ကျပ်သိန်း ၃ဝဝ နှင့် ၄ဝဝ ကြား ရွေးချယ်သင့်သည့် ဥရောပထုတ်ကားများ

849

ဂျပန်ညာမောင်းကားတွေ တင်သွင်းလို့မရတော့တဲ့အချိန်မှာ အရင်က စျေးကွက်ရေပန်းစားခဲ့တဲ့ Honda Fit GE6 ၊ Honda Fit GK3 ၊ Honda Fit Shuttle ၊ Toyota Vitz ၊ Toyota Ractis တို့နေရာမှာ ဥရောပကားတွေ အစားထိုးဝင်ရောက်လာပါတယ်။ ဥရောပကားတွေထဲမှာ Volkswagen ၊ Audi ၊ Ford ၊ Mini ၊ Peugeot စတဲ့ကားတွေ ဝင်ရောက်လာပြီး ၁၃ဝဝ စီစီကားတွေထဲမှာ Volkswagen Golf နဲ့ Volkswagen Polo တို့ကို အများဆုံးတင်သွင်းလာကြပါတယ်။

Volkswagen Polo

ဂျပန်ကားစျေးတွေ မြင့်တက်နေတဲ့အချိန်မှာ ဂျပန်ကားထက်ပိုပြီးအကြမ်းခံတဲ့ ၁၃ဝဝ စီစီ ကားအမျိုးအစားထဲက တခြားအမျိုးအစားတစ်ခုကို ရွေးချယ်မယ်ဆိုရင် ဂျာမနီနိုင်ငံထုတ် Volkswagen Polo က အသင့်တော်ဆုံး ဖြစ်တယ်လို့ ထင်ပါတယ်။ Polo ကို နောက်ပိုင်းမှာ တင်သွင်းမှုများလာတဲ့အတွက် အပိုပစ္စည်းလည်း ရှာရလွယ်ကူပြီး စျေးတန်းဝင်တဲ့ကားဖြစ်လို့ ဂျပန်ကားစျေးတွေမြင့်တက်တဲ့အချိန်မှာ ဝယ်ယူသင့်တဲ့ ကားအမျိုးအစား ဖြစ်ပါတယ်။ Polo ကို Volkswagen ကုမ္ပဏီကနေ ၁၉၇၅ ခုနှစ်မှာ Supermini Car အဖြစ် စတင်ထုတ်လုပ်ခဲ့ပါတယ်။ ဒီကားကို ဥရောပတင်မက ကမ္ဘာအနှံ့အပြားမှာ Hatchback ၊ Sedan ၊ Station Wagon အဖြစ်နဲ့ ပုံစံအမျိုးမျိုး ထုတ်လုပ်ခဲ့ပါတယ်။ ၂ဝဝ၉ မိုဒယ်ကစပြီး ပဥ္စမမြောက်မျိုးဆက်အဖြစ် ထုတ်လုပ်ခဲ့ရာမှာ European Car of the Year ၊ Japan Import Car of the Year နဲ့ Five-Star Euro NCAP စတဲ့ ဆုတွေကို ရရှိခဲ့ပါတယ်။ ဂျာမနီနိုင်ငံထုတ်ကားဖြစ်တဲ့အတွက် ဂျပန်ကားတွေထက် ဘော်ဒီသံပြားပိုထူပြီး အင်ဂျင်စက်စွမ်းအားကလည်း ပိုကောင်းပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်
၂ဝ၁၃ မိုဒယ် Polo မှာ Active Bluemotion Technology ၊ Tsi Confortline Blue Motion Technology ၊Tsi Highline နဲ့ Cross Polo စတဲ့ ဂရိတ်ခွဲတွေ ရှိပါတယ်။ Cross Polo က Polo ရိုးရိုးထက် အရွယ်အစား မသိမသာကြီးသွားပြီး ရှေ့ရုပ်လည်း ကွဲထွက်သွားပါတယ်။ ဂရိတ်အမြင့်ဆုံးလို့ဆိုနိုင်တဲ့ Cross Polo မှာ Digital Aircon ဖြစ်သွားပြီး အလွိုင်းဆိုဒ်ကလည်း ၁၇ လက်မ ဖြစ်သွားပါတယ်။ Cross Polo ဖြစ်သွားမယ်ဆိုရင် ရှေ့နောက်နှင်းခွဲမီးတွေနဲ့ ရှေ့စပွိုင်လာလည်း ပါသွားပါတယ်။ ရိုးရိုး Polo မှာ TSI Highline က Digital Aircon ဖြစ် သွားပေမဲ့ အလွိုင်းဆိုဒ်က ၁၅ လက်မပဲ ရှိပါတယ်။ ဒီဂရိတ်မှာလည်း ရှေ့နောက် နှင်းခွဲမီးတွေ ပါရှိသွားပါတယ်။ ကျန်ဂရိတ်တွေမှာတော့ Manual Aircon ဖြစ်သွားပြီး အလွိုင်းအစား အော်ရီဂျင်နယ် ဘီးအဖုံးပဲ ပါရှိ ပါတယ်။

