ကျပ်သိန်း ၂ဝဝ နှင့် ၃ဝဝ ကြား ရွေးချယ်သင့်သည့်ကားများ

1470

၁၃ဝဝ စီစီကားတွေထဲက မိုဒယ်မြင့်ပြီး ဒီဇိုင်းလန်းတဲ့ Mazda Demio ပုံပြောင်းနဲ့ Rabbit လို့ နာမည်ပြောင်ခေါ်ကြတဲ့ Volkswagen Golf  တို့အကြောင်းကို ဖော်ပြလိုက်ပါတယ်။ Mazda Demio ၂ဝ၁၄ မိုဒယ်ဆိုရင် တခြား ၁၃ဝဝ စီစီကားတွေမှာ ပါဝင်တဲ့ နည်းပညာအသစ်အဆန်းတွေ ထည့်သွင်းထားပြီး ရန်ကုန်အမည်ပေါက်ကိုမှ ကျပ်သိန်း ၂၁ဝ ဝန်းကျင်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Volkswagen Golf  ကလည်း ဥရောပထုတ်ကားဖြစ်တဲ့အတွက် Safety ပိုင်းမှာ အားသာချက်ရှိပြီး နည်းပညာတွေ မြင့်မားတဲ့အတွက် ရွေးချယ်ဝယ်ယူသင့်တဲ့ ကားအမျိုးအစား ဖြစ်ပါတယ်။

 

Mazda Demio

==========

ခေတ်မီတဲ့ကားဒီဇိုင်း၊ ဆန်းသစ်တဲ့နည်းပညာတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ Mazda Demio (2014 Model) မှာ တခြား ၁၃ဝဝ စီစီ ကားတွေမှာမပါဝင်တဲ့ ထူးခြားချက်တွေ အများကြီးပါဝင်ပါတယ်။ World Car of the Year ၊ Japanese  ဆုတွေကို ဆွတ်ခူးထားတဲ့ Demio ကို ဒီအချိန်မှာဝယ်ယူမယ်ဆိုရင် တခြား ၁၃ဝဝ စီစီ ကားတွေထက် စျေးသက်သာပြီး စီးနင်းသူတွေအတွက် ခေတ်မီဆန်းသစ်တဲ့ နည်းပညာအငွေ့ အသက်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ Super Mini Car ဖြစ်တဲ့ Mazda Demio ကို ၁၉၉၆ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်လို့ စတုတ္ထမျိုးဆက်အထိ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ နောက်ဆုံးမျိုးဆက်ကို ၂ဝ၁၄ မိုဒယ်မှာစတင်ခဲ့ပြီး Geneva Motor Show မှာ Concept Car အဖြစ် ပြသခဲ့ပါတယ်။ Mazda Demio စတုတ္ထမျိုးဆက်ဟာ Mazda CX-5 ကို အခြေခံထုတ်လုပ်ထားပြီး Ford Fiesta နဲ့လည်း ဒီဇိုင်းချင်း ဆင်ပါတယ်။ ဒီမျိုးဆက်ကို ထုတ်လုပ်ပြီးမကြာခင်မှာပဲ Japanese Car of the Year  ဆုကို ရရှိခဲ့ပါတယ်။ Mazda Demio ၂ဝ၁၄ မိုဒယ်နဲ့အထက်ကို DJ Series လို့ သတ်မှတ်ထားပြီး Mazda2 လို့လည်း ခေါ်ကြပါတယ်။

 

အင်ဂျင်အမျိုးအစား

Mazda Demio ၂ဝ၁၄ မိုဒယ်မှာ SkyActiv  နည်းပညာတွေ ပါဝင်လာပြီး ၁၃ဝဝ စီစီ၊ ၁၅ဝဝ စီစီ အင်ဂျင်နှစ်မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ ၂ဝ၁၄ မိုဒယ်ကစလို့ Chassis က DJ နဲ့စတဲ့အတွက် DJ Series လို့ သတ်မှတ်ထားပါတယ်။အင်ဂျင်နှစ်မျိုးစလုံးကို Auto Gear  ၊ Manual Gear နှစ်မျိုးစလုံးနဲ့ ထုတ်လုပ်ထားပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

