ကျပ်သိန်း ၃ဝဝနှင့် ၅ဝဝ ကြားရွေးချယ်သင့်သည့် Sedan ကားများ

1107

Toyota Sedan ညာမောင်း ကားအမျိုးအစားတွေထဲမှာ Belta ၊ Axio ၊ Allion နဲ့ Premio တို့က လူကြိုက်များတဲ့ကားတွေ ဖြစ်ပါတယ်။ ဒီကားတွေထဲမှာမှ ၂ဝ၁၇ ပါမစ်နဲ့ Axio နဲ့ Allion တို့ကို တင်သွင်းမှုများပြီး အခုအချိန်မှာ အမည်ပေါက်ဝယ်ယူမယ်ဆိုရင် ကားအရောင်းစင်တာတွေမှာ လက်ကျန်ကားတွေ ရှိနေပါသေးတယ်။

Toyota Allion

 

 

 

 

Toyota Premio လိုပဲ Allion ကိုလည်း ၂ဝဝ၁ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Premio က Corona ရဲ့ မျိုးဆက်ဖြစ်တယ်ဆိုရင် Allion က Carina မျိုးဆက်လို့ ဆိုနိုင်ပါတယ်။ Toyota က ထုတ်လုပ်လိုက်တဲ့ Allion နဲ့ Premio ဟာ အင်ဂျင်ပါဝါချင်း၊ ဖွဲ့စည်းပုံချင်း မကွာခြားပေမဲ့ အပြင်ပိုင်းရုပ်ထွက်ကတော့ ကွာခြားပါတယ်။ Toyota Allion ကို ၂ဝဝ၁ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ၂ဝဝ၆ မိုဒယ်အထိကို ပထမမျိုးဆက်၊ ၂ဝဝ၇ မိုဒယ်ကနေ လက်ရှိမိုဒယ်အထိကို ဒုတိယမျိုးဆက်လို့ သတ်မှတ်ထားပေမဲ့ ၂ဝ၁ဝ မိုဒယ် နောက်ပိုင်းထုတ်လုပ်တဲ့ကားတွေမှာသာ ပုံစံဆန်းသစ်လှပတဲ့အတွက် ဒီကားအမျိုးအစား ဝယ်ယူမယ်ဆိုရင် ၂ဝ၁ဝ မိုဒယ်အထက် ကားတွေကိုပဲ ဦးစားပေးရွေးချယ်သင့်ပါတယ်။ ၂ဝ၁ဝ မိုဒယ်နောက်ပိုင်း ကားတွေက ရှေ့မီးခွက်နဲ့ ဘမ်ပါဖွဲ့စည်းပုံလှပပြီး ရုတ်တရက်ကြည့်မယ်ဆိုရင် ဘမ်ပါမှာ Skirt တပ်ထားတဲ့အတိုင်း ထင်ရတဲ့အတွက် Sport ဆန် လို့ လူငယ်ကြိုက် ကားအမျိုးအစားဖြစ်ပါတယ်။

အင်ဂျင်အမျိုးအစား

Toyota Allion ကို အင်ဂျင်ပါဝါ ၁၅ဝဝ စီစီ၊ ၁၈ဝဝ စီစီ၊ ၂ဝဝဝ စီစီ သုံးမျိုးထုတ်လုပ်ထားပြီး ၁၈ဝဝ စီစီ တစ်မျိုးတည်းမှာပဲ 4WD ရှိပါတယ်။ ၁၅ဝဝ စီစီ နဲ့ ၂ဝဝဝ စီစီ ကားတွေကိုတော့ 2WD တစ်မျိုးတည်း ထုတ်လုပ်ထားပါတယ်။ Premio လိုပဲ ၂ဝ၁ဝ မိုဒယ်အထိကို Dual VVT-I အင်ဂျင်နဲ့ထုတ်လုပ်ထားပြီး 2010 Lated ကျမှသာ Valvematic အင်ဂျင်နဲ့ ထုတ်လုပ်ထားပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်းအပြင်အဆင်

Allion 2011 မိုဒယ်မှာ A18 G Package Limited Edition က ဂရိတ်အမြင့်ဆုံးဖြစ်ပြီး Aircon Auto ၊ Push-Start ၊ Xenon Heatlights ၊ ရှေ့/နောက် စပွိုင်လာ၊ နှင်းခွဲမီးတွေအပြင် Seat Motor လည်း ပါသွားပါတယ်။ ၁၈ဝဝ စီစီမှာ A18 ဂရိတ်ကလွဲလို့ ကျန်ဂရိတ်တွေမှာ Seat Motor မပါတာကလွဲပြီး G Package Limited မှာပါတဲ့ဂရိတ်အတိုင်းပစ္စည်းစုံပါတယ်။ ၂ဝဝဝ စီစီမှာ A20 နဲ့ A20 S Package စတဲ့ဂရိတ်တွေမှာလည်း Seat Motor မပါတာကလွဲပြီး ပစ္စည်းအစုံ ပါဝင်ပါတယ်။ ၁၅ဝဝ စီစီမှာ A15 G Package ၊ A15 ၊ A15 G Package တို့ရှိပြီး A15 က ဂရိတ်အနိမ့်ဆုံးဖြစ်သလို Manual Aircon နဲ့ နှင်းခွဲမီးကလည်း ကားတချို့မှာပဲ ပါဝင်ပါတယ်။

