ကျပ်သိန်း ၁၅ဝ မှ ၂၅ဝ ကြား ရွေးချယ်သင့်သည့်ကားများ

1987

တောင်ကိုရီးယားနိုင်ငံအခြေစိုက်ကားထုတ်လုပ်သူ Hyundai နဲ့ KIA က ထုတ်လုပ်တဲ့ကားတွေဟာဆိုရင် မြန်မာပြည် ဘယ်မောင်းကားစျေးကွက်ထဲမှာ နေရာတစ်နေရာ ရရှိလို့ နေပါပြီ။ မိုဒယ်မြင့်ပြီး ဒီဇိုင်းဆန်းသစ်တဲ့ အတွက် လူငယ်တွေကြားမှာ ရေပန်းစားတဲ့ ကားအမျိုးအစားတွေဖြစ်ပြီး ဒီကားတွေထဲက အင်ဂျင်ပါဝါနည်းပေမဲ့ အဆွဲအရုန်းကာင်းတဲ့ Hyundai i-30 နဲ့ KIA Picanto တို့အကြောင်းကို ဖော်ပြလိုက်ပါတယ်။

Hyundai i-30
Hyundai i-30 က သေးငယ်တဲ့ မိသားစုသုံး Hatchback ကားအမျိုးအစားဖြစ်ပြီး Hyundai ကုမ္ပဏီက ၂ဝဝ၇ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ i-30 ရဲ့ပထမမျိုးဆက်ကို ၂ဝဝ၇ ခုနှစ်ကနေ ၂ဝ၁၂ ခုနှစ်အထိ ထုတ်လုပ်ခဲ့ပြီး ဒုတိယမျိုးဆက်ကိုတော့ ၂ဝ၁၂ ခုနှစ်ကနေ လက်ရှိအချိန်အထိ ထုတ်လုပ်ထားပါတယ်။ ဒုတိယမျိုးဆက် i-30 ဟာ၂ဝ၁၃ ခုနှစ်မှာ တူရကီနိုင်ငံရဲ့ တစ်နှစ်တာအကောင်းဆုံး Compact Wagon ဆု၊ ၂ဝ၁၃ ခုနှစ်မှာ သြစတြေးလျနိုင်ငံရဲ့ အမျိုးသားအဆင့် အကောင်းဆုံးကားဆုတွေကို ရရှိထားပါတယ်။ i-30 ဟာ ကိုယ်ထည်သေးသေးနဲ့ ဆီစားနှုန်းသက်သာတာကြောင့် ရန်ကုန်မြို့တွင်းမှာ အသုံးပြုဖို့သင့်တော်တဲ့ ကားတစ်စီးဖြစ်ပါတယ်။

