီးက LED မီးခွက် ဖြစ်သွားပါတယ်။ ဂရိတ်အားလုံးမှာ Push-start ၊ Steering Volume Control ၊ Digital Aircon(Touch Button) ဖြစ်သွားပါတယ်။
စျေးနှုန်း
Honda Vezel ကို Hybrid အင်ဂျင်နဲ့ တင်သွင်းမှုများပြီး ၂ဝ၁၄ မိုဒယ်ကို စလစ်ကပ်ပြီး ရန်ကုန်လိုင်စင် အမည်ပေါက်နဲ့ တင်သွင်းမယ်ဆိုရင် ကျပ်သိန်း ၆၅ဝ နဲ့ ၆၈ဝ ကြားမှာ ရှိပါတယ်။ ရိုးရိုးအင်ဂျင်နဲ့ကားကို တင်သွင်းမယ်ဆိုရင်တော့ ကျပ်သိန်း ၆၂ဝ ဝန်းကျင်မှာ ရှိပါတယ်။
Toyota Vanguard
Toyota က ထုတ်လုပ်တဲ့ မိုဒယ်မြင့် SUV ကားတွေထဲမှာ Vanguard က လူကြိုက်အများဆုံး ကားအမျိုးအစား ထဲမှာ ပါဝင်ပါတယ်။ Vanguard ကို ၂ဝ၁၅ ခုနှစ်နောက်ပိုင်းမှာ တင်သွင်းမှုများခဲ့ပြီး အခုအချိန်မှာလည်း Toyota Kluger ၊ Toyota Harria တို့နဲ့အပြိုင် အရောင်းအဝယ်သွက်တဲ့ ကားအမျိုးအစားလည်း ဖြစ်ပါတယ်။ Toyota Vanguard ကို ၂ဝဝ၇ မိုဒယ်မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး Toyota RAV 4 ကို ဒီဇိုင်းပုံစံပြောင်းပြီး ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ဒီကားနှစ်စီးရဲ့အပြင်အပိုင်းက တော်တော်လေးဆင်ပေမဲ့ ရှဲလ်၊ ဘမ်ပါ၊ ဘောနတ်နဲ့ ရှေ့မီးတွေကတော့ ပြောင်းသွားပါတယ်။ အတွင်းခန်းဖွဲ့စည်းပုံအပိုင်းမှာတော့ Vanguard က Luxury ဆန်တာကို တွေ့ရပါတယ်။Vanguard က Middle SUV ဖြစ်ပြီး RAV4 ရဲ့တတိယမျိုးဆက်လို့လည်း ဆိုနိုင်ပါတယ်။
အင်ဂျင်အမျိုးအစား
Toyota Vanguard ကို အင်ဂျင်ပါဝါ ၂၄ဝဝ စီစီ၊ ၃၄ဝဝ စီစီ နှစ်မျိုး ထုတ်ထားပြီး ၂ဝဝ၇ မိုဒယ်မှာ 4WD တစ်မျိုးထဲကိုသာ ထုတ်လုပ်ခဲ့ပေမဲ့ ၂ဝဝ၈ မိုဒယ်မှာကစလို့ 2WD ၊ 4WD နှစ်မျိုးထုတ်လုပ်ထားပါတယ်။ Vanguard ကို တင်သွင်းမယ်ဆိုရင်လည်း ၂၄ဝဝ စီစီကိုပဲ ရွေးချယ်တင်သွင်းကြပြီး ချက်စီအနေနဲ့ ခွဲခြားရင် 2WD က ACA38W ၊ 4WD ACA33W ဖြစ်ပါတယ်။
အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်
Toyota Vanguard ကို ဂရိတ်အနေနဲ့ခွဲမယ်ဆိုရင် ၂ဝဝ၈ မိုဒယ်မှာ S နဲ့ G Package နှစ်မျိုးပဲ ရှိပါတယ်။ G ကတော့ ဂရိတ်ပိုမြင့်သွားတဲ့အတွက် ရှေ့ထိုင်ခုံမှာ မိုတာပါသွားပြီး ထိုင်ခုံသားကလည်း Leather အကွက်နဲ့ ဖြစ်သွားပါတယ်။ Original TV ဖြစ်ရင် Steering Volume တွေ ပါဝင်လာမှာဖြစ်ပြီး နောက်ကင်မရာအပြင် ဘေးကင်မရာလည်း ပါဝင်လာမှာဖြစ်ပါတယ်။ Vanguard အင်ဂျင်ပါဝါ နှစ်မျိုးရှိသလို ငါးယောက်စီးနဲ့ ခုနစ်ယောက်စီးဆိုပြီး ထိုင်ခုံ နှစ်တန်းနဲ့ သုံးတန်း ခွဲထားပါတယ်။ ဒီလို ခုံသုံးတန်းဖြစ်တာ မဖြစ်တာက အင်ဂျင်ပါဝါနဲ့ ဂရိတ်တွေအပေါ်မူမတည်ဘဲ တစ်စီးချင်းအပေါ်လိုက်ပြီး ကွဲပြားသွားတာ ဖြစ်ပါတယ်။ Vanguard က Luxury ကားဖြစ်တဲ့အတွက် ဘယ်ဂရိတ်ပဲ ဖြစ်ဖြစ် Push-start ၊ Digital Aircon ၊ Cruise Control ၊ Xenon Headlights နဲ့ Spoiler တွေ ပါသွားပါတယ်။
စျေးနှုန်း
Toyota Vanguard ၂ဝ၁၂ မိုဒယ် ၂၄ဝဝ စီစီကို စလစ်ကပ်ပြီး ရန်ကုန်လိုင်စင်နဲ့ တင်သွင်းမယ်ဆိုရင် 2WD ၊ 4WD နဲ့ ထိုင်ခုံ နှစ်တန်း၊ သုံးတန်းဖြစ်တဲ့အပေါ် မူတည်ပြီး ကျပ်သိန်း ၆၅ဝ နဲ့ ခုနစ်ရာကြားမှာ ရှိပါတယ်။