ကျပ်သိန်း ၂ဝဝ နှင့် ၃ဝဝ ကြား ရွေးချယ်သင့်သည့်ကားများ

1175

၁၃ဝဝ စီစီ ရုပ်ပြောင်းကားတွေထဲက မိုဒယ်မြင့်ပြီး ဒီဇိုင်းဆန်းတဲ့ကားကို ဝယ်ယူချင်တယ်ဆိုရင် Honda Fit GK3 နဲ့ Mazda Demio (ပုံပြောင်း)တို့ကို ရွေးချယ်သင့်ပါတယ်။ ဒီကားတွေက အရင်မိုဒယ်ပုံဟောင်းတွေနဲ့ ဘာမှမဆိုင်တော့လောက်အောင် အတွင်းအပြင် အကုန်ပြောင်းလဲသွားတာဖြစ်ပြီး နည်းပညာအသစ်အဆန်း တွေလည်း ပါဝင်တဲ့အတွက် ရုပ်ပြောင်းကားတွေထဲမှာ လူကြိုက်များတဲ့ကားတွေ ဖြစ်ပါတယ်။

Honda Fit GK3
Honda Fit ရဲ့ Generation တွေကို ခွဲခြားမယ်ဆိုရင် ပထမမျိုးဆက်ဖြစ်တဲ့ GD1 ကို ၂ဝဝ၁ မိုဒယ်ကနေ ၂ဝဝ၇ မိုဒယ်အထိ၊ ဒုတိယမျိုးဆက်ဖြစ်တဲ့ GE6 ကို ၂ဝဝ၈ မိုဒယ်ကနေ ၂ဝ၁၃ မိုဒယ်အထိ ထုတ်လုပ်ခဲ့ပြီး နောက်ဆုံးမျိုးဆက်ဖြစ်တဲ့ GK3 ကိုတော့ 2013 Late အဖြစ် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ၂ဝ၁၃ မိုဒယ်ကစပြီး ထုတ်လုပ်ခဲ့တဲ့ Honda Fit ရဲ့ နောက်ဆုံးမျိုးဆက်မှာ ချက်စီနံပါတ်အလိုက် GK3 ၊ GK4 ၊ GK5 ၊ GK6 ဆိုပြီး ကွဲပြားသွားပါတယ်။ GK5 နဲ့ GK6 တို့က ၁၅ဝဝ စီစီဖြစ်တဲ့အတွက် အခွန်နှုန်းထားမြင့်လို့ တင်သွင်းမှုမရှိသလောက်နည်းခဲ့သလို GK4 ကလည်း ၁၃ဝဝ စီစီဖြစ်ပေမဲ့ 4WD ဖြစ်လို့ စျေးကွက်အနေအထားအရ လူကြိုက်နည်းပါတယ်။ ၁၃ဝဝ စီစီ 2WD ဖြစ်တဲ့ GK3 ကတော့ Honda Fit Series ထဲမှာ လူကြိုက်အများဆုံးကားလို့တောင် ဆိုနို်င်ပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်
GE6 နဲ့ GK3 ကြားမှာ အပြင်ပိုင်းရုပ်ပြောင်းသွားသလို အတွင်းခန်း အပြင်အဆင်တွေအားလုံးလည်း မတူညီတော့ပါဘူး။ GE6 ရဲ့ Original TV က ပစောက်ပုံစံလာပေမဲ့ GK3 မှာတော့ ရှစ်လက်မရှိတဲ့ လေးထောင့်တီဗွီနဲ့ လာပါတယ်။ နောက်ပြီး ဒတ်ရှ်ဘုတ်၊ ဒိုင်ခွက်ပုံစံနဲ့ အတွင်းထိုင်ခုံတွေ ကအစ ပြောင်းသွားပါတယ်။ ၂ဝ၁၃ မိုဒယ် GK3 မှာ G ၊ G F Package ၊ G L Package စတာတွေရှိပြီးG နဲ့ G F Package ကတော့ ရိုးရိုး Grade ဖြစ်လို့ Manual Aircon ဖြစ်သလို Original TV လည်း မပါတာ များပါတယ်။ G L Package မှာတော့Aircon Auto ဖြစ်သွားသလို Smart Key နဲ့ Original TV လည်း ပါရှိသွားပါတယ်။ နောက်ပြီG L Package မှာ Steering Volume Control နှစ်ဖက်နဲ့ ရှေ့၊ နောက် Spoiler ပါသွားပါတယ်။

အင်ဂျင်အမျိုးအစား
Honda Fit GK3 ကို ၂ဝ၁၃ ခုနှစ်၊ စက်တင်ဘာလမှာ စတင်ထုတ်လုပ် ခဲ့တာဖြစ်ပြီး GE6 နဲ့ အပြင်ပိုင်းနဲ့ အတွင်းခန်းအပြင်အဆင် လုံးဝကွဲပြား သွားသလို အင်ဂျင်လည်း ပြောင်းလဲသွားပါတယ်။ GK3 ရဲ့ အင်ဂျင်မိုဒယ်က L13B(i-VTEC) ဖြစ်ပြီး ကီလို ၁၄ဝ အထိ မောင်းနှင်နိုင်ပါတယ်။