အင်ဂျင်အမျိုးအစား
Volkswagen Polo မှာ အင်ဂျင်ပါဝါ ၁၁၉၇ စီစီနဲ့ ၁၃၉၄ စီစီ နှစ်မျိုး ရှိပါတယ်။ ဒီကားဟာ အင်ဂျင်ပါဝါနည်းပေမဲ့ Turbo Engine ဖြစ်တဲ့အ တွက် စက်စွမ်းအား မြင့်မားပါတယ်။ အင်ဂျင်မိုဒယ်က CBZ ဖြစ်ပြီး Chassis အနေနဲ့ခွဲမယ်ဆိုရင် Polo က 6RCBZ ဖြစ်သလို Croos Polo က 6CRBZW ဖြစ်ပါတယ်။

စျေးနှုန်း
Volkswagen Polo ကို ရန်ကုန်လိုင်စင်နဲ့ စတိနံပါတ် ဝယ်ယူမယ်ဆိုရင် ကားအရောင်နဲ့ ဂရိတ်အပေါ်မူတည်ပြီး ကျပ်သိန်း သုံးရာကနေ သိန်း ၃၂ဝ ကြားမှာ ရှိပါတယ်။ နယ်လိုင်စင် နံပါတ်ထွက်ပြီးသားကားတွေကတော့ သိန်း ၂၃ဝ နဲ့ ၂၅ဝ ကြားမှာ ရှိပါတယ်။

