ကျပ်သိန်း ၁၅ဝ မှ ၂ဝဝ ကြား ရွေးချယ်သင့်သည့်ကားများ

2837

အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ ကားတွေထဲမှာ အတွင်းခန်းကျယ်ပြီး Slide Door ကားအမျိုးအစားတွေဖြစ်တဲ့ Mitsubishi Delica D2 နဲ့ Suzuki Solio တို့က မိသားစုသုံးဖို့ အတွက်တင်မကဘဲ အပေါ့စားပစ္စည်းတွေ ကိုလည်း ကျယ်ကျယ်ဝန်းဝန်းနဲ့ သယ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Alphard အသေးစားလို့ တင်စားလို့ရတဲ့ ဒီကားတွေက ၁၃ဝဝ စီစီ ကားတွေထဲမှာ ရေပန်းစားတဲ့ ကားအမျိုးအစားထဲ ပါဝင်ပါတယ်။

 

Mitsubishi Delica D2

၁၃ဝဝ စီစီ ကားထဲက အတွင်းခန်းကျယ်ပြီး ခေါင်မြင့်တာစီးချင်တယ်ဆိုရင် Mitsubishi Delica D2 ကို ရွေးချယ်သင့်ပါတယ်။ Delica D2 ဟာ Suzuki Solio နဲ့ ရုပ်ချင်းဆင်သလို Toyota Porte ၊ Toyota bB ၊ Suzuki Wagon R တို့လို့ Hatchback ကားအမျိုးအစားဖြစ်ပြီး အတွင်းခန်းကျယ်ကျယ်နဲ့ ခေါင်မြင့်တဲ့အတွက် လူငါးယောက်အထိ သက်သောင့်သက်သာ စီးနိုင်တဲ့ကားဖြစ်ပါတယ်။ Mitsubishi ကနေ Delica ကို ၁၉၆၈ ခုနှစ်ကတည်းက Truck အနေနဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ Van ၊ Wagon ပုံစံနဲ့ လူစီးကားတွေကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Delica ရဲ့နာမည်က Delivery Car ဆိုတဲ့ အဓိပ္ပာယ်ကနေ ဆင်းသက်လာတာ ဖြစ် ပါတယ်။ ထုတ်လုပ်သက်တမ်းကြာလာတာနဲ့အမျှ မျိုးဆက်ငါးခုအထိပြောင်းလဲခဲ့ပြီး နောက်ပိုင်းမျိုးဆက်တွေမှာ D2 ၊ D3 ၊ D5 ဆိုပြီး လူစီးကားတွေကို ဦးစားပေးထုတ်လုပ်ထားပါတယ်။ D2 က အင်ဂျင်ပါဝါ ၁၃ဝဝ စီစီပဲ ရှိတဲ့အတွက် Hatchback ထုတ်လုပ်ထားပြီး D3 ၊ D5 ကိုတော့ Minivan အနေနဲ့ ထုတ်လုပ်ထားပါတယ်။

 

အင်ဂျင်အမျိုးအစား

Mitsubishi Delica D2 ကို အင်ဂျင်ပါဝါ ၁၃ဝဝ စီစီ တစ်မျိုးတည်းနဲ့ ထုတ်လုပ်ထားပြီး 2WD ၊ 4WD  နှစ်မျိုးရှိပေမဲ့ Chassis ကတော့ MB15S တစ်မျိုးတည်းနဲ့ပဲ လာပါတယ်။ မိုဒယ်က K12B  ဖြစ်ပြီး 4 Cylinder DOHC 16-Valves အမျိုးအစားဖြစ်ပါတယ်။ Delica D2 မှာ Eco Mode  ပါသွားတဲ့အတွက်လည်း ဆီစားနှုန်း သက်သာသွားပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Delica D2 ၂ဝ၁၂ ၊ ၂ဝ၁၃  မိုဒယ်တွေမှာ S AS&G ၊ S  နဲ့ X  ဂရိတ်တွေရှိပြီး S  ဂရိတ်က အမြင့်ဆုံးဖြစ်လို့ Push-start ၊ Digital Aircon ၊ Power Slide Door နှစ်ချပ်၊ Fog Lamp ၊ Origianl  အလွိုင်း ၁၅ လက်မနဲ့ ဘက်မှန်မီးခြောက် စတာတွေပါသွားပါတယ်။နောက်ပြီး S ဂရိတ်မှာ စတီယာရင်က သားရေကြိုးချုပ်ဖြစ်ပြီး ရှေ့လက်တင်လည်းပါသွားသလို Alphard MZG ဂရိတ်လိုမျိုး Slide Door နှစ်ချပ်က Auto အဖွင့်/အပိတ် ဖြစ်သွားပါတယ်။ S AS&G ဂရိတ်ကလည်း S ဂရိတ်လိုပဲ ပါဝင်ပစ္စည်း တော်တော်များများ ပါဝင်ပါတယ်။

 

စျေးနှုန်း

Mitsubishi Delica D2 ၂ဝ၁၂ မိုဒယ်ကို ဝယ်ယူမယ်ဆိုရင် ရန်ကုန်လိုင်စင်နဲ့ နယ်လိုင်စင်အပေါ်မူတည်ပြီး စျေးကွာဟချက်ရှိပါတယ်။ J ၊ K အက္ခရာတန်းကို ရန်ကုန်လိုင်စင်နဲ့ ဝယ်ယူမယ်ဆိုရင် ကျပ်သိန်း ၁၆ဝ နဲ့ ကျပ်သိန်းနှစ်ရာကြားမှာ ရှိပါတယ်။