စျေးနှုန်း

Toyota Allion ကို ၂ဝဝဝ စီစီတွေက တင်သွင်းမှုမရှိသလောက် နည်းပါတယ်။ ၂ဝ၁၁ မိုဒယ်မှာ ၁၈ဝဝ စီစီက ဂရိတ်အမြင့်ဆုံးဖြစ်တဲ့ G Package Limited Edition က ကျပ်သိန်း ၄၅ဝ နဲ့ ၄၈ဝ ကြားရှိပြီး ၁၅ဝဝ စီစီကတော့ ဂရိတ်အပေါ်မူတည်လို့ သိန်း ၃၈ဝ နဲ့ လေးရာကြားမှာ ရှိပါတယ်။

Toyota Axio

 

 

 

 

Toyota Corolla ရဲ့ ၁ဝ ခုမြောက်မျိုးဆက်ဖြစ်တဲ့ Axio ကို ၂ဝဝ၆ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ Axio ဆိုတဲ့ အဓိပ္ပာယ်က ဂရိဘာသာစကား ‘Axia’ ၊ အဂင်္လိပ်လို  ‘Things with Value’ (တန်ဖိုးရှိသောအရာ) လို့ အနက်ရပါတယ်။ Axio ကို Sedan Type အနေနဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပြီး သူနဲ့ အင်ဂျင်အမျိုးအစားချင်းတူတဲ့ Corolla Fielder ကိုတော့ Station Wagon အနေနဲ့ ထုတ်လုပ်ခဲ့ပါတယ်။ Toyota Corolla ကို ၂ဝဝ၆ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ၂ဝ၁၂ မိုဒယ်မှာ ပုံပြောင်းသွားသလို ၂ဝ၁၅ မိုဒယ်မှာလည်း ပုံစံအသစ်နဲ့ ထုတ်လုပ်ခဲ့ပါတယ်။ ၂ဝ၁၂ မိုဒယ်မတိုင်ခင်အထိ ၁၅ဝဝ စီစီနဲ့ ၁၈ဝဝ စီစီတိုကို ထုတ်လုပ်ခဲ့ပြီး ပုံပြောင်းသွားတဲ့ ၂ဝ၁၂ မိုဒယ်နောက်ပိုင်းမှာ ၁၈ဝဝ စီစီကို မထုတ်လုပ်တော့ဘဲ ၁၃ဝဝ စီစီကို အစားထိုးထုတ်လုပ်ခဲ့ပါတယ်။ မြန်မာပြည်ကားစျေးကွက်မှာလည်း ၁၃ဝဝ စီစီ ကားတွေက အခွန်သက်သာတဲ့အတွက် Axio ကို တင်သွင်းမယ်ဆိုရင်လည်း ၁၃ဝဝ စီစီကိုပဲ ရွေးချယ်တင်သွင်းကြပါတယ်။

 

အင်ဂျင်အမျိုးအစား

၂ဝ၁၂ မိုဒယ်နောက်ပိုင်းကစလို့ ၁၃ဝဝ စီစီ၊ ၁၅ဝဝ စီစီ အင်ဂျင် နှစ်မျိုးနဲ့ ထုတ်လုပ်ခဲ့ပြီး ၂ဝ၁၃ မိုဒယ်နောက်ပိုင်းမှာ ၁၅ဝဝ စီစီ အင်ဂျင်ကို Hybrid အနေနဲ့လည်း ထုတ်လုပ်ထားပါတယ်။ Axio ဟာ ၂ဝ၁၂ မိုဒယ်မှာ ပုံပြောင်းသွားသလို Chassis Code ကအစ ပြောင်းသွားပြီး ၁၅ဝဝ စီစီမှာ Auto ၊ Manual ဂီယာနှစ်မျိုးလာပေမဲ့ ၁၃ဝဝ စီစီမှာတော့ Auto ဂီယာ တစ်မျိုးတည်းနဲ့ပဲ ထုတ်လုပ်ထားပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Axio ၂ဝ၁၂ မိုဒယ်၊ ၁၃ဝဝ စီစီမှာ X ၊ XG Edition စတဲ့ ဂရိတ်နှစ်မျိုးရှိပြီး XG Edition က Digital Aircon ၊ Push-Start နဲ့ RPM ဒိုင်ခွက် ပါသွားပါတယ်။ ၁၅ဝဝ စီစီထဲမှာတော့ X ၊ G ၊ Luxel ဂရိတ်သုံးမျိုးရှိပြီး G နဲ့ Luxel က Digital Aircon ၊ Push-Start ဖြစ်သွားသလို Dashboard နဲ့ တံခါးပေါင်တွေကလည်း ကျွန်းကွက်ဖြစ်သွားပါတယ်။ နောက်ပြီး Luxel ဂရိတ်ဖြစ်ရင် Side Airbag တွေ၊ အနောက် Spoiler တွေ ပါဝင်လာပြီး ကျွန်းကွက် လက်ကိုင်လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။Luxel ဂရိတ်က တခြားဂရိတ်တွေထက် ရှေ့ရှဲလ်ပုံစံလည်း ပြောင်းသွားလေ့ရှိပါတယ်။

စျေးနှုန်း

Axio ကို ဝယ်ယူမယ်ဆိုရင် အရောင်နဲ့ ဂရိတ်အပေါ်မူတည်ပြီး စျေးကွာခြားချက် ရှိပါတယ်။ ဒီကားကို ရန်ကုန်လိုင်စင် အမည်ပေါက် ဝယ်ယူမယ်ဆိုရင် ၁၃ဝဝ စီစီက ကျပ်သိန်းသုံးရာနဲ့ ၃၃ဝ ကြားရှိပြီး ၁၅ဝဝ စီစီက ကျပ်သိန်း ၃၅ဝ နဲ့ ၃၈ဝ ကြားမှာ ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here