ကျပ်သိန်း ၂၅ဝ နှင့် ၃ဝဝ ကြား ရွေးချယ်သင့်သည့်ကားများ

1623

အခုအချိန်မှာ ၁၃ဝဝ စီစီကားတွေထဲက အရောင်းရဆုံးကားအမျိုးအစားကို ဖော်ပြပါဆိုရင် Toyota Axio နဲ့ Honda Fit GK3 တို့ကို ညွှန်းရမှာ ဖြစ်ပါတယ်။ ဒီကားအမျိုးအစားတွေက လူကြိုက်များပြီး အရောင်းအဝယ်ဖြစ်တဲ့အတွက် ကားအရောင်းစင်တာတွေက အဓိက ဦးစားပေးတင်သွင်းတဲ့ကားတွေလည်း ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ ညာမောင်းတင်သွင်းခွင့် မရှိတဲ့အတွက် နှစ်မကုန်ခင် ပါမစ်ကြိုလျှောက်တဲ့ကားတွေထဲမှာ Toyota Axio နဲ့ GK3 ကားတွေက ဦးစားပေးပြီးလျှောက်ကြတဲ့ ကားအမျိုးအစားထဲမှာ ပါဝင်ပါတယ်။

 

Toyota Axio

Toyota ရဲ့ မျိုးဆက်တွေထဲက တစ်ခုဖြစ်တဲ့ Axio ကို ၂ဝဝ၆ ခုနှစ်ကနေ စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ထုတ်လုပ်သက်တမ်း မကြာသေးပေမဲ့လည်း ဒီဇိုင်းဆန်းသစ်ပြီး ပေးလိုက်ရတဲ့ တန်ဖိုးနဲ့ညီမျှတဲ့ အရည်အသွေး တစ်ခုကိုရရှိတဲ့အတွက် နိုင်ငံတကာကားစျေးကွက်မှာတင်မက မြန်မာပြည်တွင်းစျေးကွက်မှာလည်း လူကြိုက်များတဲ့ Sedan ကားအမျိုးအစား ဖြစ်ပါတယ်။ Corolla ရဲ့ ၁ဝ ခုမြောက်မျိုးဆက်ဖြစ်တဲ့ Axio ကို Greek စကားလုံး ‘ Axia ‘(တန်ဖိုးရှိသောအရာ)ကနေ ဖန်တီးယူခဲ့တာဖြစ်ပါတယ်။ Toyota Corolla ကားတွေကို ဂျပန်အစိုးရရဲ့ စည်းမျဉ်း၊စည်းကမ်းနဲ့ ကိုက်ညီမှုရှိအောင် ထုတ်လုပ်ထားတဲ့အတွက် ပြည်တွင်းမှာရောင်းချတဲ့ကားတွေက အင်ဂျင်အရွယ်အစားသေးပြီး ပြည်ပကိုပို့တဲ့ကားတွေကတော့ အင်ဂျင်အရွယ်အစား ပိုကြီးပါတယ်။ ဒါကြောင့် ဂျပန်မှာဆိုရင် Axio ကို ၁၅ဝဝ စီစီထက် ၁၃ဝဝ စီစီကို ပိုပြီးအသုံးများကြပါတယ်။ မြန်မာပြည်တွင်းစျေးကွက်မှာလည်း အခွန်ကွာဟတဲ့အတွက် ၁၃ဝဝ စီစီကိုပဲ တင်သွင်းမှုများပါတယ်။

 

