ကျပ်သိန်း ၁၅ဝ နှင့် ၂ဝဝ ကြား ရွေးချယ်သင့်သည့် ကားများ

1623

လာမယ့်နှစ်ရဲ့ ကားတင်သွင်းခွင့်မူဝါဒအရ ဂျပန်ညာမောင်းကား တင်သွင်းမှုက တစ်ခန်းရပ်သွားပြီ ဖြစ်တဲ့အတွက် ပြည်တွင်းစျေးကွက်မှာ ကိုရီးယားနဲ့ ဥရောပထုတ် ဘယ်မောင်းကားတွေကို စမ်းပြီးအသုံးပြုလာကြပါပြီ ဘယ်မောင်းကားတွေထဲက မြန်မာနိုင်ငံမှာ တရားဝင် Showroom တွေဖွင့်ထားတဲ့ Hyundai ၊ KIA တို့က ရောင်းချထားတဲ့ ကားတွေကလည်း တစ်ပတ်ရစ်အဖြစ် စျေးကွက်ထဲ ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ ဒီကားတွေထဲက Hatchback အမျိုးအစားဖြစ်တဲ့ KIA Picanto နဲ့ Hyundai Grand i10 တို့အကြောင်းကို ဖော်ပြလိုက်ပါတယ်။

 

KIA Picanto

==========

KIA Picanto ကို လက်ရှိအချိန်အထိ မျိုးဆက်နှစ်ဆက် ထုတ်လုပ်ထားပါတယ်။ ပထမမျိုးဆက်ကို ၂ဝဝ၄ ခုနှစ်ကနေ ၂ဝ၁၁ ခုနှစ်၊ ဒုတိယမျိုးဆက်ကို ၂ဝ၁၁ ခုနှစ်ကနေ ၂ဝ၁၇ ခုနှစ်အထိ ထုတ်လုပ်လျက်ရှိပါတယ်။ လက်ရှိအချိန်မှာ တတိယမျိုးဆက် ၂ဝ၁၈ မိုဒယ် ထွက်ရှိနေပြီဖြစ်ပေမဲ့ မြန်မာနိုင်ငံကိုတော့ တင်သွင်းရောင်းချခြင်း မရှိသေးပါဘူး။ သူ့ရဲ့ကိုယ်ထည်ကို တံခါးငါးပေါက်ပုံစံအပြင် တံခါး သုံးပေါက်ပုံစံနဲ့ပါ ထုတ်လုပ်ထားပြီး ပြည်တွင်းမှာတော့ တံခါး ငါးပေါက်ကားတွေသာ မြင်တွေ့ရများပါတယ်။ KIA Picanto ရဲ့ ပထမမျိုးဆက်ကို ၂ဝဝ၃ ခုနှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ Frankfurt Motor Show မှာ စတင်ပွဲထုတ်ခဲ့ပြီး ဒုတိယမျိုးဆက်ကို Geneva Motor Show  မှာ စတင်ပွဲထုတ်ခဲ့ပါတယ်။ သူနဲ့ Platform  တူ ပြိုင်ဘက်ကို ပြပါဆိုရင်တော့ Hyundai  ရဲ့ Grand i10 ကို ညွှန်းရမှာ ဖြစ်ပါတယ်။

 

အင်ဂျင်အမျိုးအစား

============

အင်ဂျင်အမျိုးအစား  Picanto ဟာ ရှေ့ဘီးယက်စနစ်သုံး ကားအမျိုးအစားဖြစ်ပြီး အင်ဂျင်အမျိုးအစား နှစ်မျိုးကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဆလင်ဒါသုံးလုံးထိုး 1.0 Litre ဓာတ်ဆီအင်ဂျင်နဲ့ ဆလင်ဒါ လေးလုံးထိုး 1.25 Litre ဓာတ်ဆီအင်ဂျင်တို့ပဲ ဖြစ်ပါတယ်။ ဂီယာကိုလည်း 5 Speed Manual နဲ့ 4 Speed Automatic နှစ်မျိုး ထုတ်လုပ်ထားပါတယ်။ ပျမ်းမျှဆီစားနှုန်းကတော့ မြို့တွင်းကို တစ်ဂါလန် ၃၉ မိုင်ဝန်းကျင်နဲ့ မြို့ပြင်မှာ တစ်ဂါလန်ကို မိုင်ငါးဆယ်ဝန်းကျင် မောင်းနှင်နိုင်ပါတယ်။ အင်ဂျင်အရွယ်အစားက ဟိုမရောက် ဒီမရောက်လို့ ပြောနိုင်ပေမဲ့ ဆီစားနှုန်းသက်သာမှုနဲ့ Space ကျဉ်းကျဉ်းနဲ့မောင်းနှင်နိုင်မှုက ရန်ကုန်မြို့က လမ်းမတွေအတွက် သင့်တော်တယ်လို့ ဆိုရမှာပါ။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

========================

ကိုယ်ထည်အချိုး သေးသေးကျစ်ကျစ်ရှိပြီး ကားဘီးအလွိုင်းနဲ့ အတွင်းခန်းပုံစံတွေကို မိုဒယ်မြင့် ကားတွေလိုပဲ ဆန်းသစ်ထားတာ တွေ့နိုင်ပါတယ်။ အတွင်းခန်းမှာတော့ လူငါးယောက်အထိ လိုက်ပါစီးနင်းနိုင်ပြီး ဒက်ရှ်ဘုတ်ဒီဇိုင်းကို အမိုးခုံးပုံစံပြုလုပ်ထားသလို ဒိုင်ခွက်အစုအဝေးကို ကားမောင်းသူ မြင်သာထင်သာရှိအောင် အထောက်အပံ့ပေးထားပါတယ်။ Push-start Buttom ၊ မှန်ချိုးမှန်ခေါက်၊  Driver Control Door Lock ၊  Steering Volume Control ၊ Sunroof  စနစ်တွေကိုလည်း ထည့်သွင်းပေးထားပြီး  Fully Auto Aircon စနစ်ကို အသုံးပြုနိုင်ပါတယ်။

