ပြည်တွင်းကားစျေးကွက်ထဲမှာ Sedan ကားတွေထဲက Toyota Belta နဲ့ Nissan Latio တို့က လူကြိုက်အများဆုံးလို့ ဆိုနိုင်ပါတယ်။ စျေးနှုန်းသင့်သလို အကြမ်းခံပြီး ပြင်ဆင်ရလည်းလွယ်တဲ့အတွက် ဒီကားတွေကို အိမ်စီးကားအဖြစ်နဲ့တင်မက တက္ကစီအဖြစ်နဲ့လည်း အသုံးပြုကြပါတယ်။ စျေးကွက်အကြိုက်ဖြစ်လို့ ရောင်းရဝယ်ရလွယ်ကူတဲ့အတွက် Belta နဲ့ Latio တို့က ဝယ်/ရောင်းအကြိုက်ကားတွေလည်းဖြစ်ပါတယ်။
Nissan Latio
အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူကားစျေးကွက်မှာ Badged Sedan ကားအဖြစ် Nissan Latio ကို ရွေးချယ်ခဲ့ကြပါတယ်။ Nissan Latio ဟာ ၂ဝ၁၂ ခုနှစ်မှ စတင်ထုတ်လုပ်တာဖြစ်တဲ့အတွက် မိုဒယ်မြင့်ပြီး အင်ဂျင်ပါဝါက ၁၁၉၈ စီစီသာ ရှိတဲ့အတွက် ဆီစားနှုန်းသက်သာလို့ လူကြိုက်များပြီး တက္ကစီအနေနဲ့ အသုံးပြုလာကြပါတယ်။ ကားအတွင်းပိုင်းကျယ်ဝန်းသလို ပစ္စည်းထည့်တဲ့နောက်ခန်းကလည်း ကျယ်ဝန်းပါတယ်။ ဒါကြောင့် Latio ကို တက္ကစီလုပ်ငန်းသုံးအနေနဲ့ပဲဖြစ်ဖြစ်၊ အိမ်စီးကားအနေနဲ့ပဲဖြစ်ဖြစ် ရွေးချယ်သင့်တဲ့ ကားအမျိုးအစားဖြစ်ပါတယ်။
Nissan Latio က Tiida Latio ရဲ့ မျိုးဆက်ဖြစ်ပြီး မျိုးဆက်သစ်အနေနဲ့ အမည်နာမကိုလည်း Latio လို့ ပေးခဲ့တာဖြစ်ပါတယ်။ Nissan Latio ကို ၂ဝ၁၂ ခုနှစ်ကမှ စတင်ထုတ်လုပ်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်အထိ မိုဒယ်နှစ်မျိုးပဲ ရှိပါသေးတယ်။ ဒီ Sedan ကားကို အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူစတဲ့ အရှေ့တောင်အာရှစျေးကွက်ကို ဦးတည်ပြီး ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ Nissan Latio ရဲ့နောက်ဆုံးမျိုးဆက်အဖြစ်လည်း မြန်မာနိုင်ငံမှာ SKD စနစ်နဲ့ Nissan Sunny Sedan ကို ၂ဝ၁၇ မိုဒယ်ကစပြီး ထုတ်လုပ်နေပါတယ်။
အင်ဂျင်အမျိုးအစား
Tiida Latio ကို ပုံပြောင်းပြီးထုတ်ထားတဲ့ ၂ဝ၁၂ မိုဒယ် Latio ဟာ အင်ဂျင်ပါဝါ ၁၁၉၈ စီစီဖြစ်တဲ့အတွက် ဆီစားနှုန်းသက်သာပါတယ်။ နောက်ပြီး Pure Drive စနစ်ပါရှိတဲ့အတွက်လည်း ဆီစားနှုန်း အထူးသက်သာပါတယ်။ အင်ဂျင်အမျိုးအစားက မြင်းကောင်ရေ ၇၉ ကောင်အား Water Cooling Inline 3 Cylinder DOHC ဖြစ်ပြီး တစ်ဂါလန်ကို မိုင်ခြောက်ဆယ်နှုန်းအထိ မောင်းနှင်နိုင်ပါတယ်။
အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်
Latio ၂ဝ၁၂ မိုဒယ်နဲ့ ၂ဝ၁၄ မိုဒယ်က အပြင်ပိုင်းရုပ်မပြောင်းဘဲ အတွင်းခန်း Dashboard နဲ့ ဒိုင်ခွက်ပုံစံသာ အနည်းငယ်ပြောင်းသွားပါတယ်။ ၂ဝ၁၂ မိုဒယ်မှာ B ၊ S ၊ X ၊ G စတဲ့ Grade တွေရှိပြီး အမြင့်ဆုံး G Grade မှာ Aircon Auto ဖြစ်သွားပါတယ်။ Grade အားလုံးမှာ Central Switch စနစ်ပါရှိသလို တံခါးလေးချပ်စလုံး ပါဝါဖြစ်ပြီး မှန်ကာလာလည်းပါဝင်ပါတယ်။ များသောအားဖြင့် G Grade မှာ Smart Key (Push-start) ဖြစ်သွားပါတယ်။
စျေးနှုန်း
Nissan Latio ၂ဝ၁၂ မိုဒယ်ရဲ့စျေးက အက္ခရာ၊ ဂရိတ်နဲ့အရောင်အပေါ် မူတည်ပြီး ကျပ်သိန်း ၁၈ဝ ကနေ သိန်းနှစ်ရာကြားရှိပါတယ်။
