ကျပ်သိန်း ၁၅ဝ နှင့် ၂ဝဝ ကြား ရွေးချယ်သင့်သည့်ကားများ

2071

အင်ဂျင်ပါဝါနည်းတဲ့ကားတွေထဲက လူငယ်ကြိုက်ကားတွေဖြစ်တဲ့ Toyota IQ  နဲ့ Suzuki Splash တို့ဟာဆိုရင် စျေးကွက်ထဲမှာ ရေပန်းမစားပေမဲ့ ဒီကားတွေကို အသုံးပြုဖူးတဲ့သူတွေကတော့ ကြိုက်နှစ်သက်မှာ ဖြစ်ပါတယ်။ ခေတ်ရှေ့ပြေးတဲ့ဒီဇိုင်းနဲ့ သင့်တင့်တဲ့ စျေးနှုန်းတွေကြောင့် ၁၃ဝဝ စီစီကားတွေထဲကမှ ရွေးချယ်သင့်တဲ့ ကားအမျိုးအစားမှာ ပါပါတယ်။

 

Toyota IQ

Toyota  ကထုတ်လုပ်တဲ့ ၁၃ဝဝ စီစီ ကားတွေထဲမှာ Vitz ၊ Ractis ၊ bB ၊ Passo တို့လို လူသိမများသေးတဲ့ ကားအမျိုးအစားတစ်ခုရှိပါတယ်။ အဲဒီကားကတော့ Toyota ကထုတ်လုပ်ထားပြီး  အင်ဂျင်ပါဝါနည်းတဲ့ ကားတွေထဲမှာ ခေတ်ရှေ့အပြေးဆုံးနဲ့ ဒီဇိုင်းအဆန်းသစ်ဆုံးဖြစ်တဲ့ Toyota IQ ဖြစ်ပါတယ်။  Toyota IQ  ကို ဒီဇိုင်းရေးဆွဲတဲ့နေရာမှာ Toyota European Design and Development (Toyota ED2) အတိုင်း ရေးဆွဲထားတာဖြစ်လို့ ဥရောပဆန်တဲ့အငွေ့အသက်တွေ ပါဝင်နေပါတယ်။ Toyota  ကုမ္ပဏီကနေ IQ ကားအမျိုးအစားကို ၂ဝဝ၈ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး အဲဒီနှစ်မှာပဲ Japanese Car of the Year ဆုကို ရရှိခဲ့ပါတယ်။ ဒီကားကို ဥရောပနဲ့ မြောက်အမေရိကစျေးကွက်မှာ ဘယ်မောင်းအနေနဲ့ ထုတ်လုပ်ပြီး Scion IQ အနေနဲ့လည်း တင်ပို့ရောင်းချပါတယ်။ IQ နဲ့ ဒီဇိုင်းချင်းဆင်တဲ့ကားကတော့ ဥရောပစျေးကွက်မှာ လူကြိုက်များနေတဲ့ Aston Martin Cygnet ဖြစ်ပါတယ်။

 

အင်ဂျင်အမျိုးအစား

IQ ကို ဆီစားသက်သာအောင် City Car အဖြစ် အင်ဂျင်ပါဝါ ၁ဝဝဝ စီစီ၊ ၁၃ဝဝ စီစီ၊ ၁၄ဝဝ စီစီတို့ကို ထုတ်လုပ်ထားပါတယ်။ ၁ဝဝဝ စီစီကို Auto ဂီယာတစ်မျိုးတည်းနဲ့သာ ထုတ်လုပ်ထားပေမဲ့ ၁၃ဝဝ စီစီမှာတော့ Auto ဂီယာအပြင် Manual ဂီယာ ခြောက်ချက်နဲ့လည်း ထုတ်လုပ်ထားပါတယ်။ ဆီစားသက်သာအောင် 2WD အင်ဂျင်နဲ့ပဲ ထုတ်လုပ်ထားတာဖြစ်ပြီး Chassis အနေနဲ့ခွဲမယ်ဆိုရင် ၁ဝဝဝ စီစီက KGJ10  ဖြစ်ပြီး ၁၃ဝဝ စီစီက NGJ10  ဖြစ်ပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

အတွင်းခန်းအပြင်အဆင်ကို Sport Type ဆန်ဆန်ဖန်တီးထားပြီး တံခါး နှစ်ပေါက်၊ လေးယောက်စီး ကားအမျိုးအစားဖြစ်ပါတယ်။ Auto ဂီယာတွေမှာ ရိုးရိုး Key နဲ့ပဲဖြစ်ပြီး Manual ဂီယာဆိုရင်တော့ Push-start  ဖြစ်သွားပါတယ်။ ကားအရွယ်အစားသေးပေမဲ့ Airbag  ကိုးလုံးအထိပါရှိပြီး ရှေ့မြင်ကွင်းကို ကျယ်ကျယ်ပြန့်ပြန့် မြင်နိုင်ဖို့အတွက် ရှေ့နေကာမှန်ကလည်း တခြားကားတွေထက် အရွယ်အစားပိုကြီးထားပါတယ်။ ၂ဝ၁၂ မိုဒယ်မှာ MT Leather Package ၊ MT ၊ Leather Package ၊ X Package စတာတွေ ရှိပြီး Leather ဂရိတ်တွေမှာ Original Alloy ၁၆ လက်မ ဖြစ်သွားပါတယ်။

စျေးနှုန်း

Toyota IQ 2012 Model 1300 CC Auto Gear ကို ရန်ကုန်လိုင်စင် နံပါတ်ထွက်ပြီး သားကားကို ဝယ်ယူမယ်ဆိုရင် ကျပ်သိန်း ၁၅ဝ နဲ့ ၁၆ဝ ကြားမှာရှိပါတယ်။ ၁ဝဝဝ စီစီ ကတော့ ကျပ်သိန်း ၁၃ဝ ဝန်းကျင်မှာ ရှာဖွေဝယ်ယူလို့ရပါတယ်။