အင်ဂျင်အမျိုးအစား
i-30 မှာ 1.4L ၊ 1.6L နဲ့ 2.0L စတဲ့ အင်ဂျင်အမျိုးမျိုးရှိပြီး ဓာတ်ဆီအပြင် ဒီဇယ်အင်ဂျင်တွေကိုပါ ထုတ်လုပ်ထားပါတယ်။ မြန်မာနိုင်ငံစျေးကွက်မှာတော့ Gamma 1.6L ဓာတ်ဆီအင်ဂျင်ကို မြင်တွေ့ရ များပါတယ်။ ဆီစားသက်သာဖို့အတွက် အလေးချိန်ကို အထူးပေါ့ပါးအောင်ပြုလုပ်ထားတဲ့ ဒီအင်ဂျင်ဟာ အမြင့်ဆုံးစွမ်းဆောင်ရည်အနေနဲ့ 6300 Rpm မှာ မြင်းကောင်ရေ ၁၃ဝ အားရရှိစေပြီး အင်ဂျင်ရဲ့တုန်ခါမှုတွေကို လျှော့ချပေးထားပါတယ်။ ဂီယာကိုတော့ Sport Mode ပါဝင်တဲ့ Auto ဂီယာ ခြောက်ချက် အသုံးပြု ထားပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်
၂ဝ၁၅ မိုဒယ် i-30 မှာ နောက်ပိုင်းကားမိုဒယ်တွေမှာပါတဲ့ Feature တွေအတိုင်း HID ရှေ့မီးကြီး၊ Push-start ၊ မှန်ချိုး/မှန်ခေါက်စနစ် စတဲ့စနစ်တွေ ပြည့်ပြည့်စုံစုံပါဝင်ပါတယ်။ ကားရဲ့အပြင်ပိုင်းက လုံးကျစ်ကျစ်နဲ့ Sport ဆန်ဆန်ဖန်တီးထားပါတယ်။ ကားဘီးတွေမှာ ဆိုရင် ၁၇ လက်မ အလွိုင်းဘီးတွေ တပ်ဆင်ထားပါတယ်။ ကားရဲ့အတွင်းပိုင်းမှာ Sport Type ကို ပိုပြီးပေါ်လွင်စေတာက သားရေနဲ့ ချုပ်ထားတဲ့ ဒိုင်ခွက်ကာဗာနဲ့ Dashboard ဒီဇိုင်းဖြစ်ပါတယ်။ ရှေ့ထိုင်ခုံနှစ်ခုကြားမှာ သက်သောင့်သက်သာရှိစေဖို့ လက်တင်ပါရှိပြီး အသုံးမပြုချင်ရင် နောက်ကိုတွန်းရွှေ့လိုက်ရုံနဲ့ ပစ္စည်းတွေထားစရာ နေရာကျယ်ကျယ် ရရှိစေပါတယ်။ i-30 ကို စက်သတ်လိုက်တာနဲ့ ဘေးမှန်တွေက အလိုအလျောက် ခေါက်သိမ်းသွားမှာဖြစ်ပြီး တံခါးလက်ကိုင်တွေမှာ ထည့်သွင်းထားတဲ့ မီးတွေကြောင့်လည်း ညဘက်ကားပေါ်ကို အတက်/အဆင်းပြုလုပ်တဲ့အခါမှာ တခြားကားတွေက အလွယ်တကူ သတိပြုမိမှာဖြစ်ပါတယ်။ Electrochromic နောက်ကြည့်မှန်ကလည်း နောက်ကားတွေရဲ့ စူးရှတဲ့မီးတွေကို အလိုအလျောက် လျှော့ချပေးမှာဖြစ်ပါတယ်။

စျေးနှုန်း
၂ဝ၁၅ မိုဒယ် Hyundai i-30 ၁၆ဝဝ စီစီရဲ့ စျေးနှုန်းကတော့ ကျပ်သိန်း ၂၅ဝ ဝန်းကျင် မှာ ရှိပါတယ်။

KIA Picanto
တောင်ကိုရီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ကားထုတ်လုပ်ရေးကုမ္ပဏီ KIA က ထုတ်လုပ်ထားတဲ့ Picanto ၊ ဒါမှမဟုတ် KIAMorning လို့ သိကြတဲ့ တံခါးငါးပေါက်ပါ Hatchback ကားအမျိုးအစားလေးဟာ မြန်မာနိုင်ငံရဲ့လမ်းမတွေထက်မှာ မြင်တွေ့ရများလာပြီး ဒီဇိုင်းလှပမှုနဲ့ စျေးနှုန်းသက်သာမှုတွေကြောင့် တင်သွင်းမှုများလာတဲ့ ကားတစ်စီးဖြစ်ပါတယ်။ KIA Picanto ကို လက်ရှိအချိန်အထိ မျိုးဆက်နှစ်ဆက် ထုတ်လုပ်ထားပါတယ်။ ပထမမျိုးဆက်ကို ၂ဝဝ၄ ခုနှစ်ကနေ ၂ဝ၁၁ ခုနှစ်အထိထုတ်လုပ်ခဲ့ပြီး ဒုတိယမျိုးဆက်ကိုတော့ ၂ဝ၁၁ ခုနှစ်ကနေ လက်ရှိအချိန်အထိ ထုတ်လုပ်လျက်ရှိပါတယ်။ သူ့ရဲ့ကိုယ်ထည်ကို တံခါးငါးပေါက်ပုံစံအပြင် တံခါး သုံးပေါက်ပုံစံနဲ့ပါ ထုတ်လုပ်ထားပြီး ပြည်တွင်းမှာတော့ တံခါး ငါးပေါက်ကားတွေသာ မြင်တွေ့ရမှာဖြစ်ပါတယ်။ KIA Picanto ရဲ့ ပထမမျိုးဆက်ကို ၂ဝဝ၃ ခုနှစ်က ကျင်းပပြုလုပ်တဲ့ ဖရန့်ဖွတ်ကားပြပွဲမှာ စတင်ပွဲထုတ်ခဲ့ပြီး ဒုတိယမျိုးဆက်ကို ဂျီနီဗာကားပြပွဲမှာ စတင်ပွဲထုတ်ခဲ့ပါတယ်။ သူနဲ့ Platform တူ ပြိုင်ဘက်ကိုပြပါဆိုရင်တော့ Hyundai ရဲ့ i10 ကို ညွှန်းရမှာဖြစ်ပါတယ်။

