ကျပ်သိန်း သုံးရာအောက်တွင် ရွေးချယ်စရာ ကားကောင်းရှားလာ၍ ဂျပန်ညာမောင်းကားများ အဝယ်အေးလာသည့် ကားစျေးကွက်

625

လာမည့်နှစ်မှစ၍ မော်တော်ယာဉ်အမည်ပေါက် မဖြစ်မနေ ဆောင်ရွက်ရမည် ဖြစ်သောကြောင့် ဂျပန်ညာမောင်းကားများတွင် အမြင့်ကားများ အဝယ် အေးနေသည်။ ထို့အတူ စျေးကွက်ထဲ၌ ကျပ်သိန်း သုံးရာအောက်တွင် ရွေးချယ်စရာ ကားကောင်းရှားသွား၍ ဂျပန် ညာမောင်းကားများ အဝယ် အေးသွားကာ စျေးသက်သက်သာဖြင့် ဝင်ရောက်လာသော SKD ကား များနှင့် ပြည်ပမှတင်သွင်းသည့် Brand New ကားများမှာ စျေးကွက် ဝေစု ပိုရလာသည်။ ဝင်ငွေခွန်နှုန်းထားများ ဖြေလျှော့ပေးပြီးနောက်တွင် အခွန်သက်သာမှုကြောင့် ကားတန်ဖိုးများ လျော့နည်းသွားခြင်းနှင့်အတူ သုံးနှစ်၊ ငါးနှစ်မှ ခုနစ်နှစ်အထိ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ခြင်းတို့ကြောင့် ကနဦးပေးသွင်းငွေ နည်းနည်းဖြင့် Brand New ကား ရွေးချယ်ဝယ်ယူမှု ပိုများလာသည်။ ၂ဝ၂ဝ ပြည့်နှစ်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ် သတ်မှတ်ချက်များအရ လူစီးကားများ တင်သွင်းရာတွင် ၂ဝ၁၇ မိုဒယ်နှင့်အထက် ဘယ်မောင်းကားများကိုသာ ခွင့်ပြုထားသဖြင့် ရွေးချယ် စရာ ကားနည်းသွားသလို မူရင်း ကားတန်ဖိုးများလည်း များသွားမည် ဖြစ်သည်။ လာမည့်နှစ်စပိုင်းတွင် ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူ အသုံး ပြုခွင့် YVQC စနစ်ကို စတင်ကျင့်သုံးမည်ဟု သတင်းများ ထွက်ပေါ်နေပြီး အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါက ဘယ်မောင်းကား တင်သွင်းမှုများ အားကောင်းလာနိုင်ဖွယ် ရှိနေသည်။

‘‘ညာမောင်းကားတွေထဲမှာ ကျပ်သိန်း နှစ်ရာဝန်းကျင် ၁၃ဝဝ စီစီ ကားတွေလောက်ပဲ အဝယ်ရှိပါတယ်၊ မိုဒယ်မြင့် ဘယ်မောင်းကားတွေနဲ့ အမြင့်ကားတွေကတော့ အရောင်းအဝယ် အေးသွားပါတယ်၊ နယ်အဝယ် လည်း ဆင်းပေမဲ့ ပြီးခဲ့တဲ့ လလောက်တော့ အရောင်းအဝယ် မကောင်း ပါဘူး၊ လာမယ့်နှစ်အတွက် ကားတင်သွင်းခွင့် မိုဒယ်သတ်မှတ်ချက် ကလည်း ထူးထူးခြားခြား မဟုတ်ဘဲ ပုံမှန်အတိုင်း Model Year တစ်နှစ်စီ ခုန်သွားတာဖြစ်လို့ စျေးကွက်အပေါ် သက်ရောက်မှုမရှိတာ တွေ့ရပါတယ်၊ ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့ SKD ကားတွေက တော့ ပုံမှန်အတိုင်း အရောင်းအဝယ် ဖြစ်ပါတယ်၊ အခုအချိန်မှာ အရစ်ကျ စနစ်နဲ့ ဝယ်ချင်တဲ့သူ များတဲ့အတွက် ညာမောင်းကားတွေထက်စာရင် SKD ကားတွေက ပိုပြီးရောင်းရပါတယ်’’ဟု ‘JPM ကားအရောင်းစင်တာ’မှ ကိုထိန်လင်းအောင်က ပြောသည်။

နံပါတ်ထွက်ပြီးသား ညာမောင်းကားများမှ Toyota Vitz ၂ဝ၁၁ မိုဒယ်ကို ကျပ် ၁၈၅ သိန်းဝန်းကျင်၊ Toyota Probox ၂ဝဝ၇၊ ၂ဝဝ၈ မိုဒယ်ကို ကျပ်သိန်း ၁၉ဝ ဝန်းကျင်၊ Honda Fit ၂ဝဝ၈ မိုဒယ်(မှန်မည်း)ကို ကျပ် ၁၉၅ သိန်းဝန်းကျင် စသည့်ကားများ အရောင်းအဝယ် ဖြစ် သည်။ Toyota Crown ၂ဝဝ၄ မိုဒယ်ကို ကျပ်သိန်း ၄၁ဝ ဝန်းကျင်၊ Honda CR-V ၂ဝဝ၆ မိုဒယ်ကို ကျပ်သိန်း ၄၂ဝ ဝန်းကျင်၊ Toyota Kluger ၂ဝဝ၆ မိုဒယ်ကို ကျပ်သိန်း ငါးရာဝန်းကျင်၊ Toyota Alphard ၂ဝဝ၄ မိုဒယ်ကို ကျပ်သိန်း ၄၅ဝ ဝန်းကျင်နှင့် Toyota Vanguard ၂ဝ၁ဝ မိုဒယ်ကို ကျပ်သိန်း ၆၅ဝ ဝန်းကျင်ရှိသည့် အမြင့်ကားများမှာ တစ်စီးစနှစ်စီးစသာ အရောင်းအဝယ် ဖြစ်ကြောင်းသိရသည်။

