ကျပ်သိန်း ၂ဝဝ နှင့် ၃ဝဝ ကြားရွေးချယ်သင့်သည့် Sedan ကားများ

2069

Toyota က ထုတ်လုပ်တဲ့ ၁၃ဝဝ စီစီ Sedan ကားတွေထဲမှာ Vios နဲ့ Axio တို့က လူကြိုက်များတဲ့အတွက် အရောင်းအဝယ်အဖြစ်များပါတယ်။ Luxury Type ထဲမှာ မပါဝင်ပေမဲ့လည်း ပေးလိုက်ရတဲ့တန်ဖိုးနဲ့ ညီမျှတဲ့ အရည်အသွေးတစ်ခုကို ရရှိမှာဖြစ်ပါတယ်။ ဒီကားတွေကို ၁၅ဝဝ စီစီနဲ့ ၁၃ဝဝ စီစီ နှစ်မျိုးထုတ်လုပ်ထားပြီး စျေးကွာဟချက် များတဲ့အတွက် ပြည်တွင်းစျေးကွက်မှာတော့ ၁၃ဝဝ စီစီကိုပဲ လူကြိုက်ပိုများပါတယ်။

Toyota Vios

Toyota Belta ထုတ်လုပ်မှုကို ၂ဝ၁၂ ခုနှစ်မှာ အဆုံးသတ်ခဲ့ပြီးနောက် သူ့နေရာမှာ Vios ကို အစားထိုး ထုတ်လုပ်ခဲ့ပါတယ်။ Vios ရဲ့ အမည်နာမက Latin ဘာသာစကားဖြစ်ပြီး ‘ To Move Forward ’ လို့ အဓိပ္ပာယ်သက် ရောက်ပါတယ်။ Vios ကို Toyota Yaris Sedan လို့လည်း လူသိများပါတယ်။ Vios ကို အာရှပစိဖိတ်စျေးကွက်အတွက် ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပြီး ကားအစိတ်အပိုင်း ထုတ်လုပ်တပ်ဆင်မှုတွေကိုလည်း တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နဲ့ ထိုင်းတို့မှာ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒီကားကို ၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလကစပြီး Toyota Dealer တွေကနေတစ်ဆင့် မြန်မာပြည်ကားစျေးကွက်ထဲကို ဝင်ရောက် လာခဲ့ပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Sedan ကားတွေကို Segment Class သုံးပိုင်းခွဲထားရာမှာ Vios က B-Segment အထဲမှာ ပါဝင်ပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင်လည်း Corolla နဲ့ Camry တို့ရဲ့နောက်မှာ Vios ကို Sedan Class အဖြစ် သတ်မှတ် ထားပါတယ်။ ဒီကားက Luxury-sport ဒီဇိုင်းဖြစ်ပြီး ရှေ့ရှဲလ်က V ပုံ သဏဥာန်ဖြစ်ကာ အပြင်ပိုင်းကိုယ်ထည်ကို သုံးဖက်မြင်ဒီဇိုင်းနဲ့ ထုတ်လုပ် ထားပါတယ်။ အတွင်းခန်းအရောင်ကို ဆင်စွယ်ရောင်နဲ့ အနက်ရောင် နှစ် မျိုး ထုတ်လုပ်ထားသလို J ၊ E ၊ G ၊S ဆိုပြီး ဂရိတ်လေးမျိုးခွဲထားပါတယ်။ G နဲ့ S Grade မှာ Push-Start ၊ Digital Aircon ဖြစ်သွားပြီး ၂ဝ၁၆ ခုနှစ်မှာ ထုတ်လုပ်တဲ့ A Special Exclusive Grade မှာဆိုရင် Leather ထိုင်ခုံ၊ Piano အရောင် စတီယာရင်၊ ခုနစ်လက်မရှိတဲ့ Original Touch Screen Bluetooth TV စတာတွေ ပါရှိပါတယ်။

အင်ဂျင်အမျိုးအစား

Toyota Belta တုန်းက အင်ဂျင်ပါဝါ ၁ဝဝဝ စီစီနဲ့ ၁၃ဝဝ စီစီ နှစ်မျိုး ထုတ်လုပ်ခဲ့ပေမဲ့ Vios မှာတော့ ၁ဝဝဝ စီစီမရှိတော့ဘဲ ၁၃ဝဝ စီစီနဲ့ ၁၅ဝဝ စီစီ နှစ်မျိုး ထုတ်လုပ်ထားပါတယ်။

စျေးနှုန်း

Toyota Vios ၂ဝ၁၅၊ ၂ဝ၁၆ မိုဒယ်ကို ရန်ကုန်လိုင်စင်နဲ့ ဝယ်ယူမယ်ဆိုရင် အက္ခရာ၊ ဂရိတ်နဲ့ ကားအခြေအနေအပေါ်မူတည်ပြီး ကျပ်သိန်း ၂၄ဝ ကနေ ၂၈ဝ ကြားမှာ ရှိပါတယ်။