Volkswagen Golf

ဂျပန်ညာမောင်းကားတွေ တင်သွင်းလို့မရတော့တဲ့အချိန်မှာ ဥရောပထုတ်ကားတွေ ဖြစ်တဲ့ Volkswagen Golf ၊ Audi A3 ၊ Ford Fiesta ၊ Mini One ၊ Peugeot 208 စတဲ့ကားလေးတွေ စျေးကွက်ထဲ ဝင်ရောက်လာပါတယ်။ ဒီကားတွေထဲမှာ Volkswagen Golf ကလည်း လူကြိုက်များတဲ့ ဥရောပကားတွေထဲမှာ ပါဝင်နေပါတယ်။ Small Family Car အမျိုးအစား Golf ကို ဂျာမနီကုမ္ပဏီတစ်ခုဖြစ်တဲ့ Volkswagen က ၁၉၇၄ ခုနှစ်မှာ စတင် ထုတ်လုပ်ခဲ့ပါတယ်။Golf ကို အမည်ပြောင်အနေနဲ့ Volkswagen Rabbit ဆိုပြီးတော့လည်း လူသိများပါတယ်။ စတင်ထုတ်လုပ်တဲ့ ၁၉၇၄ ခုနှစ်ကနေ လက်ရှိမိုဒယ်အထိ မျိုးဆက် ခုနစ်ဆက်ရှိခဲ့ပြီး Car and Drive 10 Best ရဲ့ အရောင်းရဆုံး ကားတွေထဲမှာလည်း Volkswagen Golf က နှစ်စဉ် ပါဝင်ခဲ့ပါတယ်။ သတ္တမမြောက်မျိုးဆက်ကိုတော့ ၂ဝ၁၄ မိုဒယ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ကားပုံစံက Audi A3 ၊ Seat Leon ၊ Skoda Octavic တို့နဲ့ ဒီဇိုင်းချင်း ဆင်ပါတယ်။ Volkswagen Golf ကို မျိုးဆက်အလိုက် MK1 ၊ MK2 ဆိုပြီး သတ်မှတ်ခဲ့တဲ့အတွက် သတ္တမမြောက်မျိုးဆက်ကိုလည်း Volkswagen MK7 လို့လည်း ခေါ်ြကပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်
Volkswagen Golf ၂ဝ၁၅ မိုဒယ်ကို ဘယ်မောင်းအနေနဲ့ တင်သွင်းနိုင်ပါတယ်။ ၂ဝ၁၅ မိုဒယ်မှာ TSI Trendline Bluemotion Technology ၊ TSI Comfortline Bluemotion Technology စတဲ့ ဂရိတ်ခွဲနှစ်ခုရှိပါတယ်။Comfortline က ဂရိတ်ပိုမြင့်ပြီး အဲကွန်းအော်တို ဖြစ်သွားသလို Leather Steering နဲ့ နှင်းခွဲမီး ပါသွားပါတယ်။ ဂျာမနီနိုင်ငံထုတ်ကားဖြစ်တဲ့အတွက် Safety ပိုင်းကို ဦးစားပေးထားပြီး Airbag ၁၁ လုံးအထိ ပါဝင်ပါတယ်။ အလွိုင်းဆိုက် ၁၅ လက်မဖြစ်သွားတဲ့အတွက် အောက်ပိုင်းလည်း မြင့်သွားပြီး အတွင်းဂရိတ်မြင့်တဲ့အတွက် Steering Volume Control ၊ Paddle Shift ၊ Cruise Contol ၊ Xenon Headlight ၊ TV ၊ Back Camera စတာတွေ ပါဝင်ပါတယ်။

အင်ဂျင်အမျိုးအစား
Volkswagen Golf ကို အင်ဂျင်ပါဝါ ၁၂ဝဝ စီစီ၊ ၁၄ဝဝ စီစီ နှစ်မျိုး ထုတ်လုပ်ထားပြီး ၁၂ဝဝ စီစီကိုပဲ တင်သွင်းကြပါတယ်။ Golf ဟာ အင်ဂျင်ပါဝါ ၁၂ဝဝ စီစီဆိုပေမဲ့လည်း မြင်းကောင်ရေအားမြင့်ပြီး Turbo ပါတဲ့အတွက် အဆွဲအရုန်း ကောင်းမွန်ပါတယ်။ နောက်ပြီး Auto ၊ Manual ဂီယာစနစ် နှစ်မျိုးစလုံး အသုံးပြုလို့ရတာကလည်း ဒီကားရဲ့ အားသာချက် ဖြစ်ပါတယ်။

စျေးနှုန်း
Volkswagen Golf ၂ဝ၁၅ မိုဒယ်ကို ရန်ကုန်လိုင်စင်နဲ့ ဝယ်ယူမယ်ဆိုရင် ကျပ်သိန်း လေးရာနဲ့ ၄၅ဝ ကြားမှာ ရှိပြီး နယ်လိုင်စင်နဲ့ ဝယ်မယ်ဆိုရင် တော့ သိန်း ၃၅ဝ နဲ့ လေးရာကြားမှာ ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here