၁၃ဝဝ စီစီ မှာ  13C ၊ 13S ၊ 13 SL Package စတဲ့ ဂရိတ်တွေရှိပြီး 13S နဲ့ 13 SL Package တွေမှာ ခုနစ်လက်မရှိတဲ့ Touch Screen Display ၊ Multimedia Commander စတာတွေ ပါသွားပါတယ်။ အမြင့်ဆုံးဂရိတ်ဖြစ်တဲ့ 13 SL Package  မှာဆိုရင် ဒိုင်ခွက်အပေါ်မှာ Active Driving Display  လို့ခေါ်တဲ့ ကားရဲ့ဦးတည်ရာကို ဖော်ပြပေးတဲ့ အချက်ပြစနစ်နဲ့ ကီလိုဖော်ပြပေးတဲ့ 3D Display ပါရှိသွားပါတယ်။ နောက် ပြီး ဒီဂရိတ်မှာ Aircon Auto  ၊ Push-start ၊ HID  မီးဖြစ်သွားသလို Original Alloy ဆိုက်ကလည်း ၁၅ လက်မ ဖြစ်သွားပါတယ်။ ဆန်းသစ်တဲ့နည်းပညာတွေကို ခံစားချင်တယ်ဆိုရင် ဂရိတ်မြင့်တဲ့ 13 SL Package ကို ဝယ်ယူသင့်ပါတယ်။

 

စျေးနှုန်း

Mazda Demio ၂ဝ၁၄ မိုဒယ် ၁၃ဝဝ စီစီကို နယ်လိုင်စင်နဲ့ ဝယ်ယူမယ်ဆိုရင် 13 SL Package က ကျပ် ၁၈၅ သိန်း ဝန်းကျင်မှာရှိပြီး ရန်ကုန်လိုင်စင်ကို စလစ်ကပ်ဝယ်ယူမယ်ဆိုရင်တော့ ကျပ်သိန်း ၂၁ဝ ဝန်းကျင် ကျသင့်မှာဖြစ်ပါတယ်။

 

Volkswagen Golf

ကားတစ်စီးတင်သွင်းဖို့ ရွေးချယ်ရခက်ခဲနေတဲ့အချိန်မှာ တချို့က Honda Fit GK3 ၊ Honda Fit Shuttle တို့ကို စလစ်ကပ်ပြီး တင်သွင်းလာသလို တချို့ကလည်း ၂ဝ၁၅ မိုဒယ်(ဘယ်မောင်း)ကားတွေကို ဖရီးပါမစ်နဲ့ တင်သွင်းဖို့အတွက် ဥရောပကကားတွေ ရှာဖွေလာကြပါတယ်။ ဒါကြောင့်လည်း ၁၃ဝဝ စီစီနဲ့အောက် ကားတွေထဲမှာ ဥရောပထုတ်ကားတွေဖြစ်တဲ့ Volkswagen Golf  ၊ Audi A3 ၊ Ford Fiesta ၊ Mini One ၊ Peugeot 208 စတဲ့ ကားလေးတွေ စျေးကွက်ထဲ ဝင်ရောက်လာပါတယ်။ ဒီကားတွေထဲက Volkswagen Golf  ကလည်း လူကြိုက်များတဲ့ ဥရောပကားတွေထဲမှာ ပါဝင်နေပါတယ်။ Small Family Car  အမျိုးအစားဖြစ်တဲ့ Golf  ကို ဂျာမနီကုမ္ပဏီတစ်ခုဖြစ်တဲ့ Volkswagen က ၁၉၇၄ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ Golf  ကို နာမည်ပြောင်ဖြစ်တဲ့ Volkswagen Rabbit  လို့လည်း လူသိများပါတယ်။ စတင်ထုတ်လုပ်တဲ့ ၁၉၇၄ ခုနှစ်ကနေ လက်ရှိမိုဒယ်အထိ မျိုးဆက်ခုနစ်ဆက်ရှိခဲ့ပြီး Car and Drive 10 Best ရဲ့ အရောင်းရဆုံး ကားတွေထဲမှာ Volkswagen Golf  က နှစ်စဉ် ပါဝင်ခဲ့ပါတယ်။ သတ္တမမြောက်မျိုးဆက်ကိုတော့ ၂ဝ၁၄ မိုဒယ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ကားပုံစံက Audi A3 ၊ Seat Leon ၊ Skoda Octavia တို့နဲ့ ဒီဇိုင်းချင်းဆင်ပါတယ်။ Volkswagen Golf  ကို မျိုးဆက်အလိုက် MK1 ၊ MK2 ဆိုပြီး သတ်မှတ်ခဲ့တဲ့အတွက် သတ္တမမြောက် မျိုးဆက်ကိုလည်း Volkswagen MK7  လို့လည်း ခေါ်ကြပါတယ်။