 

Suzuki Solio

၁၃ဝဝ စီစီ ကားတွေထဲမှာ အတွင်းခန်းကျယ်ဝန်းပြီး Toyota Alphard အသေးစားလို့တောင် တင်စားလို့ရတဲ့ Suzuki Solio ဟာ လူစီးဖို့အတွက်တင်မဟုတ်ဘဲ အပေါ့စားပစ္စည်းတွေလည်း တင်ဆောင်လို့ရတဲ့ MPV Hatchback ကားအမျိုးအစားဖြစ်ပါတယ်။ Suzuki ကုမ္ပဏီဟာ Solio ရဲ့ မူလမျိုးဆက်ဖြစ်တဲ့ Wagon R+ ကို ၁၉၉၃ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့ပြီး Solio ကိုတော့ ၂ဝဝ၄ ခုနှစ်မှသာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Suzuki R+  ဟာ နိုင်ငံအသီးသီးမှာ စျေးကွက်အောင်မြင်မှုရခဲ့သလို သူ့မျိုးဆက်ဖြစ်တဲ့ Solio ကလည်း စျေးနှုန်းသင့်တင့်ပြီး အကြမ်းခံတဲ့အတွက် လူကြိုက်များတဲ့ကားတွေထဲမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာရှိတဲ့ Maruti Suzuki ကုမ္ပဏီကနေ Maruti R  ဆိုပြီး Solio နဲ့ ပုံစံတူကားကို ထုတ်လုပ်ထားတာလည်း ရှိပါတယ်။ နောက်ပြီး Solio ရဲ့ပုံစံက Mitsubishi  က ထုတ်လုပ်ထားတဲ့ Delica D2 နဲ့လည်း ရုပ်ထွက်ချင်းဆင်ပါတယ်။

 

အင်ဂျင်အမျိုးအစား

Suzuki ကုမ္ပဏီကနေ Wagon R ကို အင်ဂျင်ပါဝါမျိုးစုံနဲ့ ထုတ်လုပ်ခဲ့ပေမဲ့ Suzuki Solio ကိုတော့ ၁၂၄၂ စီစီ တစ်မျိုးတည်းနဲ့သာ ထုတ်လုပ်ထားပါတယ်။ ရုပ်ပြောင်းသွားတဲ့ ၂ဝ၁၁ မိုဒယ်ကနေ ၂ဝ၁၄ မိုဒယ်အထိကို Chassis နံပါတ် MA15S လို့ သတ်မှတ်ခဲ့ပြီး အင်ဂျင်အမျိုးအစားက K12B ဖြစ်ပါတယ်။ ၂ဝ၁၄ မိုဒယ်နောက်ပိုင်းမှာတော့ အင်ဂျင်အမျိုးအစားက K12C ဖြစ်သွားပြီး Chassis ကလည်း MA26S လို့ ပြောင်းသွားပါတယ်။ နောက်ပြီး ၂ဝ၁၅ မိုဒယ် နောက်ပိုင်းမှာလည်း Hybrid အင်ဂျင်နဲ့ ထုတ်လုပ်ထားပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Suzuki Solio ၂ဝ၁၁၊ ၂ဝ၁၂ မိုဒယ်မှာ ဂရိတ်ခွဲတွေ အများကြီးရှိပေမဲ့ အကြမ်းဖျင်းအားဖြင့် X ၊ S ၊ G  သုံးမျိုးပဲ လူသိများပါတယ်။ ဒီဂရိတ်တွေထဲမှာ S ဂရိတ်က အမြင့်ဆုံးဖြစ်ပြီး Push-start ၊ Digital Aircon  ၊ နှင်းခွဲမီး၊ ရှေ့မီးကြီးအဖြူ၊ နောက် Spoiler နဲ့ နောက် Wiper ပါသွားပါတယ်။ နောက်ပြီး ဒီဂရိတ်မှာ Steering Volume Control ပါသွားပြီး Power Slide Door တစ်ချပ်ဖြစ်သွားပါတယ်။ G ဂရိတ်ကတော့ ဂရိတ်အနိမ့်ဖြစ်ပါတယ်။ မြန်မာပြည်ကားစျေးကွက်မှာလည်း Suzuki Solio ကို တင်သွင်းမယ်ဆိုရင် ပစ္စည်းစုံပါတဲ့ S ဂရိတ်ကိုပဲ ရွေးချယ်တင်သွင်းကြပါတယ်။

 

စျေးနှုန်း

Suzuki Solio ၂ဝ၁၁၊ ၂ဝ၁၂ မိုဒယ် S ဂရိတ်ကို ဝယ်ယူမယ်ဆိုရင် ရန်ကုန်လိုင်စင်ဖြစ်၊ မဖြစ်နဲ့ ကီလိုအနည်းအများအပေါ်မူတည်ပြီး ကျပ်သိန်း ၁၆ဝ ကနေ သိန်းနှစ်ရာကြား မှာ ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here