ကျပ်သိန်း ၂ဝဝ ဝန်းကျင်ဖြင့် ရွေးချယ်သင့်သည့်ကားများ

743

၁၃ဝဝ စီစီဂျပန်ညာမောင်းကားတွေထဲမှာ နံပါတ်တစ် အရောင်းအဝယ်အဖြစ်ဆုံးက Toyota Belta ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ Toyota Axio ပါ၊ ဒီကားတွေရဲ့ အားသာချက်က မြို့တွင်း၊မြို့ပြင် အဆင် ပြေတယ်။ ကျပ်သိန်း နှစ်ရာဝန်းကျင်နဲ့ Sedan ကားကို စီးနိုင်တယ်။ ပျက်ရင်ပြင်လို့လွယ်ပြီး Spare Part လည်းပေါလို့ စျေးကွက်ထဲမှာ အရောင်းအဝယ်အဖြစ်ဆုံး ကားအဖြစ်နဲ့ ရှိနေပါတယ်။

Toyota Belta
မြောက်အမေရိကနဲ့ သြစတြေးလျစျေးကွက်ကို တင်ပို့တဲ့ Toyota Yaris နဲ့ တောင်အာရှကို တင်ပို့တဲ့ Toyota Vios ကို အခြေခံပြီး Belta ကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Belta က သိပ်သည်းကျစ်လျစ်တဲ့ Sedan ကားအမျိုးအစားဖြစ်သလို အင်ဂျင်စွမ်းအားကောင်းမွန်ပြီး Spare Part လည်း စျေးသက်သာတဲ့အတွက် မြန်မာနိုင်ငံရဲ့ အရောင်းအဝယ်အဖြစ်ဆုံး ၁၃ဝဝ စီစီကားတွေထဲမှာ နံပါတ်တစ်နေရာက ရှိနေပါတယ်။ ဒီကားကို ဂျပန်နိုင်ငံ Toyota Motor Corporation က ၂ဝဝ၅ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ၂ဝ၁၂ ခုနှစ်၊ ဇွန်လအရောက်မှာတော့ ထုတ်လုပ်မှုကို အဆုံးသတ်ခဲ့ပါတယ်။ Belta ရဲ့နေရာမှာ Yaris ကိုတော့ သြစတေးလျမှာ ဆက်လက်ထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။ Belta ရဲ့ နောက်မျိုးဆက်အဖြစ် Vios ကို ဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်
Belta ကို ၂ဝဝ၅ မိုဒယ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ၂ဝဝ၈ မိုဒယ် Late မှာ ရုပ်အနည်းငယ်ပြောင်းသွားပါတယ်။ ၂ဝဝ၈ မိုဒယ်ပုံပြောင်းမှာ ၂ဝဝ၅၊ ၂ဝဝ၆ မိုဒယ်တွေလို ဘော်ဒီအချိုးမပြောင်းဘဲ ဆန်ခါကွက်ပုံစံ ရှဲလ် ပြောင်းသွားပြီး ဘက်မှန်ပေါ်မှာ Signal မီး ပါလာပါတယ်။ အတွင်း ခန်းမှာ ဒိုင်ခွက်နဲ့ထိုင်ခုံတွေ ပြောင်းသွားပြီး ပါဝါတံခါးလေးချပ်နဲ့ Central Switch စတာတွေ ပါရှိသွားပါတယ်။ X ၊ X L Package ၊ G စတဲ့ Grade တွေရှိပြီး X L Package မှာဆိုရင် အဲကွန်းဒစ်ဂျစ်တယ် ဖြစ်သွား သလို Grade အမြင့်ဆုံးဖြစ်တဲ့ G Grade မှာဆိုရင်လည်း အဲကွန်းဒစ်ဂျစ် တယ်ဖြစ်ရုံတင်မက Push-start လည်း ဖြစ်သွားကာ Fog Lamp မီး ပါသွားပါတယ်။