 

အင်ဂျင်အမျိုးအစား

Volkswagen Golf  ကို အင်ဂျင်ပါဝါ ၁၂ဝဝ စီစီ၊ ၁၄ဝဝ စီစီ နှစ်မျိုး ထုတ်လုပ်ထားပြီး အခွန်သက်သာမှုအရ ၁၂ဝဝ စီစီကိုပဲ တင်သွင်းကြပါတယ်။ Golf  ဟာ အင်ဂျင်ပါဝါ ၁၂ဝဝ စီစီဆိုပေမဲ့လည်း မြင်းကောင်ရေအား မြင့်ပြီး Turbo ပါတဲ့အတွက် အဆွဲအရုန်း ကောင်းမွန်ပါတယ်။ နောက်ပြီး Auto ၊ Manual  နှစ်မျိုးစလုံး အသုံးပြုလို့ရတာကလည်း ဒီကားရဲ့ အားသာချက် ဖြစ်ပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Volkswagen Golf  ၂ဝ၁၅ မိုဒယ်မှာ TSI Trendline Bluemotion Technology နဲ့ TSI Comfortline Bluemotion Technology ဆိုတဲ့ ဂရိတ်ခွဲနှစ်ခု ရှိပါတယ်။ Comfortline က ဂရိတ်ပိုမြင့်ပြီး အဲကွန်းအော်တို ဖြစ်သွားသလို Leather Steering နဲ့ နှင်းခွဲမီး ပါသွားပါတယ်။ ဂျာမနီနိုင်ငံထုတ်ကားဖြစ်တဲ့အတွက် Safety ပိုင်းကို ဦးစားပေးထားပြီး Airbag 11 လုံးအထိ ပါဝင်ပါတယ်။ အလွိုင်းဆိုက် ၁၅ လက်မဖြစ်သွားတဲ့အတွက် အောက်ပိုင်းလည်းမြင့်သွားပြီး အတွင်းဂရိတ်မြင့်တဲ့အတွက် Steering Volume Con ၊ Paddle Shift ၊ Cruise Control ၊ Xenon Headlight ၊ TV ၊ Back Camera စတာတွေ ပါဝင်လာပါတယ်။

 

စျေးနှုန်း

Volkswagen Golf  ၂ဝ၁၅ မိုဒယ်ကို ဖရီးပါမစ်နဲ့ တင်သွင်းမယ်ဆိုရင် ကျပ်သိန်းသုံးရာ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ လာမယ့်နှစ်ပေါ်လစီအရ ၂ဝ၁၅ မိုဒယ်ဘယ်မောင်းကို စလစ်ကပ်တင်သွင်းရင် ရန်ကုန်လိုင်စင်ရမှာ ဖြစ်တဲ့အတွက် Volkswagen Golf  ကို လည်း ရန်ကုန်လိုင်စင်နဲ့ တင်သွင်းလို့ရတော့မှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here