ကျန်းမာရေးအတွက် နှာခေါင်းစည်း စည်းပါ

377

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာ ဗိုင်းရပ်စ်(ကိုဗစ်-၁၉)က ကမ္ဘာ့နိုင်ငံအနှံ့အပြားကို ကူးစက်ပြန့်ပွားလျက် ရှိ၏။ တရုတ်နိုင်ငံ အပါအဝင် တောင်ကိုရီးယား၊ ဂျပန်၊ အီတလီ၊ အီရန် နိုင်ငံတွေက ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် သေဆုံးမှုအများဆုံးနိုင်ငံ တွေ ဖြစ်နေခဲ့သည်။
ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ၅-၃-၂ဝ၂ဝ ရက်နေ့အထိ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်တွင် ရောဂါဖြစ်ပွားနေသည့် နိုင်ငံပေါင်း ၇၇ နိုင်ငံ၊ ဓာတ်ခွဲအတည်ပြု လူနာပေါင်း ၉၃,ဝ၉၈ ဦး၊ သေဆုံးသူပေါင်း ၆,၁၉၈ ဦး၊ သေဆုံးမှုရာခိုင်နှုန်း ၃ ဒသမ ၄ ရာခိုင်နှုန်း ရှိနေခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်အရ အနောက်ပစိဖိတ်ဒေသ တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်၊ စင်ကာပူ၊ သြစတြေးလျ၊ မလေးရှား၊ ဗီယက်နမ်၊ ဥရောပဒေသတွင် အီတလီ၊ ဂျာမနီ၊ ပြင်သစ်၊ စပိန်၊ အင်္ဂလန်၊ ခရိုအေးရှား၊ နော်ဝေ၊ ဆန်မာရီနို၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ ဂရိ၊ ဖင်လန်၊ ဒိန်းမတ်၊ ဆွီဒင်၊ အစ္စရေး၊ ရိုမေးနီးယား၊ အရှေ့တောင်အာရှ တွင် ထိုင်း၊ အင်ဒိုနီးရှား၊ အရှေ့အလယ်ပိုင်းဒေသတွင် အီရန်၊ ယူအေ အီး၊ လက်ဘနွန်၊ အမေရိကဒေသတွင် အမေရိကန်၊ ကနေဒါ၊ အီကွေ ဒေါ၊ အာဖရိကဒေသတွင် အယ်လ်ဂျီးရီးယားနိုင်ငံများ၌ ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများ အားလုံးတွင် အလွန်မြင့်မားသည့်အဆင့်အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့သည်။ အမေရိကန်နိုင်ငံကလည်း ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ဒေါ်လာ ၈ ဒသမ ၃ ဘီလျံ သုံးစွဲသွားမည်ဟု ကြေညာခဲ့သည်။
တရုတ်ဆေးသိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့က ကမ္ဘာတစ်ဝန်းဖြစ်ပွားလျက် ရှိသော ကိုရိုနာဗိုင်းရပ်စ်တွင် အဓိကပိုးအမျိုးအစား နှစ်မျိုးတွေ့ရပြီး ယင်းတို့အနက် တစ်မျိုးက ကူးစက်ပြန့်ပွားမှုမြန်ဆန် ကြောင်း၊ တရုတ်အမျိုးသားသိပ္ပံ ပြန်လည်သုံးသပ် ရေးဆိုင်ရာ မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါက မြန်မာနိုင်ငံသို့ ရောက်မလာသေးသော်လည်း အချိန်မရွေးရောက် လာနိုင်သည်လို့ သက်ဆိုင်ရာ တာဝန်ရှိသူများ
လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ် ရေး ဗဟိုအဆင့်အစည်းအဝေးကို နေ့စဉ်ပြုလုပ်ပြီး ထူးခြား အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သတင်းထုတ် ပြန် ပေးလျက် ရှိသည်။
သတင်းထုတ်ပြန်ရာတွင်လည်း မီဒီယာများနှင့် တွေ့ ဆုံ၍ အခြေအနေအမှန်၊ သတင်းအမှန်ကို ထုတ်ပြန်ပေး လျက်ရှိပြီး ကောလာဟလ သတင်းအမှားများကို ပြည်သူများ မယုံကြည်မိဖို့ လိုအပ်သည်။
“ဆရာချစ်”
“ချွန်ရှုပ်”
“ဘာတွေ ဖတ်နေတာလဲ”
“သတင်းစာတွေ ဖတ်နေတာလေ၊ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ အကြောင်းလေးတွေ စိတ်ဝင် စားလို့ ဖတ်နေတာ”
“ကျွန်တော်လည်း စိတ်ဝင်စားတယ်”
ချွန်ရှုပ်အိမ်ပေါ်တက်ပြီး ကျွန်တော့်ရှေ့တွင် ဝင်ထိုင်သည်။
“စိတ်ဝင်စားဖို့ ကောင်းတာတော့ အမှန်ပဲ၊ အချိန်တိုအတွင်းမှာ တစ်ကမ္ဘာလုံးနီးပါး ကူးစက် ပြန့်ပွားသွားတာ ကြောက်ဖို့ကောင်းတယ်”
“ကူးစက်မြန်လို့ တချို့နိုင်ငံတွေမှာ စက်ရုံတွေ၊ အလုပ်ရုံတွေ၊ ကျောင်းတွေပိတ်ထားရပြီး WHO ကလည်း လူစုလူဝေးနဲ့ ကျင်းပပြုလုပ်ရတဲ့ ပွဲလမ်းသဘင်တွေ၊ အခမ်း အနားတွေ လျှော့ချဖို့ တိုက်တွန်းထားတယ်”
“ဟုတ်တယ်လေ၊ ဒီရောဂါက လူအချင်းချင်း ကူးတာဆိုတော့ လူစုလူဝေးနဲ့ကူးရင် ထိန်းချုပ်ရ အကုန်ခက်ကုန်မှာ”
“အခု ကျွန်တော်တို့ဆီမှာလည်း လူစုလူဝေးနဲ့ပြုလုပ်ရမယ့် ပွဲလမ်း သဘင်တွေ၊ အခမ်းအနားတွေ နောက်ဆုတ်ထားရပြီ”
“ဟုတ်တယ်၊ ၇၅ နှစ်မြောက် တပ်မတော်နေ့ စိန်ရတုအခမ်းအနား ကို နောက်ဆုတ်ထားလိုက်ပြီ”
“ချင်းတွင်းသင်္ကြန်လည်း ဒီနှစ်မလုပ်ဖြစ်တော့ဘူး ဆရာချစ်ရဲ့၊ ချင်းတွင်းသင်္ကြန်ကို ၂ဝ၁၈-၂ဝ၁၉ ခုနှစ်တွေမှာ စည်စည်ကားကား၊ အောင်အောင်မြင်မြင် ပြုလုပ်ခဲ့ကြတယ်၊ သဲပန်းပုပွဲက တော်တော်လေး နာမည်ကြီးသွားတယ်၊ ဒီနှစ်တော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မလုပ်ကြ တော့ဘူး”
“အောင်မြင်နေတဲ့ အရှိန်အဟုန်တစ်ခု ရပ်တန့်သလိုဖြစ်သွားတာ တော့ စိတ်မကောင်းဘူး၊ စိတ်မကောင်းပေမဲ့ ဒီလိုလုပ်မှ ဖြစ်မှာဆိုတော့ လည်း . . .”
“ချင်းတွင်းသင်္ကြန် မလုပ်ဖြစ်ရုံ မကဘူး၊ အနုပညာချစ်သူတွေ၊ အနုပညာရှင်ပရိသတ်တွေ မျှော်လင့်နေတဲ့ အကယ်ဒမီပေးပွဲနဲ့ Star Award ပေးပွဲတွေလည်း နောက်ဆုတ်ထားရပြီ၊ အကယ်ဒမီပေးပွဲကို သင်္ကြန်ပြီးမှ လုပ်မယ်လို့ ကြေညာထားတယ်၊ စကားမစပ် ဆုကတော့ ရမရတောင် မသတ်မှတ်နိုင်တဲ့အခြေအနေ ဖြစ်သွားတယ်”