အင်ဂျင်အမျိုးအစား
Picanto ဟာ ရှေ့ဘီးယက်စနစ်သုံး ကားအမျိုးအစားဖြစ်ပြီး အင်ဂျင်အမျိုးအစားနှစ်မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဆလင်ဒါ သုံးလုံးထိုး ၁ ဒသမ ဝ လီတာ ဓာတ်ဆီအင်ဂျင်နဲ့ ဆလင်ဒါလေးလုံးထိုး ၁ ဒသမ ၂၅ လီတာ ဓာတ်ဆီအင်ဂျင်တို့ပဲဖြစ်ပါတယ်။ ဂီယာကိုလည်း 5-speed Manual နဲ့ 4-speed Automatic နှစ်မျိုး ထုတ်လုပ်ထားပါတယ်။ ပျမ်းမျှဆီစားနှုန်းကတော့ မြို့တွင်း တစ်ဂါလန် ၃၉ မိုင်ဝန်းကျင်နဲ့ မြို့ပြင် တစ်ဂါလန် မိုင်ငါးဆယ်ဝန်းကျင် မောင်းနှင်နိုင်ပါတယ်။ အင်ဂျင်အရွယ်အစားက ဟိုမရောက် ဒီမရောက်လို့ ပြောနိုင်ပေမဲ့ ဆီစားနှုန်းသက်သာမှု၊ Space ကျဉ်းကျဉ်းနဲ့မောင်းနှင်နိုင်မှုတို့က ရန်ကုန်မြို့က လမ်းမတွေအတွက် သင့်တော်တယ်လို့ ဆိုရမှာပါ။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်
ကိုယ်ထည်သေးသေးကျစ်ကျစ်နဲ့ အရမ်းလန်းတဲ့အထဲမှာမပါပေမဲ့ ကားဘီးအလွိုင်းနဲ့ အတွင်းခန်းပုံစံတွေကတော့ မိုဒယ်မြင့်ကားတွေလိုပဲ ဆန်းသစ်ထားတာတွေ့နိုင်ပါတယ်။ အတွင်းခန်းမှာတော့ လူငါးဦးအထိလိုက်ပါ စီးနင်းနိုင်ပြီး ဒက်ရှ်ဘုတ်ဒီဇိုင်းကို အမိုးခုံးပုံစံပြု လုပ်ထားသလို ဒိုင်ခွက်အစုအဝေးကို ယာဉ်မောင်းပိုမြင်သာဖို့ အထောက်အပံ့ ပေးထားပါတယ်။ မှန်ချိုး/မှန်ခေါက်၊ Driver Control Door-Lock ၊ Steering Volume Control စနစ်တွေကိုလည်း ထည့်သွင်းပေးထားပြီး Auto Aircon စနစ် အသုံးပြုနိုင်ပါတယ်။

စျေးနှုန်း
KIA Picanto ၂ဝ၁၄ မိုဒယ်၊ အင်ဂျင်ပါဝါ ၁၂ဝဝ စီစီ ကို ဝယ်ယူမယ်ဆိုရင် ကျပ်သိန်း ၁၅ဝ ဝန်းကျင်မှာ ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here