Toyota Belta
အင်ဂျင်ပါဝါ ၁၃၅ဝ စီစီအောက်ကားလေးတွေကို စိတ်ဝင်စားတဲ့သူတွေအတွက် မြန်မာပြည်မှာ လူကြိုက်များတဲ့ Toyota Belta ကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။ Belta ကို မြောက်အမေရိကနဲ့ သြစတြေးလျစျေးကွက် တွေကိုတင်သွင်းခဲ့တဲ့ Toyota Yaris နဲ့ တောင်အာရှ စျေးကွက်ကိုတင်သွင်းဖြန့်ချီခဲ့တဲ့ Toyota Vios ကိုအခြေခံထုတ်လုပ်ထားတာဖြစ်ပြီး သိပ်သည်းကျစ်လျစ်တဲ့ Sedan ကားအမျိုးအစားဖြစ်ပါတယ်။
Toyota Belta ကို ဂျပန်နိုင်ငံက Toyota Motor Coporation ကပဲ ၂ဝဝ၅ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိကို ပထမမျိုးဆက်အဖြစ် သတ်မှတ်ထားပါတယ်။ Sedan ကားထဲမှာတော့ Belta က လူကြိုက်များတဲ့ ကားအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ဂျပန်ပြည်တွင်းစျေးကွက်မှာတင်မက အာရှစျေးကွက်မှာပါ အောင်မြင်မှုရရှိခဲ့တဲ့ Sedan ကားအမျိုးအစားဖြစ်ခဲ့ပေမဲ့ ၂ဝ၁၂ ခုနှစ်၊ ဇွန်လအရောက်မှာတော့ ထုတ်လုပ်မှုကို အဆုံးသတ်ခဲ့ပါတယ်။ သြစတြေးလျမှာတော့ Toyota Yaris အနေနဲ့ ဆက်လက်ထုတ်လုပ်နေဆဲဖြစ်ပါတယ်။ Belta ရဲ့ နောက်ဆက်တွဲမျိုးဆက်တွေကတော့ Toyota Axio နဲ့ Toyota Vios တို့ဖြစ်ပါတယ်။
အင်ဂျင်အမျိုးအစား
Belta မှာ အင်ဂျင်ပါဝါ ၁ဝဝဝ စီစီနဲ့ ၁၃ဝဝ စီစီ နှစ်မျိုးရှိပါတယ်။ အင်ဂျင်ပါဝါ ၁ဝဝဝ စီစီကတော့ Inline 3 Cylinder DOHC အမျိုးအစားဖြစ်ပြီး မြန်မာပြည်မှာ Taxi သုံးဖို့လောက်သာ တင်သွင်းကြလို့ လူကြိုက်လည်းနည်းပါတယ်။ ၁၃ဝဝ စီစီ ကတော့ Inline 4 Cylinder DOHC အမျိုးအစားဖြစ်ပြီး ၁၃ဝဝ စီစီအောက် Sedan ကားအမျိုးအစားထဲမှာ လူကြိုက်များသလို မြန်မာပြည်စျေးကွက်မှာလည်း အရောင်းအဝယ် အဖြစ်ဆုံးကားတွေထဲမှာ ပါဝင်ပါတယ်။ အင်ဂျင်ပါဝါ ၁ဝဝဝ စီစီ မှာ 2WD တစ်မျိုး တည်းသာ ရှိပြီး ၁၃ဝဝ စီစီမှာတော့ 2WD ရော 4WD ပါ နှစ်မျိုးစလုံး ထုတ်လုပ်ထားပါတယ်။
အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်
Belta ၂ဝဝ၈ မိုဒယ်ပုံပြောင်းမှာ၂ဝဝ၅ ၊၂ဝဝ၆၊၂ဝဝ၇ မိုဒယ်တွေလို ဘော်ဒီအချိုးမပြောင်းဘဲ ဆန်ခါကွက်ပုံသဏ္ဌာန်ရှဲလ်ပြောင်းသွားပြီး ဘက်မှန်ပေါ်မှာ Signal မီးပါလာပါတယ်။ အတွင်းခန်းမှာ ဒိုင်ခွက်နဲ့ထိုင်ခုံတွေကအစ ပြောင်းလဲသွားပြီး ပါဝါတံခါးလေးချပ်နဲ့ Central Switch တွေ ပါရှိသွားပါတယ်။ Grade အနေနဲ့ X ၊ XL Package ၊ G စတဲ့ Grade တွေရှိပြီး XL Package မှာဆိုရင် အဲကွန်းဒစ်ဂျစ်တယ် ဖြစ်သွားသလို Grade အမြင့်ဆုံးဖြစ်တဲ့ G Grade မှာဆိုတော့ အဲကွန်းဒစ်ဂျစ်တယ်ဖြစ်ရုံတင်မက Push-Start ပါလာပါတယ်။
စျေးနှုန်း
Toyota Belta ၁၃ဝဝ စီစီ ရဲ့စျေးနှုန်းက Model Year အပေါ်မှာ ကွာဟမှုသိပ်မရှိပေမဲ့ Grade အနိမ့်အမြင့်၊ ကားအရောင်၊ ကား Condition အပေါ်မူတည်ပြီး ကျပ်သိန်း ၁၈ဝ ကနေ ၂၁ဝ ဝန်းကျင်အထိရှိပါတယ်။ ၁ဝဝဝ စီစီကတော့ အရောင်းအဝယ်ဖြစ်တာနည်းပြီး ကျပ်သိန်း ၁၄ဝ ကနေ ၁၆ဝ ဝန်းကျင်အထိရှိပါတယ်။