“အဲဒီထက်ပိုဆိုးတဲ့ ပြသနာက စက်ရုံတွေပိတ်လိုက်ရလို့ အလုပ် သမားတွေ အလုပ်လက်မဲ့ဖြစ်မယ့် ပြသနာပဲ၊ စက်ရုံ၊ အလုပ်ရုံတွေ ကုန်ကြမ်းမရလို့ လည်ပတ်လို့မ၇တော့ဘူး၊ စက်ရုံတွေ ပိတ်လိုက်ရတယ်၊ စက်ရုံတွေ ပိတ်ရတော့ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ကုန်ရော”
“အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ကုန်တာ ဝမ်းနည်းဖို့ကောင်း ပါတယ်၊ သူတို့ကို မီှခိုစားသောက်နေကြရတဲ့ မိသားစုဝင်တွေရဲ့ စားဝတ် နေရေးပါ ထိခိုက်သွားနိုင်တယ်”
“အလုပ်မရှိလို့ စားစရာမရှိရင် ဒုစရိုက်မှုတွေ ခေါင်းထောင်လာမှာ ကိုလည်း စိုးရိမ်စရာပဲ”
“အတတ်နိုင်ဆုံး ကိုယ်ကျင့်သီလထိန်းသိမ်းဖို့ လိုကြလိမ့်မယ်”
“ကိုရိုနာဗိုင်းရပ်စ်ပိုး နိုင်ငံထဲဝင်လာမှာစိုးလို့ နယ်စပ်တွေမှာရော၊ လေယာဉ်ကွင်းတွေ၊ ကားဂိတ်၊ ရထား၊ သငေ်္ဘာဆိပ်တွေမှာပါ စစ်တော့ စစ်နေကြတယ်လေ၊ သံသယလူနာတွေ့ရင် လုပ်သင့်တာလုပ်၊ စစ်သင့် တာစစ်နေကြလို့ တော်သေးတယ်”
“ဒီအတိုင်းဆို ဒီနှစ်သင်္ကြန်ရော စည်ပါ့မလား”
“အင်း သင်္ကြန်က တစ်လကျော်ပဲ လိုတော့တာ၊ ကံသေကံမ ပြော လို့တော့ မရသေးဘူး၊ ရောဂါလက္ခဏာအခြေအနေ ဒီထက်ဆိုးရွားမလာ ရင်တော့ သင်္ကြန်စည်မှာပါ၊ ရောဂါအခြေအနေ ဒီထက်ဆိုးလာရင်တော့ လည်း လူစုလူဝေးပွဲဖြစ်လို့ ရှောင်ရှားသင့် ရှောင်ရှားရလိမ့်မယ်”
“သင်္ကြန်ဆိုတာက ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ နှစ်သစ်ကူး ပွဲတော်ပဲ၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပျက်ရတယ်ဆိုရင် တကယ်ဝမ်းနည်း ဖို့ကောင်းတယ်”
“ပြောလို့တော့ မရပါဘူး၊ အချိန်က တစ်လကျော် လိုသေးတယ်၊ အခုတောင် မြန်မာနိုင်ငံကို ဝင်လာတာမရှိသေးဘူးဆိုတော့ ဝင်မလာခင်၊ သင်္ကြန်မတိုင်ခင် ဗိုင်းရပ်စ်ပိုးတွေ ပျောက်ရင် ပျောက်သွားမှာ”
“ပျောက်ပါစေလို့ ဆုတောင်းပါတယ်၊ မြန်မာပြည်သူပြည်သားတွေ ကျန်းမာစေချင်တယ်၊ ကမ္ဘာသူ၊ ကမ္ဘာသားတွေလည်း ကျန်းမာစေချင် တယ်၊ ဘယ်သူမှ ကိုရိုနာဗိုင်းရပ်စ်ရောဂါ မခံစားစေချင်ဘူး”
“အဲဒီလို မခံစားရဖို့က တစ်ဦးချင်းစီရဲ့ အသိတရားရှိနေဖို့လိုတယ်”
“ဆရာချစ်ပြောတာ ကျွန်တော် နားမလည်ဘူး”
“ဒီလိုလေကွာ၊ မိမိကျန်းမာရေးကို မိမိ စတင်စောင့်ရှောက်ဖို့လို တယ်၊ မိမိကိုယ်တိုင်က ကျန်းမာရေးမကောင်းရင် သူတစ်ပါးတွေကို ဆင့်ပွား စောင့်ရှောက်နိုင်ဖို့ဆိုတာ မလွယ်ဘူး”
“ဟုတ်ကဲ့”