အင်ဂျင်အမျိုးအစား

ပုံပြောင်း ၂ဝ၁၂ မိုဒယ်မှာ အင်ဂျင်ပါဝါ ၁၅ဝဝ စီစီနဲ့ ၁၃ဝဝ စီစီ နှစ်မျိုးရှိပါတယ်။ Axio (၁၅ဝဝ စီစီ)အင်ဂျင်က Corolla ရဲ့နောက်မျိုးဆက်တစ်ခုဖြစ်တဲ့ Fielder (၁၅ဝဝ စီီစီ)အင်ဂျင်နဲ့ တူပါတယ်။  Axio ကို Toyota ရဲ့ နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်တဲ့ ယာဉ်ရပ်နားဖို့ကူညီပေးတဲ့ Intelligent Parking-Assist System ကို ထည့်သွင်းထားပြီး ဒီစနစ်ကိုတပ်ဆင်တဲ့အတွက် အမေရိကန်ဒေါ်လာ ၈၇၉ လောက် ကုန်ကျပါတယ်။ ၁၃ဝဝ စီစီရဲ့ အင်ဂျင်မိုဒယ်က 1NR-FE  ဖြစ်ပြီး ၁၅ဝဝ စီစီက 1NZ-FE ဖြစ်ပါတယ်။ ၁၃ဝဝ စီစီမှာ Auto ဂီယာတစ်မျိုးတည်းလာပေမဲ့ ၁၅ဝဝ စီစီမှာတော့ Auto နဲ့ Manual နှစ်မျိုးစလုံး ရှိပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

၁၃ဝဝ စီစီမှာ X ၊ G Edition စတဲ့ဂရိတ်တွေရှိပြီး X က ရိုးရိုးဂရိတ်ဖြစ်ပါတယ်။ G ဂရိတ်မှာတော့ X ဂရိတ်မှာမပါတဲ့ Digital Aircon ၊ Steering Volume Control ၊ RPM  ဒိုင်ခွက်၊ အလယ်လက်တင်တို့အပြင် Push-start လည်း ဖြစ်သွားပါတယ်။ ၁၅ဝဝ စီစီထဲမှာ X ၊ G ၊ Luxel သုံးမျိုးရှိပြီး G နဲ့ Luxel က အဲကွန်းအော်တိုနဲ့ Push-start ဖြစ်သွားပါတယ်။ နောက်ပြီး G နဲ့ Luxel Grade တွေမှာဆိုရင် Dashboard  တင်မက တံခါးပေါင်တွေပါ ကျွန်းကွက်ဖြစ်သွားပါတယ်။

 

စျေးနှုန်း

Toyota Axio ရဲ့စျေးက ဂရိတ်၊ အရောင်နဲ့ လိုင်စင်အပေါ်မူတည်ပြီး ကျပ်သိန်းငါးဆယ် လောက် စျေးကွာဟပါတယ်။ အဖြူရောင်ဖြစ်ပြီး G ဂရိတ် ရန်ကုန်လိုင်စင်ဖြစ်မယ်ဆိုရင် ၂ဝ၁၂ မိုဒယ် နံပါတ်သစ်ကားက ကျပ်သိန်း သုံးရာအပေါ်မှာရှိပါတယ်။ ရိုးရိုး X ဂရိတ် နယ်လိုင်စင် ခဲရောင်ဖြစ်မယ်ဆိုရင် ကျပ်သိန်း ၂၅ဝ ဝန်းကျင်မှာရှိပါတယ်။

 