အင်ဂျင်အမျိုးအစား
Beltaမှာ အင်ဂျင်ပါဝါ ၁ဝဝဝ စီစီနဲ့ ၁၃ဝဝ စီစီ နှစ်မျိုးရှိပါတယ်။ အင်ဂျင်ပါဝါ ၁ဝဝဝ စီစီက Inline 3 Cylinder DOHC အမျိုးအစားဖြစ်ပြီး Highway မှာ သိပ်အလုပ်မဖြစ်လို့ လူကြိုက်နည်းပါတယ်။ ၁၃ဝဝ စီစီကတော့ Inline 4 Cylinder DOHC အမျိုးအစားဖြစ်ပြီး Toyota ရဲ့ Sedan ကားတွေထဲမှာ လူကြိုက်များသလို မြန်မာပြည်စျေးကွက်မှာလည်း အရောင်းအဝယ်အဖြစ်ဆုံး ကားစာရင်းမှာ ပါဝင်ပါတယ်။ အင်ဂျင်ပါဝါ ၁ဝဝဝ စီစီမှာ 2WD တစ်မျိုးတည်းသာရှိပြီး ၁၃ဝဝ စီစီမှာတော့ 2WD ၊ 4WD ရှိပါတယ်။ 4WD ကတော့ စျေးကွက်ထဲမှာ အရောင်းအဝယ်အဖြစ် နည်းပါတယ်။

စျေးနှုန်း
Toyota Belta ၁၃ဝဝ စီစီ ပုံဟောင်းထဲမှာ နံပါတ်နိမ့်ကားတွေက ကျပ်သိန်း ၁၇ဝ ဝန်းကျင် ရှိပါတယ်။ ၂ဝဝ၈ မိုဒယ်နောက်ပိုင်း ပုံပြောင်းကတော့ အက္ခရာနဲ့ ဂရိတ်အပေါ်မူတည်ပြီး ကျပ်သိန်း ၁၈ဝ ကနေ ၂၂ဝ ဝန်းကျင် ရှိပါတယ်။ ၂ဝ၁ဝ၊ ၂ဝ၁၁ မိုဒယ် နံပါတ်အမြင့်ကားတွေကတော့ ကျပ်သိန်း ၂၃ဝ အထက်မှာ ရှိပါတယ်။ ၁ဝဝဝ စီစီနဲ့ ၁၃ဝဝ စီစီ 4WD နံပါတ်အနိမ့်ကားတွေကတော့ ကျပ်သိန်း ၁၆ဝ ဝန်းကျင်မှာ ဝယ်လို့ရပါတယ်။

Toyota Axio
Corolla ရဲ့ မျိုးဆက်တွေထဲက တစ်ခုဖြစ်တဲ့ ဗထငသ ကို ၂ဝဝ၆ မိုဒယ်ကနေ စတင်ထုတ်လုပ်ခဲ့ပြီး အင်ဂျင်ပါဝါ ၁၅ဝဝ စီစီ ၊ ၁၈ဝဝ စီစီ နှစ်မျိုး ရှိပါတယ်။ ၂ဝ၁၂ မိုဒယ်မှာ ပုံပြောင်းသွားပြီး ၁၈ဝဝ စီစီကို မထုတ်တော့ဘဲ ၁၅ဝဝ စီစီနဲ့ ၁၃ဝဝ စီစီ ပြောင်းထုတ်ခဲ့ပါတယ်။ မြန်မာပြည်ကားစျေးကွက်မှာ Axio ကို အင်ဂျင်ပါဝါ အသေးကြိုက်သူတွေက ၂ဝ၁၂ မိုဒယ်ပုံပြောင်းမှာ ၁၃ဝဝ စီစီကို ရွေးချယ်ကြပြီး ပုံဟောင်းမှာတော့ ၁၈ဝဝ စီစီကို ပိုကြိုက်ကြပါတယ်။ Corolla ရဲ့ ၁ဝ ခု မြောက်မျိုးဆက်ဖြစ်တဲ့ Axio ကို Greek စကားလုံး ‘Axia’ (တန်ဖိုးရှိသောအရာ) ကနေ ဖန်တီးယူခဲ့တာ ဖြစ်ပါတယ်။ Toyota Corolla ကို ဂျပန်အစိုးရရဲ့ စည်းမျဉ်း၊ စည်းကမ်းနဲ့ကိုက်ညီမှုရှိအောင် ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ပြည်တွင်းမှာ ရောင်းချတဲ့ကားတွေက အင်ဂျင်အရွယ်အစားသေးပြီး ပြည်ပကို တင်ပို့တဲ့ကားတွေကတော့ အင်ဂျင်အရွယ်အစားပိုကြီးပါတယ်။ ဒါကြောင့် ဂျပန်မှာဆိုရင် Axio ကို ၁၅ဝဝ စီစီထက် ၁၃ဝဝ စီစီကို ပိုပြီး အသုံးများကြပါတယ်။