Toyota Corolla Axio

Axio က Toyota Corolla ရဲ့ ၁ဝ ဆက်မြောက်မျိုးဆက်ဖြစ်ပြီး ၂ဝဝ၆ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ထုတ်လုပ်သက်တမ်း မကြာသေးပေမဲ့ ဒီဇိုင်းဆန်းသစ်ပြီး ပေးလိုက်ရတဲ့တန်ဖိုးနဲ့ ညီမျှတဲ့ အရည်အသွေး တစ်ခုကို ရရှိတဲ့အတွက် နိုင်ငံတကာစျေးကွက်မှာတင်မက မြန်မာပြည်ကားစျေးကွက်မှာလည်း လူကြိုက်များတဲ့ Sedan ကားအမျိုးအစား ဖြစ်ပါတယ်။ Axio ကို ဂရိဘာသာစကားအရ ‘AXIA’ (Things With Value) လို့ အဓိပ္ပာယ် အစွဲပြုပြီး အမည်နာမပေးခဲ့တာ ဖြစ်ပါတယ်။ ၂ဝဝ၆ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ၂ဝ၁၂ မိုဒယ်ကနေ ၂ဝ၁၆ မိုဒယ်အထိက ဒုတိယမျိုးဆက်လို့ သတ်မှတ်လို့ရပါတယ်။ ဒီကားကို Hatckback အနေနဲ့လည်း ထုတ်လုပ်ထားပြီး Toyota Auris ဆိုပြီး ဂျပန်ပြည်တွင်း အသုံးပြုဖို့နဲ့ ဥရောပနိုင်ငံတွေကို တင်သွင်းဖို့အတွက် ထုတ်လုပ်ထားပါတယ်။ Toyota Axio ကို မိုဒယ်သတ်မှတ်ချက် E140 လို့လည်း သတ်မှတ်ထားတဲ့အတွက် Corolla(E140) လို့လည်း သိကြပါတယ်။

အင်ဂျင်အမျိုးအစား

၂ဝ၁၂ မိုဒယ်ကစပြီး ထုတ်လုပ်တဲ့ ကားတွေမှာ ၁၃ဝဝ စီစီကို 2WD တစ်မျိုးတည်း ထုပ်လုပ်ထားပြီး ၁၅ဝဝ စီစီ အင်ဂျင်မှာသာ 2WD ၊ 4WD နှစ်မျိုးလာတာ ဖြစ်ပါတယ်။ ချက်စီအနေနဲ့ခွဲမယ်ဆိုရင် ၁၃ဝဝ စီစီက 1NR-FE ဖြစ်ပြီး ၁၅ဝဝ စီစီက 1NZ-FE ဖြစ်ပါတယ်။ ၁၅ဝဝ စီစီမှာ Manual ဂီယာရော Auto ဂီယာနဲ့ပါ ထုတ်လုပ်ထားပေမဲ့ ၁၃ဝဝ စီစီကိုတော့ Auto ဂီယာတစ်မျိုးတည်းနဲ့သာ ထုပ်လုပ်ထားပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

၂ဝ၁၃ မိုဒယ် Corolla Axio ရဲ့ ၁၃ဝဝ စီစီမှာဆိုရင် ွ G Edition နဲ့ X Grade နှစ်မျိုး ထုတ်လုပ်ထားပြီး G Edition မှာ Digital Aircon ၊ Push-Start ၊ Central Switch စတာတွေ ပါပါတယ်။ X ဂရိတ်မှာတော့ အကြမ်းဖျင်းအနေနဲ့ Push-Start၊ ဘက်မှန်မီးခြောက် စတာတွေပါရှိပြီး ဂရိတ်နှစ်ခုစလုံးမှာ Option အပေါ်မူတည်လို့ ရှေ့နှင်းခွဲမီးနဲ့ Original TV ၊ Back Camera စတာတွေ ပါသွားမှာ ဖြစ်ပါတယ်။

စျေးနှုန်း

Toyota Corolla Axio ၂ဝ၁၃ မိုဒယ်ကို ရန်ကုန်လိုင်စင် စတိနံပါတ်နဲ့ ဝယ်ယူမယ်ဆိုရင် ကျပ်သိန်းသုံးရာဝန်းကျင်ရှိပြီး နံပါတ်ထွက်ပြီးသား ကားတွေကတော့ အက္ခရာ၊ ဂရိတ်နဲ့ ကားအခြေအနေအပေါ် မူတည်လို့ ကျပ်သိန်း ၂၄ဝ ကနေ ၂၇ဝ ကြားမှာ ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here