“ဥပမာ- ရောဂါအလွယ်တကူ ရောက်မလာနိုင်အောင် နှာခေါင်းစည်းနဲ့ ပါးစပ်မှာ စည်းထားရမယ်၊ အဲဒီလိုစည်း ထားတော့ အပြင်ဘက်က ရောဂါပိုးမွားတွေလည်း ကိုယ့်ဆီ ကို အလွယ်တကူမဝင်နိုင်ဘူး၊ ကိုယ့်ဆီမှာ ရောဂါရှိနေရင် လည်း တခြားသူဆီ အလွယ်တကူ မရောက်နိုင်ဘူးပေါ့၊ အဲဒါတွေက ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်လုပ်ရမှာ”
“ဟုတ်ကဲ့”
“အထူးသဖြင့် ကားမှတ်တိုင်တွေ၊သင်္ဘောဆိပ်တွေ၊ မီးရထားဘူတာရုံတွေမှာဆိုရင် ပိုလိုအပ်တယ်၊ ဒီနေရာတွေက လူပေါင်းစုံ၊ ခရီးသည်ပေါင်းစုံ ဥဒဟို သွားလာနေကြတာ”
“ဟုတ်တယ်နော် ဆရာချစ်၊ အဲဒီနေရာ တွေမှာ နှာခေါင်းစည်းတွေ မဖြစ်မနေ စည်းဖို့ လိုအပ်တယ်၊ ခုတော့ကြည့်လိုက်ရင် ခရီးသည် ၁၅ ယောက်မှာ နှစ်ယောက်တောင် မစည်းကြ ဘူး၊ ကျန်းမာရေးအတွက် ထိန်းသိမ်းစောင့်ရှောက် မှု အားနည်းနေတယ်”
“ကိုယ်တိုင် တစ်ပိုင်တစ်နိုင် ကျန်းမာရေးစောင့် ရှောက်မှ ကိုယ့်အတွက် လုံခြုံသလို သူတစ်ပါးအတွက် လည်း လုံခြုံပြီးသားဖြစ်မှာ”
“တစ်ခုတော့ရှိတယ် ဆရာချစ်ရဲ့”
“ဘာတစ်ခုလဲ”
“အတ္တနဲ့လောဘကို လျှော့ဖို့”
“ဘာဆိုင်လို့လဲ”
“ဆိုင်တယ် ဆရာချစ်ရဲ့၊ တချို့လူတွေက ပွဲလန့် တုန်း ဖျာခင်းချင်ကြတယ်၊ မက်စ်တွေက အစကတစ်ခု ငါးဆယ်၊ အခု သုံးဆယ်ဆိုရင် ၁,၅ဝဝ ပဲကျတယ်၊ အခု တချို့နေရာ တွေမှာ သုံးဆယ်ပါတစ်ဘူးကို တစ်သောင်းခွဲအထိ စျေးတင်ရောင်းကြ တာတွေလည်း ရှိနေတယ်”
“အင်း ဒါတော့ မကောင်းဘူးပေါ့ကွာ၊ ဖြစ်လည်းမဖြစ်သင့်ဘူး၊ ဒုက္ခ ရောက်နေကြချိန်မှာ တစ်ဦးနဲ့တစ်ဦး ဖေးဖေးမမ ကူညီရမယ့်အစား ရရင် ရသလို လုပ်စားတာတွေကတော့ မကောင်းဘူး”
“ဝိသမစိတ်နဲ့ အတ္တသမားတွေပါ၊ ဒီလိုလူတွေကိုတော့ ရှုတ်ချချင် တယ်၊ အဲ… မက်စ်တွေ အခမဲ့လိုက်ဝေနေတဲ့ အဖွဲ့တွေ၊ လူတွေလည်း ရှိတယ်၊ အဲဒီလူတွေရဲ့ လုပ်ရပ်ကိုတော့ သာဓုခေါ်တယ်”
“နောက်တစ်ခုက ကားမှတ်တိုင်တွေ၊ ဘူတာရုံတွေ၊ သင်္ဘောဆိပ်တွေမှာ ကြော်ငြာစာတွေ ထင်ထင်ရှားရှား ကြော်ငြာထားစေချင်တယ်”
“ဘာကြော်ငြာမှာလဲ”
“ကျန်းမာရေးအတွက် နှာခေါင်းစည်း စည်းပါလို့”
“အင်း မဆိုးဘူး၊ သတိပေးပြီးသားဖြစ်တာပေါ့”
နှစ်ယောက်သား စကားပြတ်သွားသည်။ ချွန်ရှုပ်ပြောသလို ကား မှတ်တိုင်တွေ၊ မီးရထားဘူတာရုံတွေ၊ သင်္ဘောဆိပ်တွေမှာ ကျန်းမာရေး အတွက် နှာေခါင်းစည်း စည်းပါဆိုတဲ့ စာတန်းေတွရှိလာခဲ့လျှင် ေကာင်း ပေစှဟု တှေးမိနေ၏။

LEAVE A REPLY

Please enter your comment!
Please enter your name here