အင်ဂျင်အမျိုးအစား
ပုံပြောင်း ၂ဝ၁၂ မိုဒယ်မှာ အင်ဂျင်ပါဝါ ၁၅ဝဝ စီစီနဲ့ ၁၃ဝဝ စီစီ နှစ်မျိုး ရှိပါတယ်။ Axio (၁၅ဝဝ စီစီ) အင်ဂျင်က Corolla ရဲ့ နောက်မျိုးဆက်တစ်ခု ဖြစ်တဲ့ Fielder (၁၅ဝဝ စီစီ) အင်ဂျင်နဲ့တူပါတယ်။ Axioကို Toyota ရဲ့ နောက်ဆုံးပေါ်နည်းပညာတစ်ခုဖြစ်တဲ့ ယာဉ်ရပ်နားရန်ကူညီပေးတဲ့ Intelligent Parking-Assist System ကို ထည့်သွင်းထားပြီး ဒီစနစ်ကို တပ်ဆင်တဲ့အတွက် အမေရိကန်ဒေါ်လာ ၈၇၉ ဒေါ်လာလောက် ကုန် ကျပါတယ်။ ၁၃ဝဝ စီစီရဲ့ အင်ဂျင်မိုဒယ်က 1NR-FE ဖြစ်ပြီး မြင်းကောင်ရေ ၉၅ ကောင်အားရှိပါတယ်။ ၁၅ဝဝ စီစီရဲ့ အင်ဂျင်မိုဒယ်က 1NZ-FE ဖြစ်ပြီး မြင်းကောင်ရေ ၁ဝ၉ ကောင်အားရှိပါတယ်။ ၁၃ဝဝ စီစီမှာ အော်တိုဂီယာ တစ်မျိုးတည်းလာပေမဲ့ ၁၅ဝဝ စီစီမှာတော့ Auto ၊ Manual နှစ်မျိုး စလုံးရှိပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်
၁၃ဝဝ စီစီမှာ X ၊ G Edition တို့ရှိပြီး G Edition က အဲကွန်းအော်တိုနဲ့ Push-start ဖြစ်သွားပါတယ်။ ၁၅ဝဝ စီစီထဲမှာ X ၊ G ၊ Luxel သုံးမျိုး ရှိပြီးG နဲ့ Luxel က အဲကွန်းအော်တိုနဲ့ Push -start ဖြစ်သွားပါတယ်။ မိုဒယ်မြင့်တဲ့အတွက် ဂရိတ်အားလုံးမှာ ဂီယာ Zigzag ဖြစ်သွားပြီး G နဲ့ Luxel Grade တွေမှာဆိုရင် Dashboard တင်မက တံခါးပေါင်တွေ မှာလည်း ကျွန်းကွက်ဖြစ်သွားပါတယ်။

စျေးနှုန်း
Corolla Axio ၂ဝ၁၂ မိုဒယ်ရုပ်ပြောင်း ၁၃ဝဝ စီစီကားတွေထဲမှာ အက္ခရာနဲ့ ဂရိတ်အပေါ်မူတည်ပြီး ကျပ်သိန်း ၂၃ဝ ကနေ ၂၇ဝ ဝန်းကျင် ရှိပါတယ်။ ပုံဟောင်းထဲက ၁၅ဝဝ စီစီကားတွေက အက္ခရာမြင့်ပြီး ကား သန့်မယ်ဆိုရင် ကျပ်သိန်း ၂၅ဝ ဝန်းကျင် ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here