Honda Fit GK3

၁၃ဝဝ စီစီကားစျေးကွက်မှာ စျေးကွက်နေရာရပြီး နံပါတ်တစ်အရောင်းရဆုံးကားဖြစ်တဲ့ Honda Fit GE6 ရဲ့ နောက်မျိုးဆက်တစ်ခုဖြစ်တဲ့ Fit GK3 ကလည်း မိုဒယ်မြင့်ပြီး ဒီဇိုင်းခေတ်ရှေ့ပြေးတဲ့အတွက် စျေးကွက် လူကြိုက်များတဲ့ကား ဖြစ်ပါတယ်။ Honda Fit Series ထဲမှာ GD1 ကစပြီးလူကြိုက်များခဲ့သလို GK3 ကလည်း ဒီနှစ်ကားစျေးကွက်မှာ အရောင်းအဝယ်သွက်နေတဲ့ ကားအမျိုးအစားတစ်ခုဖြစ်ပါတယ်။ Honda Fit GK Series မှာ 4WD အဖြစ် ထုတ်လုပ်ထားတဲ့ GK4 လည်း ရှိပါတယ်။ ဥရောပနဲ့ အနောက်နိုင်ငံတွေမှာ Honda Jazz လို့လူသိများတဲ့ Honda Fit ကို ၂ဝဝ၁ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ပထမမျိုးဆက်ဖြစ်တဲ့ ၂ဝဝ၁ မိုဒယ်ကနေ ၂ဝဝ၇ မိုဒယ်အထိကို GD Series လို့ သတ်မှတ်ခဲ့ပြီး ဒုတိယမျိုးဆက် ၂ဝဝ၇ မိုဒယ်ကနေ ၂ဝ၁၂ ကို GE Series ဆိုပြီး သတ်မှတ်ခဲ့ပါတယ်။ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ GK Series  ကိုတော့ ၂ဝ၁၃ မိုဒယ်ကနေ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Honda Fit ကို နိုင်ငံ ရှစ်နိုင်ငံမှာရှိတဲ့ ကားစက်ရုံ ၁ဝ ခုမှာ တပ်ဆင်ထုတ်လုပ်ထားပြီး ၂ဝဝ၁ ခုနှစ်ကနေ ၂ဝ၁၃ နှစ်လယ်ပိုင်းအထိ ကားအစီးရေ ငါးသန်းရောင်းချနိုင်ခဲ့ပါတယ်။

 

အင်ဂျင်အမျိုးအစား

၂ဝ၁၃ မိုဒယ်ကနေ စတင်ထုတ်လုပ်ခဲ့တဲ့ GK Series မှာ GK3 နဲ့ GK4 ကို ၁၃ဝဝ စီစီ L13B အင်ဂျင်၊ GK5 နဲ့ GK6 ကို ၁၅ဝဝ စီစီ L15B အင်ဂျင်နဲ့ ထုတ်လုပ်ထားပါတယ်။ Honda Fit GK Series မှာ Manual ဂီယာ ငါးချက်၊ ခြောက်ချက်နဲ့ ထုတ်လုပ်ထားသလို CVT  ဂီယာ ခုနစ်ချက်နဲ့လည်း ထုတ်လုပ်ထားပါတယ်။ GK3 နဲ့ GK5  ကို 2WD ၊ GK4 နဲ့ GK6 ကို 4WD နဲ့ ထုတ်လုပ်ထားပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

GK Series နဲ့ GE Series ဟာ ရုပ်ထွက်ကွဲပြားသွားပြီး ရှဲလ်၊ မီးခွက်၊ မီးသီးနဲ့ ဘေးဖောင်းလိုင်းကအစ ကွဲပြားသွားပါတယ်။ မိုဒယ်မြင့်သွားတဲ့အတွက် LED မီးခွက် ဖြစ်သွားပြီး အလင်းအား ပိုကောင်းသွားပါတယ်။ GK Series မှာ G ၊ GF Package ၊ GL Package ၊ GS Package ၊ X ၊ RS နဲ့ XL Package စတဲ့ ဂရိတ်တွေရှိပြီး GL Package ၊  GS Package ၊ X ၊ RS နဲ့ XL Package တွေမှာ Aircon အော်တို ဖြစ်သွားပြီး Steering Volume လည်း ပါရှိပါတယ်။ ၁၅ဝဝ စီစီ RS Grade မှာ ရှေ့နောက် Spoiler ပါရှိပြီး အလွိုင်းဆိုက်က ၁၆ လက်မ ဖြစ်သွားပါတယ်။

 

စျေးနှုန်း

ပြည်တွင်းကားစျေးကွက်မှာ Honda Fit GK3 ကိုပဲ တင်သွင်းမှုများပြီး ရန်ကုန်လိုင်စင်ကား အဖြူရောင်နဲ့ ဂရိတ်ပြည့်မယ်ဆိုရင် ကျပ်သိန်း သုံးရာဝန်းကျင်မှာ ရှိပါတယ်။ နံပါတ်ထွက်ပြီးသား ကားတွေကတော့ လိုင်စင်နဲ့ ဂရိတ်အပေါ်မူတည်ပြီး ကျပ်သိန်း ၂၅ဝ ကနေ ၂၈ဝ ကြား အရောင်းအဝယ်ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here