 

Suzuki Splash

၁၃ဝဝ စီစီ City Car တွေထဲမှာ Suzuki Splash ဟာ ထုတ်လုပ်တဲ့ သက်တမ်းမကြာသေးတဲ့အတွက် Swift ၊ Vitz ၊ Ractis ၊ Demio ၊ Belta ၊ Passo တို့နဲ့ယှဉ်ရင် လူသိနည်းနေသေးပါတယ်။ Suzuki Motor နဲ့ ဂျာမနီကားကုမ္ပဏီ Adam Opel AG တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့အတွက် ဥရောပဆန်တဲ့အငွေ့အသက်တွေ တွေ့ရပေမဲ့ ကားဒီဇိုင်းနဲ့ အတွင်းဂရိတ်အခြေအနေတွေကြောင့် Suzuki Swift လောက် စျေးကွက်အောင်မြင်မှု မရသေးပါဘူး။ Suzuki Splash ကို ၂ဝဝ၈ ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး နှစ်စဉ် မထုတ်လုပ်တဲ့အတွက် ၂ဝ၁၄ ခုနှစ်အထိကို မိုဒယ် ငါးခုပဲ ရှိပါသေးတယ်။ ဒီကားကို Opel  ကားကုမ္ပဏီနဲ့ ပူးပေါင်းထုတ်လုပ်ထားတာ ဖြစ်ပြီး Opel Agila ကားရဲ့ဒီဇိုင်းကို အနီးစပ်ဆုံးယူထားတာဖြစ်ပါတယ်။ Splash ကို Concept Car အနေနဲ့ 2006 Paris Auto Show မှာ ပြသခဲ့ပြီး ထုတ်လုပ်မှုအချောသပ်ဒီဇိုင်းကိုတော့ 2007 Frankfurt Auto Show မှာ ပြသခဲ့ပါတယ်၊ ဂျပန်ပြည်တွင်းစျေးကွက်နဲ့ ဥရောပကားစျေးကွက်မှာ Splash ဟာ Suzuki Swift လောက် အောင်မြင်မှုမရသေးပေမဲ့ Suzuki Solio နဲ့ယှဉ်ရင်တော့ စျေးကွက်ဝေစု ပိုရရှိထားပါတယ်။ ဒီကားကို အိန္ဒိယ Suzuki ကုမ္ပဏီကနေ Maruti Sizuki Ritz နဲ့ တရုတ်နိုင်ငံမှာ Changhe Suzuki ဆိုပြီး ထုတ်လုပ်တာလည်း ရှိပါတယ်၊

အင်ဂျင်အမျိုးအစား

Suzuki Splash ကို အင်ဂျင်ပါဝါ ၁ဝဝဝ စီစီ၊ ၁၂ဝဝ စီစီနဲ့ ၁၃ဝဝ စီစီ ကို ထုတ်လုပ်ထားပြီး ၁၃ဝဝ စီစီကိုတော့ ဒီဇယ်အင်ဂျင်နဲ့ ထုတ်လုပ်တာဖြစ်ပါတယ်။ ဂျပန်ပြည်တွင်းအသုံးပြုဖို့အတွက် ၁၂၄၂ စီစီကိုသာ အများဆုံးထုတ်လုပ်ထားတဲ့အတွက် ဂျပန်လေလံမှာလည်း ၁၂ဝဝ စီစီအနေနဲ့ပဲ ဝယ်လို့ရပါတယ်၊ Chassis အနေနဲ့ ကြည့်မယ်ဆိုရင် ၁ဝဝဝ စီစီက K10B ၊ ၁၂ဝဝ စီစီက K12B ဆိုပြီး အလွယ်တကူ ခွဲလို့ရပါတယ်၊

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

မိုဒယ်တစ်ခုကို ဂရိတ်တစ်မျိုးတည်းနဲ့သာ ထုတ်လုပ်ထားတဲ့အတွက် မြန်မာပြည်ကထုတ်လုပ်တဲ့ Suzuki Ertiga လိုပဲရွေးချယ်စရာဆိုလို့ကားအရောင်ပဲရှိပါတယ်။ ၂ဝ၁၁ မိုဒယ်မှာဆိုရင်လည်း Base Grade တစ်မျိုးတည်းကိုသာ ထုတ်လုပ်ထားပြီး နောက် Spoiler ၊ နောက် Wiper  ပါရှိပေမဲ့ ဘက်မှန်မီးခြောက်မပါဘဲ ပါးခြမ်းမီးပဲ ပါပါတယ်။ နောက်ပြီး Suzuki Swift လို Digital Aircon မဟုတ်ဘဲ လက်လှည့်ပဲ တပ်ဆင်ထားပါတယ်။ ဒီကားရဲ့ အားသာချက်ကတော့အလွိုင်းဆိုက် ၁၅ လက်မဖြစ်သွားတဲ့အတွက်ကားအောက်ပိုင်းအနည်းငယ်မြင့်သွားပါတယ်၊

စျေးနှုန်း

Suzuki Splash ကို ရန်ကုန်လိုင်စင်နဲ့ ဝယ်ယူမယ်ဆိုရင် အက္ခရာ၊ မိုဒယ်နဲ့ ကားအခြေ အနေအပေါ်မူတည်ပြီး ကျပ်သိန်း ၁၅ဝ နဲ့ ၁၆ဝ ကြားမှာ ရှိပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here