စျေးနှုန်း
၂ဝ၁၃ မိုဒယ် GK3 ကို နယ်လိုင်စင်နံပါတ်ထွက်ပြီးသား ဝယ်ယူမယ်ဆိုရင် ကားအရောင်၊ ဂရိတ်နဲ့ ကားအခြေအနေအပေါ်မူတည်ပြီး ကျပ်သိန်း ၂၄ဝ ကနေ ၂၇ဝ ကြား ရှိပါတယ်။ ရန်ကုန်လိုင်စင်နံပါတ် အမြင့်တွေ ကတော့ ကျပ်သိန်း သုံးရာအထိ ပေါက်စျေးရှိပါတယ်။

Mazda Demio
ခေတ်မီတဲ့ကားဒီဇိုင်း၊ ဆန်းသစ်တဲ့နည်းပညာတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ Mazda Demio(2014 Model)ဆိုရင် တခြား ၁၃ဝဝ စီစီကားတွေမှာမပါဝင်တဲ့ ထူးခြားချက်တွေ အများကြီးရှိပါတယ်။ World Car of The Year ၊ Japanese Car of The Yearဆုတွေရရှိထားတဲ့ Demio ကို ဒီအချိန်မှာဝယ်ယူမယ်ဆိုရင် တခြား ၁၃ဝဝ စီစီကားတွေထက် စျေးသက်သာပြီး စီးနင်းသူတွေအတွက် ခေတ်မီဆန်းသစ်တဲ့ နည်းပညာ အငွေ့အသက်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ Super Mini Car ဖြစ်တဲ့ Mazda Demio သ ကို ၁၉၉၆ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး စတုတ္ဃမျိုးဆက်အထိ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ နောက်ဆုံးမျိုးဆက်ကို ၂ဝ၁၄ မိုဒယ်က စတင်ခဲ့ပြီ Geneva Motor Show မှာ Concept Car အဖြစ် ပြသခဲ့ပါတယ်။ Mazda Demio စတုတ္ဃမျိုးဆက်က Madza CX-5 ကို အခြေခံထုတ်လုပ်ထားပြီး Ford Fiesta နဲ့လည်း ဒီဇိုင်းချင်းဆင်ပါတယ်။ ဒီမျိုးဆက်ကို ထုတ်လုပ်ပြီး မကြာခင်မှာပဲ Japanese Car of The Year ဆုကို ရရှိခဲ့ပါတယ်။Mazda Demio ၂ဝ၁၄ မိုဒယ်နဲ့ အထက်ကို Dj Series လို့ သတ်မှတ်ထားပြီးMazda 2 လို့လည်း ခေါ်ကြပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်
၂ဝ၁၄ မိုဒယ်ကစပြီး အပြင်ဒီဇိုင်းနဲ့ အတွင်းခန်းပုံစံတွေ ပြောင်းလဲသွားပြီး လှပခံ့ညားတဲ့ ရှေ့ရုပ်ကြောင့် တခြား ၁၃ဝဝ စီစီကားတွေထက် ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။ ၁၃ဝဝ စီစီ မှာ 13C ၊ 13S ၊ 13S L Package စတဲ့ ဂရိတ်တွေရှိပြီး 13S နဲ့ 13S L Package တွေမှာ ခုနစ်လက်မရှိတဲ့ Touch Screen Display ၊ Multimedia Commander စတာတွေ ပါသွားပါတယ်။ အမြင့်ဆုံးဂရိတ်ဖြစ်တဲ့ 13S L Package မှာဆိုရင် ဒိုင်ခွက် အပေါ်မှာ Active Driving Display လို့ခေါ်တဲ့ ကားရဲ့ဦးတည်ရာကိုဖော်ပြပေးတဲ့ အချက်ပြစနစ်နဲ့ ကီလိုဖော်ပြပေးတဲ့ 3D Display ပါရှိသွားပါတယ်။ နောက်ပြီး ဒီဂရိတ်မှာ ircon Auto ၊ Push-start ၊ HID မီး ဖြစ်သွားသလို Original Alloy ဆိုဒ်ကလည်း ၁၅ လက်မ ဖြစ်သွားပါတယ်။ Mazda Demio နောက်ဆုံးမျိုးဆက်ကို ဝယ်ယူပြီး ဆန်းသစ်တဲ့နည်းပညာတွေကို ခံစားချင်တယ်ဆိုရင် ဂရိတ်မြင့်တဲ့ 13S L Packageကို ဝယ်ယူသင့်ပါတယ်။

အင်ဂျင်အမျိုးအစား
Mazda Demio ၂ဝ၁၄ မိုဒယ်မှာ SkyActiv နည်းပညာတွေ ပါဝင်လာပြီး ၁၃ဝဝ စီစီ၊ ၁၅ဝဝ စီစီ အင်ဂျင်နှစ်မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။နောက် ဆုံးမျိုးဆက်ဖြစ်တဲ့ ၂ဝ၁၄ မိုဒယ်ကစလို့ Chassis က DJ နဲ့စတဲ့အတွက် DJ Series လို့ သတ်မှတ်ထားပါတယ်။ အင်ဂျင်နှစ်မျိုးစလုံးကို Auto ၊ Manual ဂီယာနှစ်မျိုးစလုံးနဲ့ ထုတ်လုပ်ထားပါတယ်။

စျေးနှုန်း
Mazda Demi ၂ဝ၁၄ မိုဒယ် ၁၃ဝဝ စီစီကို နယ်လိုင်စင် အမည်ပေါက်နဲ့ ဝယ်ယူမယ်ဆိုရင် 13S L Package က ကျပ်သိန်း နှစ်ရာဝန်းကျင်မှာရှိပြီး ပုံမှန်ဂရိတ်တွေကတော့ ကျပ်သိန်း ၁၈ဝ ဝန်းကျင်မှာ ရှိ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here