‘‘ဒီရက်ပိုင်းမှာ နယ်ရော ရန်ကုန်ပါ အဝယ်ဆင်းပါတယ်၊ ဘယ် မောင်းကားသစ်တွေ တော်တော်လေး အရောင်းအဝယ်ဖြစ်ပေမဲ့ ညာ မောင်းကားတွေကတော့ အဝယ်ပြန်အေးသွားပါတယ်၊ ကားဟောင်းနဲ့ ကားသစ် တွဲရောင်းတဲ့ Showroom တွေမှာ ကားဟောင်းချင်းယှဉ်ရင် တောင် အသစ်နဲ့ လဲစီးချင်လို့ ပြန်ထုတ်ကြပြီး SKD ကားတွေ ဝယ် ကြတာကိုလည်း တွေ့ရပါတယ်၊ ညာမောင်းကားဟောင်းတွေအပေါ်မှာ စိတ်ဝင်စားမှုနည်းလာပြီး အရောင်းအဝယ်ဖြစ်တဲ့ကားတွေမှာ ၊သုံးပုံ နှစ်ပုံ လောက်က ကားအသစ်တွေ ဖြစ်တာကို တွေ့ရပါတယ်၊ အဓိကကတော့ Down Payment နည်းနည်းနဲ့ အရစ်ကျစနစ်နဲ့ ဝယ်ချင်တဲ့သူတွေ များ လာတာလည်း ပါပါတယ်၊ ပြီးခဲ့တဲ့ CarsDB ပွဲမှာလည်း Brand အသီး သီးက ပရိုမိုးရှင်းတွေနဲ့ ရောင်းချတဲ့အခါမှာ တော်တော်လေးရောင်းရတာ ကို တွေ့ရပါတယ်၊ နောက်ပိုင်းမှာ ကားဟောင်းစျေးကွက်က ရှိနေဦးမှာ ဖြစ်ပေမဲ့ Brand New ကားတွေရဲ့ စျေးကွက်က ပိုကောင်းလာမယ်လို့ မြင်ပါတယ်’’ဟု ‘Matt Glory’ မှ ဒါရိုက်တာ ကိုသန့်စင်လင်းက ဆို သည်။

CarsDB Auto Show 2019 တွင် BAIC ၊ Borgward ၊ Chevrolet ၊ Ford ၊ GAC ၊ Gold AYA ၊ Hyundai ၊ Isuzu ၊ Jaguar ၊ Land Rover ၊ Mitsubishi ၊ Nissan ၊ Suzuki ၊ Toyota ၊ စသည့် Brand များ ဝင်ရောက်ပြသ ရောင်းချခဲ့ရာတွင် ကားအစီးရေ ၆၂ဝ ကျော် ရောင်း ချခဲ့ရကြောင်း သိရသည်။ ဝင်ငွေခွန်နှုန်းထားများ ဖြေလျှော့ပေးပြီးနောက် တွင် Brand New ကားများ၏ စျေးကွက်မှာ တဖြည်းဖြည်း ပိုပြီး အား ကောင်းလာသည်။ စျေးကွက်ဝယ်လိုအား ကောင်းလာခြင်းကြောင့် Chevrolet ၊ Borgward ၊ GAC ၊ Jetour စသည့် Brand များမှ အသစ်မိတ် ဆက်ရောင်းချမည့် ကားအမျိုးအစားသစ်များရှိသလို လာမည့်နှစ်တွင်လည်း SKD စနစ်ဖြင့် Toyota ၊ Borgward ၊ BAIC ၊ Haval ၊ Jetour တို့လည်း ဝင်ရောက်လာမည်ဖြစ်ရာ Brand New ကားစျေးကွက်တွင် ရွေးချယ်စရာ ပိုများသွားမည် ဖြစ်သည်။ အဝယ်အများစု၏ စိတ်ဝင်စားမှု လည်း ရရှိလာမည် ဖြစ်သည်။

‘‘တစ်ပိုင်တစ်နိုင် ဝယ်/ရောင်းတွေ အနေနဲ့ကတော့ လက်ထဲမှာ ကျန်နေတဲ့ကားတွေကို ထိန်းရောင်းနေကြပါတယ်၊ တချို့ငွေပေါ်ချင်တဲ့ သူတွေလောက်ပဲ စျေးချရောင်းကြပါတယ်၊ အမည်ပေါက်ပြောင်းရမယ် ဆိုတဲ့အတွက် နယ်လိုင်စင်ကားတွေကို နယ်အဝယ်တွေလောက်ပဲ ဝယ် ကြတာ တွေ့ရပါတယ်၊ ဖောက်စွပ်/ဖြတ်ဆက်တွေကို စလစ်ထုတ်ပေး လိုက်တဲ့အတွက် စလစ်စျေးကတော့ တော်တော်လေး ဆင်းသွားပါတယ်’’ဟု ကားဝယ်/ရောင်း ကိုဟန်ဝင်းအောင်က ပြောသည်။

ကားအရောင်းအဝယ်စျေးကွက်တွင် နှစ် နှစ်ဆယ် အမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ် ၁၁၅ သိန်းဝန်းကျင်နှင့် တိုက်ကြေစလစ် တစ်စောင်လျှင် ကျပ်သိန်း ကိုးဆယ်ဝန်းကျင်သာ ပေါက်ေစျးရှိေြကာင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here