 

စျေးနှုန်း

======

၂ဝဝ၅၊ ၂ဝဝ၆ မိုဒယ် KIA Picanto ကို ရန်ကုန်လိုင်စင်နဲ့ဝယ်ယူနိုင်ပြီး Kilo နဲ့ ကား အခြေအနေအပေါ် မူတည်လို့ သိန်း ၁၈ဝ ကနေ သိန်းနှစ်ရာကြားမှာ ရှိပါတယ်။

 

Hyundai Grand i10

==============

တောင်ကိုရီးယားနိုင်ငံရဲ့ အကြီးဆုံးကားထုတ်လုပ်ရေးကုမ္ပဏီ  Hyundai  က ထုတ်လုပ်ထားတဲ့ Hatchback ကားအမျိုးအစား  Hyundai Grand i10 ကလည်း မြန်မာပြည်သူတွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ သေးငယ်ပေါ့ပါးတဲ့ ကားတစ်စီးဖြစ်ခြင်း၊ ဆီစားနှုန်းသက်သာခြင်းနဲ့ စျေးနှုန်းသင့်တင့်ခြင်းတွေကြောင့် ရွေးချယ်သင့်တဲ့ ကားအမျိုးအစားလည်း ဖြစ်ပါတယ်။ Hyundai Grand i10 ကို ၂ဝဝ၇ ခုနှစ်မှာ စတင် ထုတ်လုပ်ခဲ့ပါတယ်။ Grand i10 ကို Hyundai Atos နေရာမှာ အစားထိုးထုတ်လုပ်ခဲ့တာဖြစ်ပြီး ပထမ မျိုးဆက်ကို ၂ဝဝ၇ ခုနှစ်ကနေ ၂ဝ၁၃ ခုနှစ်အထိ ၊ ဒုတိယမျိုးဆက် ကို ၂ဝ၁၃ ခုနှစ်ကနေ လက်ရှိအချိန်အထိ ထုတ်လုပ်လျက်ရှိပါတယ်။ ကိုယ်ထည်ကို  တံခါး ငါးပေါက်ပုံစံတစ်မျိုးတည်း ထုတ်လုပ်ထားပြီး သေးငယ်ပေမဲ့ ပစ္စည်းတွေသယ်ဆောင်ဖို့ နေရာအလုံအလောက်ပါဝင်ပြီး အသုံးပြုသူတွေ လွယ်ကူအဆင်ပြေစေအောင် ဖန်တီးပေးထားတဲ့ ကားတစ်စီးဖြစ်ပါတယ်။

 

အင်ဂျင်အမျိုးအစား

=============

Hyundai Grand i10 ကားကို ဓာတ်ဆီလောင်စာသုံး  Kappa 1.25 Litre ၊ 4 Cylinder အင်ဂျင်ကို တပ်ဆင်ထားပါတယ်။ 1.25 Litre အင်ဂျင်က မြို့တွင်းသာမက ခရီးဝေးတွေမှာ ပိုပြီး သက်သောင့်သက်သာနဲ့ အသုံးပြုမောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ဂီယာကို 4 Speed Automatic ဂီယာကို တပ်ဆင်အသုံးပြုထားပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

========================

ရှေ့ Grille (ရှဲလ်) ကို Hexagonal Grill (ဆဌဂံ) ပုံဖြစ်ပြီး Headlamp ရှေ့မီးလုံးတွေကို ဘေးနှစ်ဖက်ကို ပြန့်ကားအောင်ပြုလုပ်ပေးထားတာကြောင့် ညဘက်မှာ ကျယ်ဝန်းတဲ့မြင်ကွင်းကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒါ့ပြင် Daylight Running မီးတွေကိုလည်း တပ်ဆင်ထားပါတယ်။ ရှေ့မြင်ကွင်းကို ကျယ်ပြန့်ရှင်းလင်းစွာမြင်နိုင်ဖို့ Windscreen ရဲ့ Piller ကို Slim ပုံစံ ပြုလုပ်ပေးထားပါတယ်။ Hyundai Grand i10 မိုဒယ်အားလုံးမှာ Electric Front Window ၊ Remote Central Locking  ၊ Trip Computer နဲ့ USB Connection စနစ်တွေကို လုပ်ဆောင်ပေးထားလို့ ယာဉ်ကို အသုံးပြုသူတွေအတွက် စိတ်ကျေနပ်မှုကို ရရှိစေပါလိမ့်မယ်။

 

စျေးနှုန်း

======

Hyundai Grand i10 ၂ဝ၁၅၊ ၂ဝ၁၆ မိုဒယ်မှာ နယ်လိုင်စင်ကများပြီး စျေးနှုန်းကတော့ ကီလိုအပေါ်မူတည်ပြီး ကျပ်သိန်း ၁၇ဝ နဲ့ ၁၉ဝ သိန်းကြားမှာရှိပါတယ်။ ရန်ကုန်လိုင်စင် ဖြစ်ရင်တော့ ကျပ်သိန်း နှစ်ရာဝန်းကျင်အထိ ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here